ကလေးမြို့တောင်ပိုင်းရှိ အိမ်ခြေ ၂၀၀၀ ကျော်ရှိသော တင်သားကျေးရွာကို စစ်ကောင်စီနှင့်ပျူစောထီးများက မီးစတင်ရှို့နေ

ကလေးမြို့တောင်ပိုင်းရှိ အိမ်ခြေ ၂၀၀၀ ကျော်ရှိသော တင်သားကျေးရွာကို စစ်ကောင်စီနှင့်ပျူစောထီးများက မီးစတင်ရှို့နေ

 

ရန်ကုန်၊ ဩဂုတ် ၂၈

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းရှိ အိမ်ခြေ ၂၀၀၀ ကျော်ရှိသော တင်သားကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပျူစောထီးများက မီးစတင်ရှို့နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် ကျေးရွာအတွင်းရှိ CDM ဝန်ထမ်းများကို လာရောက် ဖမ်းဆီးရန် အတွက် ပျူစောထီးများနှင့် အတူ ရောက်ရှိလာပြီး CDM ကျောင်းအုပ်ဆရာကြီး ဦးကျော်မင်းနိုင်အိမ်ကို စတင်မီးရှို့ကြောင်း၊ မီးရှို့မှုကြောင့် ဦးကျော်မင်းနိုင် နေအိမ် မီးလောင်ပြီး အခြားအိမ်များသို့လည်း စတင်ကူးစက်လျက်ရှိကြောင်း သိရှိရသည်။

 

“နိုင်မြန်မာ ကုန်စုံဆိုင် စရှို့တာ။ ကုန်မာဆိုင်ကို စရှို့တယ်။ နေ့လယ် ၁၂ နာရီ စရှို့တာ။ CDM ကျောင်းအုပ်ဆရာကြီး ဦးကျော်မင်းနိုင်အိမ်ပေါ့။ အိမ်ခြေ ၂၀၀၀ လောက်ရှိတယ်။ ၃ အိမ်လောက် ကုန်ပြီ။ သွားလည်း မငြိမ်းရဲဘူး။ ငြိမ်းရင် သတ်မှတ်စိုးလို့။ ရွာသားတွေ ထွက်ပြေးနေကြတယ်။ ပုန်းနေကြတယ်” ဟု တင်သားကျေးရွာသူတစ်ဦးက ပြောသည်။

 

လက်ရှိတွင် ကျေးရွာမှ ပြည်သူများ ထွက်ပြေးနေရပြီး မီးလောင်မှုကို မငြိမ်းသတ်နိုင်ကြောင်း၊ ကျေးရွာတွင်လည်း မပြေးလွှားနိုင်သော သက်ကြီးရွယ်အိုများ နှင့် ကျန်းမာရေးမကောင်းသူများလည်း ကျန်ရှိနေသေးကြောင်း သိရှိရသည်။

 

“မီးလည်းမငြိမ်းရဲကြဘူး။ စစ်ခွေးတွေ မီးလောင်နေတာကို လက်နက်တွေနဲ့ စောင့်ပြီး ကြည့်နေတာ။ ငြိမ်းရင် ပစ်ခတ်မယ့် ပုံရှိတော့ ဒီအတိုင်းကြည့်နေရတယ်။ အခြေအနေဆိုးတယ်။ မကျန်းမာသူတွေလည်း အိမ်တွေမှာရှိနေတာ အကုန် မီးကူးလာရင်တော့ အကုန် ဒုက္ခများကုန်တော့မယ်” ဟု တင်သားကျေးရွာသားတစ်ဦးက ဆိုသည်။

 

အဆိုပါ တင်သားရွာအနီးတဝိုက်တွင် ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အရှေ့စည်း) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

ရွာနှင့် အနီးဝန်းကျင်တွင် နေထိုင်သူများကို အထူးသတိထားနေကြရန်နှင့် အရပ်ဝတ်၊ မသင်္ကာစရာ လူစိမ်းတွေ့ရှိလျှင် နီးစပ်ရာ ကာကွယ်ရေးတပ်ဖွဲ့များထံ သတင်းပေးဖို့ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အရှေ့စည်း) အဖွဲ့က ထုတ်ပြန်ထားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇွန်လ ၁၅ ရက်နေ့ကလည်း မကွေး တိုင်း၊ ပေါက်မြို့နယ်ရှိ ကင်းမကျေးရွာကို ရွာလုံးကျွတ် မီးရှို့ခဲ့ကြောင်း ကျေးရွာသူကျေးရွာသားများက ပြောဆိုထားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*