2021 နွေဦးရာသီမြင်ကွင်းများ (၆၃) အပိုင်း ၂

2021 နွေဦးရာသီမြင်ကွင်းများ (၆၃) အပိုင်း ၂
(နှစ်တိုင်းလည်း မမြုပ် ပစ်တိုင်းလည်း မပြို)

ပစ်တိုင်းလည်း မပြိုတာကတော့ လိုင်ဇာမြို့ကလေးပါပဲ။
သမီးရည်းစားချင်းစိတ်ကောက်ရင်၊ နှုတ်ခမ်းကြီးစူပြီး ဘာအပြစ်မှမရှိတဲ့ လက်ကိုင်ပုဝါကို လိမ်ညှစ်ပစ်နေတတ်သလို၊ လင်မယားချင်း ရန်ဖြစ်ရင် ခြေတောက်တွေဆောင့် အိုးခွက်တွေဆောင့်ချပစ်နေတတ်သလိုမျိုး၊ စစ်တပ်ဟာ သူစိတ်အဆင်မပြေ တိုင်း (တစ်နေရာရာက သူ့တပ် တစ်တပ်တပ် ဝင်အဆောင့်ခံရတိုင်း) လိုင်ဇာဆီကို လက်နက်ကြီးနဲ့ လှမ်းလှမ်းထုလေ့ရှိပါတယ်။

မြေပုံပေါ်မှာ ကြည့်လိုက်ပါ။ လိုင်ဇာနဲ့အနီးဆုံးက တောင်ကုန်းသုံးကုန်းက စခန်းတွေမှာ လက်နက်ကြီး အထိုင်ချထားတာတွေ့ပါလိမ့်မယ်။ အနီရောင်နဲ့ ဝိုင်းပြထားတဲ့ Hka Ra Bum(ခါရာဘွမ်) , Hpun Pyen Bum(ဖွန်ပြန်ဘွမ်) , Hang Kai Bum (ဟမ်ကိုင်ဘွမ်) နေရာတွေပါ။ ၂၀၁၆ ဒီဇင်ဘာတုန်းက ပစ်ခဲ့တဲ့၊ ဘွမ်မရယ်ဘွမ် ၊ ဘွန်ခရာဘွမ် ၊ ဘွမ်ဆွမ်ဘွမ်တွေကိုတော့ ဒီပုံမှာ မှတ်တမ်းမတင်ထားနိုင်သေးပါဘူး။

နှစ်များစွာ အထိုင်ချထားပြီးသား တပ်စခန်းတွေမို့ လက်နက်ကြီးပစ်မှတ် မှတ်ပုံတင်တွေလည်း အသေအချာလုပ်ထားပြီးဖြစ်ပါလိမ့်မယ်။ ကြယ်ပွင့်လေးတွေ ၊ တြိဂံလေးတွေကတော့ စစ်တပ်ပို့စ်လေးတွေပါ။ ဘယ်ဘက်က ထိုင်ထားတဲ့ တပ်စခန်းတွေလဲ ဆိုတာတော့ အမေရိကန် စစ်သုံးဂြိုလ်တုက ပုံရိပ်တွေကို ယူမကြည့်နိုင်တာမို့ တိတိကျကျ မပြောနိုင်။ ကတုတ်ကျင်းတွေ ၊ လိုက်ကျင်းပတ်လည်တွေ ရေးရေးမြင်ရင်ပဲ ဒါ ပို့စ်တွေပဲလို့ မှန်းရတာပါပဲ။ ပွိုင့် ၁၀၁၂ မှာလည်း စကစ ကနေရာယူထားတယ်ထင်ပါတယ်။ စခန်းနေရာတွေ့ရပါတယ်။

၂၀၁၂၊၂၀၁၃ တုန်းက လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့ဖြစ်စဉ်မှာ လူနေရပ်ကွက်တွေထဲ ကျည်ကျလို့ ပျက်စီး၊ ထိခိုက်ဒဏ်ရာရဖူးတယ်လို့ အမှတ်ရနေပါတယ်။ အဲ့ဒီနောက် အထင်ရှားဆုံးဖြစ်စဉ်ကတော့ ၂၀၁၄ နိုဝင်ဘာ ၁၈မှာ လက်နက်ကြီးနဲ့ လှမ်းပစ်လို့ KIA ဗိုလ်လောင်း ၂၀၊ ABSDF မြောက်ပိုင်းတပ်က ၂ယောက်ကျဆုံးပြီး ၁၅ယောက် ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်ပါ။ အဲ့ဒီတုန်းကလည်း ခါရာဘွမ် ပို့စ်က လှမ်းပစ်တာပါပဲ။ ၂၀၁၃ ဇန်နဝါရီကလည်း ၆လုံးလှမ်းပစ်တာ တရုတ်ပြည်ထဲ ၂လုံးကျသွားခဲ့ဖူးပါတယ်။ ခုနောက်ပိုင်းလည်း ထစ်ကနဲဖြစ် ထထ ပစ်နေတာပါပဲ။ ဒါပေမယ့် ထူးဆန်းတာက လိုင်ဇာမြို့ထဲ တိုက်ရိုက်ကျကွဲတဲ့ ဖြစ်စဉ်မရှိတော့တာပါ။ သူ့လက်နက်ကြီးတွေ မမီလို့တော့ မဟုတ်ပါဘူး။

