ချက်နိုင်ငံလွှတ်တော် နိုင်ငံခြားရေးရာ ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီဥက္ကဋ္ဌက ကုလသမဂ္ဂတွင် NUG ကိုအသိအမှတ်ပြုရန် လက်မှတ်ရေးထိုးတောင်းဆို

ချက်နိုင်ငံလွှတ်တော် နိုင်ငံခြားရေးရာ ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီဥက္ကဋ္ဌက ကုလသမဂ္ဂတွင် NUG ကိုအသိအမှတ်ပြုရန် လက်မှတ်ရေးထိုးတောင်းဆို

ရန်ကုန်၊ ဩဂုတ် ၁၄

ချက်နိုင်ငံလွှတ်တော် နိုင်ငံခြားရေးရာ ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီဥက္ကဋ္ဌ Pavel Fischerက ကုလသမဂ္ဂတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုအသိအမှတ်ပြုရန် လက်မှတ်ရေးထိုးတောင်းဆိုလိုက်ကြောင်း သိရှိရသည်။

မြန်မာပြည်သူတို့၏ အာဏာရှင်ဆန့်ကျင်ရေး ရုန်းကန်တိုက်ပွဲဘက်မှ အားပေးရပ်တည်သောအားဖြင့် NUG ကိုထောက်ခံသည့် တောင်းဆိုမှုတွင်၂၀၁၈ ခုနှစ် ချက်သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းလည်းဖြစ်သူ Pavel Fischer က ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

သူသည် လက်ရှိတွင်လည်း ချက်လွှတ်တော် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး ကော်မတီဥက္ကဌဖြစ်သည်။

NUG ကို ကုလသမဂ္ဂ အထွေထွေညီလာခံမှ အသိအမှတ်ပြုရန်၊ ဦးကျော်မိုးထွန်းအား မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရန်တောင်းဆိုသော လက်မှတ်ကောက်ယူမှုတွင် ၃ ရက်အတွင်း ၁ သိန်းခွဲနီးပါးပါဝင်ခဲ့ပြီး ဆက် လက် ၍လည်း လက်မှတ်ရေးထိုးနေကြသည်။

လက်မှတ်ကောက်ယူရေးလှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ စစ်အာဏာရှင်ကို ငြင်းပယ်ကြောင်း၊ ကုလသမဂ္ဂမှ NUG ကိုအသိအမှတ်ပြုစေလိုကြောင်းအား မြန်မာလူထုနှင့် ကမ္ဘာ့ပြည်သူ အရေအတွက်ပမာဏကြီးမားစွာဖြင့် ပြသရန်ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂ ၏ အထွေထွေညီလာခံ သည် ကုလသမဂ္ဂ ၏ ဆွေးနွေးညှိနှိုင်းရာ၊ မူဝါဒများ ချမှတ်ရာ နှင့် ကိုယ်စားပြုရာ အဓိက အစိတ်အပိုင်းတခုဖြစ်ပါသည်။

ကမ္ဘာ့ကုလသမဂ္ဂ ၏ အထွေထွေညီလာခံ တွင် အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်ပြီး နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေး အပါအဝင် အပြည်ပြည်ဆိုင်ရာနှင့်ပါတ်သက်သည်ကိစ္စများကို အများ စုပေါင်းဆွေးနွေးနိုင်သော ထူးခြားသည့် ဖိုရမ် တခုဖြစ်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလဆန်း တွင် ကမ္ဘာ့ကုလသမဂ္ဂ ၏ ၇၆ ကြိမ်မြောက် ပုံမှန် ညီလာခံကိုကျင်းပမည်ဖြစ်ပြီး အထွေထွေညီလာခံ သမ္မတ မှ အဖွဲ့ဝင် နိုင်ငံများ၏ ကိုယ်စားပြု ကိုယ်စားလှယ်များကို စီစစ်လက်ခံသည့် ကော်မတီ ၏ အဖွဲ့ဝင်များကို ရွေးချယ်တာဝန်ပေးမည်ဖြစ်သည်။

စီစစ်လက်ခံရေးကော်မတီ ၏ အဓိကတာဝန်မှာ နိုင်ငံ့ကိုယ်စားပြုကိုယ်စားလှယ်များ၏အချက်အလက် များကိုစီစစ်၍ ညီလာခံသို့ တင်ပြရမည်ဖြစ်သည်။

ယခုနှစ်တွင် စီစစ်ရေးကော်မတီသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ခံ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် အာဏာသိမ်းစစ်တပ်၏ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (SAC) တို့တွင် မည်သည့် အဖွဲ့သည် မြန်မာပြည်သူများကို တရားဝင်ကိုယ်စားပြုမှုရှိသည်ကို စီစစ်ရမည်ဖြစ်သည်။

အောက်ပါလက်မှတ်ထိုးထားသော ကျွန်ုပ်တို့သည်

ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ ၏ ရလဒ်များကို ပယ်ဖျက်၍ အပြစ်မဲ့ ပြည်သူ ၁၀၀၀ နီးပါးကိုအကြမ်းဖက် သတ်ဖြတ်ခဲ့ ပြီး သတ်ဖြတ်မှုများ ဆက်လက်ကျူးလွန်နေသော၊

ထောင်နှင့်ချီသော ပြည်သူများကို ဥပဒေမဲ့ မတရားဖမ်းဆီးထားကာ အကျဥ်းထောင်များတွင် နိုင်ငံရေးအကျဥ်းသားများအား ဖိနှိပ်သတ်ဖြတ်နေသော၊

အရပ်သားကျေးရွာများကို မတရားလေကြောင်းမှတိုက်ခိုက်၍ ပြည်သူရာကျော်သေဆုံးပြီး အိုးအိမ်မဲ့ပြည်သူ တသန်းကျော် မှာ ဘေးလွတ်ရာသို့ ပြေးဝင်ခိုလှုံနေရသော၊

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးနှင့် ကုသရေးလုပ်ငန်းများကို မြန်မာပြည်သူများထံမှ လုယူပြီး စစ်ဗိုလ်ချုပ်များ၊ အရာရှိများနှင့် ၎င်းတို့၏ လက်အောက်ခံများကိုသာ ကုသစောင့်ရှောက်မှုပေးနေသော မြန်မာစစ်တပ်ကို ကိုယ်စားပြုသူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (SAC) သည်

မြန်မာပြည်သူများကို တရားဝင်ကိုယ်စားပြုသော အဖွဲ့အစည်း မဟုတ်ကြောင်း ကုလသမဂ္ဂ ