ကဘူးလ်လေဆိပ်မှာ ပြန်တက်စလေယာဉ် အောက်ပိုင်းကနေ ခိုလိုက်ကြရာက ပြုတ်ကျပြီး လူ ၃ ဦး သေဆုံး

ကဘူးလ်လေဆိပ်မှာ ပြန်တက်စလေယာဉ် အောက်ပိုင်းကနေ ခိုလိုက်ကြရာက ပြုတ်ကျပြီး လူ ၃ ဦး သေဆုံး

ဩဂုတ် ၁၇

တာလီဘန်တွေ မြို့တော် ကဘူးလ်ကို သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာ ရှေ့အနာဂတ်အတွက် သေမတတ် သောကများနေကြရှာတဲ့ ဒေသခံတွေဟာ ထွက်ပြေးလွတ်မြောက်ရေး အသည်းအသန် ကြိုးစားကြတာကြောင့် ကဘူးလ်လေဆိပ်ဟာဆိုရင် ထိန်းမနိုင် သိမ်းမရ အခြေအနေနဲ့ ထိတ်လန့်ခြောက်ခြားဖွယ် ဖြစ်နေပြီလို့ ဘီဘီစီသတင်းက ဖော်ပြပါတယ်။

ပျံတက်စ လေယာဉ်တစ်စင်းနောက် လူတွေ ပြေးလိုက်ကြပြီး တစ်ချို့က လေယာဉ်အောက်ပိုင်းကနေ တွယ်ဖက်လိုက်ပါကြရာက လူ သုံးဦး ပြုတ်ကျသေဆုံးတယ်လို့လည်း သတင်းတွေအရ ကြားသိရပါတယ်။ ဒီလို အတောအတွင်းမှာပဲ လက်နက်ကိုင်ထားတဲ့ လူနှစ်ဦးကို စစ်သားတွေက ပစ်သတ်ခဲ့ရကြောင်း အမေရိကန် စစ်တပ်က ဆိုပါတယ်။

လေယာဉ်ပြေးလမ်းတွေကို စစ်သားတွေက ရှင်းလင်းဖို့အတွက် ကဘူးလ်လေဆိပ်ကို အစောပိုင်းက ပိတ်ထားခဲ့တာပါ။ အခုချိန်မှာတော့ အမေရိကန် ကမ်းတက်တပ်သားတွေ တင်ဆောင်လာတဲ့ လေယာဉ်တစ်စင်း အပါအဝင် အမေရိကန်စစ်လေယာဉ်တွေ ကဘူးလ်လေဆိပ်ဆီ ဆင်းသက်လာကြပါပြီ။

အာဖဂန်နစ္စတန်နိုင်ငံကနေ ကယ်ထုတ်ရေး လုပ်ငန်းစဉ်တွေအတွက် ကမ်းတက်တပ်သားတွေ ရောက်ရှိလာကြတာ ဖြစ်ပြီး အမေရိကန်နဲ့ အခြားနိုင်ငံတွေဟာ သူတို့ရဲ့ ဝန်ထမ်းတွေနဲ့ မိတ်ဖက်တွေကို အဲဒီ နိုင်ငံကနေ တက်သုတ်ရိုက် ကယ်ထုတ်ဖို့ လုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။ တနင်္လာနေ့ကလည်း ဂျာမနီ ကယ်ဆယ်ရေးလေယာဉ်တစ်စင်း ကဘူးလ်လေဆိပ်ဆီ ဆိုက်ရောက်တယ်လို့ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အာဖဂန်သမ္မတ အက်ရှရတ်ဖ် ဂါနီဟာ ပြည်ပကို ထွက်ပြေးသွားပြီး သူ့အစိုးရ ပြိုကွဲသွားတဲ့နောက်မှာ တာလီဘန်တွေက တနင်္ဂနွေနေ့မှာ အောင်ပွဲကို ကြေညာခဲ့တာပါ။ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေ တပ်တည်ရှိခဲ့တဲ့ နှစ် ၂၀ ကာလ အဆုံးသတ်ချိန်မှာ အာဖဂန်နိုင်ငံကို တာလီဘန်တွေ ပြန်လည်အုပ်စိုးလာနေတော့တာ ဖြစ်ပါတယ်။

