ကရင်နီဒေသတွင် ဒေသခံရွာသား ၂၉ ဦးအား စစ်ကောင်စီမှ ရိုက်နှက်ဖမ်းဆီးပြီး လူသားဒိုင်းလမ်းပြများအဖြစ် အသုံးပြုနေ

ကရင်နီဒေသတွင် ဒေသခံရွာသား ၂၉ ဦးအား စစ်ကောင်စီမှ ရိုက်နှက်ဖမ်းဆီးပြီး လူသားဒိုင်းလမ်းပြများအဖြစ် အသုံးပြုနေ

ရန်ကုန်၊ သြဂုတ် ၁၉

ကယားပြည်နယ် (ကရင်နီဒေသ) အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး ဒေသခံ ကျေးရွာသားများကို ရိုက်နှက်ဖမ်းဆီးကာ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် ကြိုးတုပ်ခေါ်ဆောင်ပြီး လူသားဒိုင်း လမ်းပြများအဖြစ် အသုံးပြုခြင်းခံနေရသည့် ဒေသခံရွာသားပေါင်း ၂၉ ဦး ရှိနေပြီဟု သတင်းရရှိသည်။

“ကျနော်တို့ အတည်ပြုလို့ရတာက သြဂုတ် ၁၄ ကနေ ၁၉ ရက်နေ့အထိ ရွာသား ၂၉ ဦး ဖမ်းဆီးခံထားရတယ်၊ ၃ ဦးပြန်လွတ်တယ်လို့လည်း ကြားတယ်၊ ၁၄ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းသွားတဲ့အထဲမှာ သားအဖ နှစ်ယောက်ပါတယ်၊ သူတို့က ထီးပိုးကလိုးရွာနားမှာ ဖမ်းခံရတာ၊ သားက အသက် ၁၅ နှစ်ဝန်းကျင်၊ ပန်းနာရင်ကြပ်ရောဂါအခံရှိတယ်၊ အဖေက ခြေထောက်တစ်ဖက် ကျိုးထားတယ်၊ အသက်က ၅၀ ကျော်အရွယ်၊ အခုက မိုးလည်းရွာနေတော့ သူတို့အတွက် စိုးရိမ်ရတယ်” ကရင်နီလူ့အခွင့်အရေးလှုပ်ရှားသူ ကိုဗညားမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

သြဂုတ်လ ၁၉ ရက် ယနေ့နံနက်တွင် ဘော်လခဲမှ အင်အား ၂၀၀ ခန့်ပါသော စစ်ကြောင်းသည် နန်းဖဲကျေးရွာဘက်သို့ ချီတက်သွားပြီး ဒေသခံပြည်သူ ၁၀ ဦးကို လက်ပြန်ကြိုးတုပ်ကာ ဓါးစာခံများအဖြစ် ခေါ်ဆောင်သွားကြောင်း ဒေသသတင်းရင်းမြစ် PKPF မှ ဖော်ပြထားသည်။

လက်ရှိအချိန် ကရင်နီဒေသတွင် ဒီးမော့ဆိုနှင့် ဖရူဆို အရှေ့ဘက်ခြမ်းများတွင် အကြမ်းဖက်စစ်ကောင်စီ တပ်မ ၆၆၊ ဖယ်ခုံမြို့နယ်တွင် တပ်မ ၅၅ များမှ ကျေးရွာများထိ ထိုးစစ်ဆင်နေပြီး စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ ကျေးရွာများမှ ဒေသခံများ ဖမ်းဆီးခံနေရသည်။

“သူတို့ စစ်ကြောင်းထိုးရင် ရွာတွေမှာ ၁ ရက် ၂ ရက် နေ့လေ့ရှိတယ်၊ တွေ့တဲ့သူကို ဖမ်းတယ်။ ကြိုးတုပ်ပြီးခေါ်သွားတယ်၊ အခုချိန်က ကရင်နီမှာ တောင်ယာခုတ်တဲ့အချိန်ဆိုတော့ စိုးရိမ်ရတဲ့အခြေအနေရှိနေတယ်” ဟု ကိုဗညားမှ ဆက်ပြောသည်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်တွင်း တိုက်ပွဲများတွင်လည်း အကြမ်းဖက်စစ်ကောင်စီမှ လွယ်ဟဲ၊ ခေါင်အိ၊ လွယ်လုံ၊ စက်တော်ကျေးရွာများမှ ဒေသခံများကိုလည်း ရိုက်နှက်ဖမ်းဆီးပြီး လမ်းပြအဖြစ် အသုံးပြုခဲ့သည်။

ဓါတ်ပုံ – ကရင်နီဒေသအတွင်း ထိုးစစ်ဆင်လာသော စစ်ကောင်စီ စစ်ကြောင်း (ပုံအဟောင်း_)
Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*