ကချင်ပြည်နယ် အစိုးရအဖွဲ့ တစ်ဖွဲ့လုံးနီးပါးအား အဂတိမှုဖြင့် စစ်ကောင်စီအမှုဖွင့်

ကချင်ပြည်နယ် အစိုးရအဖွဲ့ တစ်ဖွဲ့လုံးနီးပါးအား အဂတိမှုဖြင့် စစ်ကောင်စီအမှုဖွင့်

 

Aug 24.2021

 

ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် အပါအ၀င် ၀န်ကြီးအများစုနှင့် ပြည်နယ်စည်ပင်သာယာ‌ရေးအဖွဲ့ ညွှန်ကြား‌ရေးမှူးအား အာဏာသိမ်းစစ်ကောင်စီက အဂတိအမှုဖြင့် အမှုဖွင့်လိုက်သည်။

 

 

ဩဂုတ် ၂၄ရက်က စစ်‌ကောင်စီ၏ မြဝတီရုပ်သံလိုင်းတွင် ယင်းအမှုကို ကြေညာခဲ့ခြင်းဖြစ်သည်။

 

 

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အပါအဝင် ပြည်နယ်လမ်းပန်းဝန်ကြီး ဦးဝေလင်း၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးဝင်းညွှန့်၊ လူမှုရေးဝန်ကြီး ဦးနေဝင်း၊ စည်ပင်ဝန်ကြီး ဦးနော်လီ၊ သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်း၊ လဝကဝန်ကြီး ဦးဇော်ဝင်းနှင့် စည်ပင်သာယာ ညွှန်ကြားရေးမှူး ဦးစိုးနိုင်တို့ကို အဂတိအမှုဖြင့် စစ်ကောင်စီက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

 

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်က မြစ်ကြီးနား – ဗန်းမော် ပြည်ထောင်စုလမ်းပိုင်း အဆင့်မြင့်ရန် AC နိုင်လွန်ကတ္တရာခင်းရာတွင် ဘတ်ဂျက်မကျသေးဘဲ စီမံကိန်းကို စောလျင်စွာလုပ်ဆောင်ထားသည်ဟု စွပ်စွဲကာ တရားစွဲခြင်းဖြစ်သည်။ ယင်းအပြင် ပြည်နယ်အစိုးရအဖွဲ့များ၏ စီမံကိန်းတင်ဒါများခေါ်ယူရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ မြန်မာ – တရုတ်နယ်စပ်ဂိတ်များသို့ သွားရောက်စစ်ဆေးရာတွင် ဒေသထွက်သစ်သီးခြင်းဖာများဖြင့် တံစိုးလက်ဆောင်များလက်ခံခြင်း၊ နယ်စပ်ဂိတ်များတွင် ဖမ်းဆီးရမိသည့် တရားမဝင် မြေသြဇာများကို တင်ဒါခေါ်ယူရောင်းချရငွေမှ ဆုကြေးငွေများ လက်ခံထားခြင်းတို့ကြောင့် အဂတိမှုဖြင့် တရားစွဲဆိုခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ မြဝတီရုပ်သံလိုင်းတွင် ကြေညာခဲ့သည်။

 

 

ယင်းအပြင် မြစ်ကြီးနားနှင့် ဖားကန့်မြို့များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများ ဆောက်လုပ်ရန် စီးပွားရေးသမားများထံက ငွေကြေးရယူထားသည်ဟုလည်း စွပ်စွဲထားသည်။ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်တချို့ရှိ လမ်းမကြီးများနှင့် တံတားများကို ကြားဖြတ် အစီအစဥ်ဖြင့် စည်ပင်သာယာရေးအဖွဲ့က ပြုပြင်မှုလုပ်ဆောင်ခြင်းတို့ကြောင့် အဂတိအမှုဖြင့် တရားစွဲဆိုရခြင်း ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီကဆိုသည်။

 

 

Credit-Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*