ကင်ဆာရောဂါအပြင် COVID -19 ရောဂါ ခံစားနေရသည့် ဒေါက်တာဇော်မြင့်မောင် အခြေအနေများကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နေဟု ဆို

ကင်ဆာရောဂါအပြင် COVID -19 ရောဂါ ခံစားနေရသည့် ဒေါက်တာဇော်မြင့်မောင် အခြေအနေများကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နေဟု ဆို

မဇ္ဈိမ

မန္တလေး၊ ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် COVID -19 ရောဂါ ခံစားနေရပြီး အရေး‌‌ပေါ်အခြေအနေကြောင့် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်။

ကင်ဆာ ရောဂါအပြင် COVID -19 ကပ်ရောဂါ ကူးစက်ခံနေရသည့် ဒေါက်တာ ဇော်မြင့်မောင်သည် ဆေးရုံတွင်
အောက်ဆီဂျင်ရှုနေရသော်လည်း လောကဓံကို ကြံ့ကြံ့ခံကာ တည်တည်ငြိမ်ငြိမ်ရင်ဆိုင်သည်ဟု သားဖြစ်သူ ဒေါက်တာဥာဏ်ဝေဖြိုးထံ သတင်းစကားပါးကြောင်း ဝန်ကြီးချုပ်မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“အောက်ဆီဂျင်ရှုနေရတဲ့အခြေအနေပါ။
သူ့မိသားစုကတော့ ဆရာကရောဂါဝေဒနာကိုရော၊ လောကဓံကိုပါ ကြံ့ကြံ့ခံရင်ဆိုင်နေတယ်တဲ့” ဟု ၎င်းကအတည်ပြုပြောကြားသည်။

ဒေါက်တာဇော်မြင့်မောင်ကို မန္တလေးမြို့ ၊အိုးဘိုအကျဉ်းထောင်တွင် COVID-19 Test Kit သုံး၍ စစ်ဆေးခဲ့‌သော်လည်း ရောဂါပိုး မတွေ့ရှိခဲ့ရဘဲ ထပ်မံ၍ မန္တလေးဆေးရုံတွင် နှာခေါင်းတို့ပတ်ယူ စစ်ဆေးချိန်မှသာ COVID- 19 ရောဂါပိုးရှိကြောင်း သိရှိရခြင်းဖြစ်သည်။

အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ရက်တွင် စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်အား နေအိမ်အကျယ်ချုပ်ချခဲ့ပြီး‌ေနာက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၂၅)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅ )တို့ဖြင့် တရားစွဲဆိုခဲ့သည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်း အမရပူရမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သော်လည်း ၁၉၉၀ ခုနှစ် နိုဝင်ဘာတွင် စစ်တပ်၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီး ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။

ထောင် ၁၉နှစ်ကျခဲ့ပြီး‌ေနာက် ၂၀၀၉ ခုနှစ်တွင် ပြန်လည်လွတ်မြောက် လာခဲ့ခြင်းဖြစ်‌သည်။ ၎င်းသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမရပူရမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကာ ထိုမှတစ်ဆင့် ဝန်ကြီးချုပ်ဖြစ်လာခဲ့သူဖြစ်သည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*