လအတော်ကြာက စတင်တဲ့ တာလီဘန်တွေရဲ့ ထိုးစစ်တွေမှာ ကဘူးလ်မြို့တော်ဟာ နောက်ဆုံးသော အကြီးမားဆုံး ကျဆုံးမှု ဖြစ်ခဲ့ပါတယ်။ တာလီဘန်တွေဟာ နယ်မြေပိုင်နက်တွေကို ထိန်းချုပ်လာနိုင်ပြီး မကြာသေးတဲ့ ရက်တွေမှာ အရှိန်မြင့်လာတာကြောင့် များစွာသော စောင့်ကြည့်သူတွေအတွက် တုန်လှုပ်ခြောက်ခြားစရာတောင် ဖြစ်ခဲ့ရပါတယ်။ နိုင်ငံခြားတပ် အများစု တပ်ရုပ်သိမ်းသွားတဲ့နောက်မှာ အခုလို အစ္စလာမ္မစ် တာလီဘန်တွေက နိုင်ငံကို ထိန်းချုပ်လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ကဘူးလ်မြို့တော်ကို တာလီဘန်တွေ သိမ်းပိုက်လိုက်တဲ့နောက်မှာ ပြည်သူအများအပြားဟာ လေဆိပ်ဆီ ဦးတည်ထွက်ပြေးခဲ့ကြပါတယ်။ နိုင်ငံခြားသားတွေနဲ့ နိုင်ငံခြားအစိုးရနဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်စပ်တဲ့ အာဖဂန်အချို့ကို ကယ်ထုတ်ပေးလျက် ရှိနေတာ ဖြစ်ပေမယ့် ခရီးသွားခွင့် ဗီဇာမရှိသူတွေတောင် လိုက်ပါခွင့် ရနေတယ်ဆိုတဲ့ ကောလဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေကြောင်း ခရီးသည်တွေက ပြောကြပါတယ်။

လေဆိပ်မှာ လူအုပ်လိုက်ကြီး ရောက်ရှိနေပြီး လေယာဉ်တွေဆီ အရောက်ပြေးကြဖို့ လုပ်ကြတဲ့ လူတွေကို အမေရိကန်တပ်ဖွဲ့ဝင်တွေက လေထဲ သေနတ်ပစ်ဖောက်ပြီး လူစုကွဲအောင် လုပ်ခဲ့ရပါတယ်။ အာဖဂန်မီဒီယာက ရရှိတဲ့ ဗီဒီယိုတစ်ခုမှာ ပြေးလမ်းပေါ် စတင်မောင်းနှင်တဲ့ လေယာဉ်တစ်စင်းဘေး လူတွေ တွယ်ဖက်လိုက်ပါကြတာကို မြင်တွေ့ရပါတယ်။ နောက်ထပ် ဗီဒီယိုတစ်ခုမှာတော့ ပျံတက်တဲ့ လေယာဉ်ကနေပြီး လူတွေ ပြုတ်ကျလာတာကို မြင်ရပါတယ်။

‘ဘယ်လို သတိပေး တားမြစ်မြစ် မရတဲ့ အဆုံး’ လေယာဉ်အားလုံးကို ဆိုင်းငံ့ထားခဲ့ရတယ်လို့ နောက်ပိုင်းမှာ ပင်တဂွန်ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။ “အဲဒီ စိုးရိမ်သောကများနေတဲ့ လူအုပ်ကြီးတွေကို ရှင်းလင်းဖို့အတွက် တူရကီရယ် အခြား နိုင်ငံတကာတပ်တွေရယ်နဲ့အတူ အမေရိကန်တပ်ဖွဲ့ဝင်တွေ အတူတွဲလုပ်နေတယ်။ ဘယ်လောက် အချိန်ယူရမလဲဆိုတာ ကျွန်တော်တို့လည်း မသိတော့ဘူး”ဆိုပြီး ပြောခွင့်ရသူ ဂျွန်ကားဘီက ပြောခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*