၄၄ လမ်း ဖြစ်စဉ်တွင် ခုန်ချ ဒဏ်ရာရသူ ရဲမင်းဦးကို စစ်ကြောရေးသို့ပို့

၄၄ လမ်း ဖြစ်စဉ်တွင် ခုန်ချ ဒဏ်ရာရသူ ရဲမင်းဦးကို စစ်ကြောရေးသို့ပို့

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြမ်းဖက်စီးနင်းခဲ့သည့် ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်း ဖြစ်စဉ် အတွင်း တိုက်ပေါ်မှကျသည့် ဒဏ်ဖြင့် မင်္ဂလာဒုံ စစ်ဆေးရုံ (ကုတင် ၁၀၀၀)၌ ကုသမှုခံယူနေရသူ ကိုရဲမင်းဦး(ခ)ရဲကြီးကို ၁၀ ရက် အကြာ ယမန်နေ့ (ဩဂုတ် ၁၉) တွင် စစ်ကြောရေးသို့ ပို့ဆောင်လိုက်သည်။

အသက် ၂၇ နှစ်အရွယ် ကိုရဲမင်းဦးကို ဩဂုတ် ၁၈ မွန်းလွဲပိုင်းတွင် စစ်ဆေးရုံမှ ဗိုလ်တထောင်ရဲစခန်းသို့ ပို့ကာ ရမန် (ချုပ်နှောင်ခွင့်) ယူပြီးနောက် ယနေ့ ညနေ ၆ နာရီခွဲတွင် ရွှေပြည်သာရှိ စစ်ကြောရေးစခန်းသို့ ခေါ်ဆောင် သွားကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။

“ကျန်းမာရေး ကောင်းတယ်။ ခြေထောက်ကတော့ လမ်းလျှောက်ရာမှာ အခက်အခဲရှိတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။ 

ကိုရဲမင်းဦးရှိနေသည့် ၄၄ လမ်း တိုက်ခန်းတစ်ခုကို စစ်ကောင်စီ ဝင်စီးသည့် ဩဂုတ် ၁၀ ရက် ဖြစ်စဉ် အတွင်း ခုန်ချခဲ့၍ ဦးခေါင်းထိခိုက်သည်ဟု ကြားသိရသော်လည်း ကာယကံရှင်နှင့် လူချင်းတွေ့ခွင့်ကို စစ်ကောင်စီက မပေး၍ ဒဏ်ရာအခြေအနေ အသေးစိတ်ကို မသိရဟု ထိုသူက ဆက်ပြောသည်။

မင်္ဂလာဒုံ စစ်ဆေးရုံ တာဝန်ကျ အရာရှိတစ်ဦးကလည်း ကိုရဲမင်းဦး၏ အခြေအနေ အတိအကျကို အတည်မပြုပေးနိုင်သော်လည်း ကျန်းမာရေးကောင်းမွန်ပြီဖြစ်၍ ဆေးရုံဆင်းခွင့်ရတော့မည်ကို လွန်ခဲ့သည့် နှစ်ရက် ဩဂုတ် ၁၇ ကတည်းက သိရှိထားကြောင်း ပြောသည်။

စစ်ကောင်စီက အကြမ်းဖက်စီးနင်းစဉ်   အတူ ခုန်ချ ခဲ့သည့် မဝေဝေမြင့် နှင့် ကိုဝေဇော်ထက်တို့မှာမူ သေဆုံးခဲ့ရသည်။ အဆိုပါ ဖြစ်စဉ်တွင် အမိုးပေါ်တက်၍ ပုန်းခို နိုင်ခဲ့သည့် ကိုကောင်းမင်းသန့်တစ်ဦးသာ ကံကောင်းထောက်မစွာ အသက်ဘေးနှင့် စစ်ကောင်စီ၏ အန္တရာယ်မှလွတ်မြောက်ခဲ့သည်။

Myanmar Now

Be the first to comment

Leave a Reply

Your email address will not be published.


*