မီလွန်းလို့ပဲ မြို့ကိုကျော်ပြီး တရုတ်ပြည်ထဲ ထိ ကျကျ နေတတ်သေးတာပဲ။ မြို့မရောက်ခင် တောင်ကုန်းတွေဆီမှာပဲ ကျကွဲနေတာ တွေ့ရပါတယ်။ နောက်ကွယ်မှာ ဘာရည်ရွယ်ချက်လည်းတော့ မမှန်းတတ်ပါ။ ငါတို့ လိုင်ဇာကို တက်သိမ်းလို့ ရပြီးရင် မြို့လှလှလေး အကောင်းတိုင်းကျန်နေအောင်လို့များ စိတ်ကူးထားကြလေရော့သလား။ ခုတော့ လက်နက်ကြီးတွေနဲ့ ပစ်ဖြိုနေပေမယ့် လိုင်ဇာမြို့ကလေးကတော့ နုပျိုနေဆဲပါပဲ။ မြို့ကလေးက ဖြိုသော် မပြိုလို့များ ကြွေးကြော်နေသေးသလား မသိပါ။

KIA ဘက် ပြန်ပစ်တယ်လို့တော့ သတင်းတွေမှာ များများ စားစား မတွေ့ရပါဘူး။ မရှိလို့လားဆိုတော့ ဘယ်ဟုတ်မလဲ။ ဗကပ ခေတ်ကတည်းက သူတို့ရထားတဲ့ ၁၂၀မမ တွေရှိတာပေါ့။ ပြန်ပစ်ရင် ရောက်တာပေါ့။ ဒီဘက်ခေတ်မှာဆို ဒီ့ထက်ကောင်းတာတွေတောင် ရှိနေလောက်ပါတယ်။ စစ်မြေပြင်မှာ တောင်ကုန်းသိမ်းတိုက်ပွဲတွေမှာ သုံးတာပဲတွေ့ပါတယ်။ သူတစ်တောင့်ပြန်ပစ်တိုင်း ငါတစ်တောင့်ပြန်ပစ်မယ်ဆိုတဲ့ ကလေးအထာမျိုးတော့ မတွေ့ရပါ။

ဒါဖြင့် စကစက လိုင်ဇာကို မသိမ်းနိုင်ဘူးလား၊ လိုင်ဇာကို မရနိုင်ဘူးလားဆိုတဲ့ အမေးရှိလာနိုင်ပါတယ်။ အဖြေကတော့ ရချင်လည်းရသွားနိုင်တာပေါ့။ ဒါပေမယ့် လွယ်လွယ်နဲ့တော့ မရဘူးဆိုတာ ဖြစ်ပါလိမ့်မယ်။
KIA က ဗိုလ်ချုပ်ဂွမ်မော် ပြုံးစိစိနဲ့ ဖြေထားတာလေးရှိပါတယ်။ လိုင်ဇာကိုလိုချင်ရင် လာသိမ်းသွားပေါ့။ လိုင်ဇာမရှိတော့ရင် KIA ဌာနချုပ်ဟာ ၊ ရန်ကုန်လည်း ဖြစ်သွားနိုင်တယ်။ မန္တလေးလည်း ဖြစ်သွားနိုင်တယ်တဲ့။ သူ ခပ်လှောင်လှောင်လေးပြောလိုက်တာ ဖြစ်နိုင်သလို လက်ရှိနိုင်ငံရေးအခြေအနေအပြောင်းအလဲပေါ်မှာ ယုံယုံကြည်ကြည်ကြီးပြောလိုက်တာလည်းဖြစ်နိုင်ပါတယ်။ ဟုတ်ပါတယ်။

