ကန်ကြီးထောင့်မြို့တွင် အုပ်ချုပ်ရေးမှူး ၇ ဦးထက်မနည်း နှုတ်ထွက်စာတင်ထားသော်လည်း ၁ ဦးကိုသာ နှုတ်ထွက်ခွင့်ပြု

ကန်ကြီးထောင့်မြို့တွင် အုပ်ချုပ်ရေးမှူး ၇ ဦးထက်မနည်း နှုတ်ထွက်စာတင်ထားသော်လည်း ၁ ဦးကိုသာ နှုတ်ထွက်ခွင့်ပြု

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ခုနှစ်ဦးထက်မနည်း နှုတ်ထွက်စာတင်ထားသော်လည်း စစ်ကောင်စီက အုပ်ချုပ်ရေးမှူး တစ်ဦးကိုသာ နှုတ်ထွက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးကိုသာ အကြမ်းဖမ်းစစ်ကောင်စီက နှုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး နှုတ်ထွက်ခဲ့သည့် အုပ်ချုပ်ရေးမှူးနေရာတွင် စစ်သားလူထွက်တစ်ဦးဖြစ်သည့် ဦးလှဘော်သူ ဆိုသူကို အစားထိုးခန့်ထားကြောင်း ကန်ကြီးထောင့် ဒေသခံတစ်ဦးကပြောသည်။

“နှုတ်ထွက်စာတင်တာက ကန်ကြီးထောင့်မြို့ပေါ် ရပ်ကွက်တွေမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေတင်မကဘူး။ကျေးရွာအုပ်ချုပ်ရေးမှူးတွေလည်း ပါတယ်။အမှတ်( ၁) ရပ်ကွက်က အုပ်ချုပ်ရေးမှူးကတော့ ကျန်းမာရေးသိပ်မကောင်းဘူး။ အဲဒါကြောင့် ထွက်ခွင့်ပြုလိုက်တာ ထင်တယ်။ အုပ်ချုပ်ရေးမှူးက လုပ်ချင်တဲ့သူ သိပ်မရှိတော့ အစားထိုး ခန့်စရာလူမရှိရင် ထွက်ခွင့်ပေးမှာ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် မဂူကျွန်းကျေးရွာ၊ ကျွန်းကြီးကျေးရွာနှင့် ပိတောက်ပင်ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စာတင်ကြခြင်းဖြစ်သည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*