အုပ်ချုပ်ရေးမှူးကို သတ်ရန် ရတနာပုံယူနိုက်တက် အသင်းခေါင်းဆောင် စေခိုင်းဟု စစ်ကောင်စီ ထုတ်ပြန်

အုပ်ချုပ်ရေးမှူးကို သတ်ရန် ရတနာပုံယူနိုက်တက် အသင်းခေါင်းဆောင် စေခိုင်းဟု စစ်ကောင်စီ ထုတ်ပြန်

မဇ္စျိမ ၊ဩဂုတ် ၂၂

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်း၀န်းကျင် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပစ်သတ်ရန် ရတနာပုံယူနိုက်တက် ဘောလုံးအသင်းခေါင်းဆောင်က နောက်ကွယ်မှ စေခိုင်းခြင်းဖြစ်ကြောင်း ယနေ့ရက်စွဲဖြင့် ထုတ်ဝေသည့် စစ်ကောင်စီထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

ဩဂုတ် ၁၈ရက် နံနက် ၁၁ နာရီခန့်က ချမ်းမြသာစည်မြို့နယ် ၇၂ လမ်း၊ ၂၉ လမ်းနှင့် လမ်း ၃၀ ကြားရှိ ပတ်ကုန်း၀န်းကျင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ၀င်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ယင်းပစ်ခတ်မှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေထွန်း(အသက် ၄၆ နှစ်)သည်ပွဲချင်းပြီးသေ ဆုံးသွားခဲ့သည်။

ယင်းဖြစ်စဉ်တွင် ရတနာပုံ ယူနိုက်တက်ဘောလုံးအသင်းခေါင်းဆောင် ၀င်းနိုင်စိုး(ခ)ပီချေးက လုပ်ကြံသတ်ဖြတ်ရန် စေခိုင်းသည်ဟု ဖမ်းဆီးခံရသူများက ထွက်ဆိုကြကြောင်း စစ်ကောင်စီ၏ သတင်းစာတွင် ပါရှိပြီး အဆိုပါ အသင်းခေါင်းဆောင်မှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်သူဟု စစ်ကောင်စီက သတ်မှတ်ထားသည့် ကိုအောင်မျိုးကျော်(ခ) သားကြီး(အသက် ၃၃ နှစ်)နှင့် ဆိုင်ကယ်မောင်းသူ ကိုခန့်စည်သူ(ခ)မာရှယ်(အသက် ၂၁ နှစ်)တို့ကို ချမ်းမြသာစည်မြို့နယ်၊ ၄၆ လမ်းနဲ့ ၁၀၅(အေ) လမ်းထောင့်ရှိ တည်းခိုခန်းတစ်ခုတွင် ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ယင်းအပြင် စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ဦးအောင်ဆွေထွန်း၏ သွားလာလှုပ်ရှားမှုကို စောင့်ကြည့်ပေးသူ ဇင်မင်းပိုင်(အသက် ၂၈ နှစ်)၊ သေနတ်ကိုဝှက်ထားပေးသူ ဒေါ်ယဉ်မျိုးသီ(အသက် ၅၀ နှစ်)၊ ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် ဆိုင်ကယ်ဝှက်ထား ပေးသူ ကိုအောင်မြင့်မြတ်ဖြိုး(အသက် ၂၃ နှစ်) နှင့် ဖြစ်စဉ်တွင် ပါ၀င်သူများကို တိမ်းရှောင်ရန်စီစဉ်ပေးသည့် သူရိန်ထွန်း(ခ)ဘယ်ကျော်(အသက် ၃၆ နှစ်)တို့ကို ဖမ်းဆီးထားကြောင်း ဖော်ပြထားသည်။

ယင်းအပြင် အခင်းဖြစ်စဉ်၌ အသုံးပြုခဲ့သည့် SIG SAUER 9mm ပစ္စတိုသေနတ်တစ်လက်၊ ကျည် ၂၇ တောင့်၊ ကျည်အိမ်နှစ်ခု၊ ဆိုင်ကယ်တစ်စီး၊ ဒီတိုနေတာနှင့် ဆန္ဒပြရာတွင်အသုံးပြု​သော ပစ္စည်းများကိုလည်း သိမ်းဆည်းရမိကြောင်း စစ်ကောင်စီ၏ သတင်းစာတွင် ဖော်ပြထားသည်။

Credit – Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*