နိုင်ငံရေးအမြင်အယူတွေဟာ တကယ်ကို ရွေ့ခဲ့ပါပြီ။ အရင်က မြို့ပြလူထုစိတ်ထဲမှာ KIA ဟာ သူ့လူမျိုး၊ သူ့ပြည်နယ်အကျိုးအတွက် သက်သက်ပဲ လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့ပဲလို့သာ မြင်တာပါ။ ခုတော့ မဟုတ်တော့ဘူး။ KIA ဟာ စစ်အာဏာရှင်ရဲ့ အနိုင်ကျင့်ညှင်းပမ်းမှုကို ခံနေရတဲ့ တစ်ပြည်လုံးသော ပြည်သူတွေဘက်က ရပ်တည်နေသော ကူညီနေသော လက်နက်ကိုင်အဖွဲ့လို့ ပြောင်းမြင်သွားကြပါပြီ။ တိုက်ပွဲသတင်းတွေ၊ ဆောင်းပါးတွေအောက်က comment တွေကို ဝင်ဖတ်ရင် ဒီအရွေ့ကို သိသိသာသာ မြင်တွေ့ရမှာပါ။

နွေဦးတော်လှန်ရေးဖြစ်စဉ်နောက်မှာ KIA က ပံ့ပိုးကူညီ သင်တန်းပေးထားတဲ့ PDF ကျောင်းသားလူငယ် ၃၀၀၀ ကျော်ရှိတယ်လို့၊ ကိုထွန်းအောင်ကျော် (ABSDF ဥက္ကဌဟောင်း) ရေးတဲ့ ဆောင်းပါးတစ်ပုဒ်မှာတွေ့လိုက်ပါတယ်။ ခုတော့ အားလုံးဟာ လိုင်ဇာဝန်းကျင် မှာပဲ စုပြုံနေကြပုံမရပါဘူး။ တိုက်ပွဲဖြစ်စဉ်တွေဖြစ်ခဲ့တဲ့၊ ဝိုင်းမော်ဘက်၊ ဖားကန့်ဘက်၊ ရွှေကူ ကသာဘက်၊ ကောလင်းဝန်သိုဘက်မှာ သူတို့ပါဝင်နေတဲ့ သတင်းတွေ ပေါ်နေတာပဲ။ တာဝန်ထမ်းဆောင်နေကြပြီ ထင်ပါတယ်။

ကေအိုင်အေရဲ့ ဗျူဟာကလည်း လိုင်ဇာကို ကိုင်ထားပြီး ခံစစ်သေနဲ့ ကစားလိမ့်မယ် မထင်ပါ။ အရင်နဲ့ မတူတဲ့လက်နက်အင်အား၊ လူသူအင်အား ရှိနေပြီပဲ။ အဆင့်မြင့်လက်နက်တွေမဟုတ်တောင် သာမာန် တိုက်ပွဲဝင် လက်နက်ခဲယမ်းကို ကိုယ်တိုင်ထုတ်လုပ် နိုင်နေပြီပဲ။ သူ့ကိုကူညီမယ့် သူနဲ့ လက်တွဲလုပ်ဆောင်မယ့် ညှိနှိုင်းသဘောတူမှုရပြီးသား အင်အားတွေရှိနေပြီပဲ။ သက်ရှိအားကို အမှည့်ချွေ ချွေမယ့် လှုပ်ရှားစစ်နည်းလမ်းကိုသာ ရွေးချယ်လိမ့်မယ်ထင်ပါတယ်။
တစ်ပြည်လုံးအနှံ့ စစ်ရိပ်စစ်ငွေ့သမ်းနေတဲ့ ခုလိုခါမျိုးမှာ တစ်နေရာတည်းကို ပုံအော တိုက်ပွဲဖေါ်ဖို့ ဆိုတာ တော်တော် ခက်ပါလိမ့်မယ်။ ဖေါ်ရင်လည်း ကိုယ်ပြန်ရနိုင်မယ့်အကျိုးထက် ဆုံးရှုံးမှုက ပိုကြီးလိမ့်မယ်ထင်ပါတယ်။
အဲ့လို အခြေအနေအောက်မှာတော့ ပစ်တိုင်း မပြိုတဲ့ လိုင်ဇာကတော့ ဆက်လက်နုပျိုနေနိုင်ဦးမှာပါပဲ။

ပြည်သူအပေါင်း ဘေးရန်ကင်းကွာ ကျန်းမာကြပါစေ။

မှတ်ချက်။ ။ လည်ပင်းက တော်တော်နာနေလို့ ရှည်ရှည်မရေးနိုင်ဘူး။ မျှော်နေတယ်ဆိုတဲ့ ကိုကိုတွေအတွက်၊ တိုတိုပဲ ရေးတင်လိုက်တယ်။ တကယ်ဆို မြေပုံပေါ်မှာ လိုင်ဇာကို စိတ်ကူးနဲ့ ခံစစ် ဆင်ကြည့်ချင်သေးတာ။

Crd :Nyein Aye Eain

Be the first to comment

Leave a Reply

Your email address will not be published.


*