KNU တပ်မဟာ ၅နယ်မြေတွင် စစ်ကောင်စီ၊ BGF ပူးပေါင်းအဖွဲ့နှင့် KNLAတို့ ယမန်နေ့တွင် တိုက်ပွဲ ၆ကြိမ်ဖြစ်၊ စစ်ကောင်စီဘက်မှ ၁၅ဦး သေဆုံး

KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီ၊ BGF ပူးပေါင်းအဖွဲ့နှင့် KNLA တို့ ယမန်နေ့တွင် တိုက်ပွဲ ၆ ကြိမ်ဖြစ်၊ စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံး

 

ရန်ကုန်၊ သြဂုတ် ၂၈

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတြော်) တွင် ထိုးစစ်ဆင်ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီ၊ ကရင်နယ်ခြားစောင့် ပူးပေါင်းတပ်ဖွဲ့များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့များအကြား သြဂုတ်လ ၂၇ ရက် ယမန်နေ့တွင် တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရကြောင်း KNLA အရာရှိတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

 

“မနေ့က နေ့ဘက်ရော ညဘက်ရောဆိုရင် တိုက်ပွဲ ၆ ကြိမ်ဖြစ်တယ်၊ စစ်ကောင်စီဘက်က ခမရ ၄၀၇ နဲ့ BGF အဖွဲ့တွေ သူးမွဲထာဘက်ကနေ နေရာတွေခွဲပြီး စစ်ကြောင်းထိုးလာတာ၊ အဲဒီမှာ ကျနော်တို့ဘက်က တပ်ရင်းတွေနဲ့ တွေ့ပြီး တိုက်ပွဲဖြစ်တာ ၆ ကြိမ်၊ KNLA ဘက်က အကျအဆုံးမရှိပါဘူး” ဟု အဆိုပါ အရာရှိမှ ပြောသည်။

 

ယနေ့နံနက်တွင်လည်း KNU ထိန်းချုပ်ရာနယ်မြေများအတွင်းသို့ လေကြောင်းမှတဆင့် ထိုးစစ်ဆင်ရန် တောင်ငူလေဆိပ်တွင် တိုက်လေယာဉ်များ ရောက်ရှိနေကြောင်း နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည်။

 

အလားတူ မိုးကာ၊ တာလဘတ်များဖြင့် ဖုံးအုပ်ကာကွယ်ထားသော စစ်ကောင်စီမှ စစ်ကား ၁၀ စီးခန့် ဝါးဘိုးတောမှတဆင့် ဖာပွန်မြို့ဘက်သို့ ဩဂုတ်လ ၂၈ ရက် ယနေ့နံနက်တွင် ထွက်ခွာသွားကြောင်း ကရင်သတင်းရင်းမြစ် salween press တွင် ဖော်ပြထားသည်။

 

 

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*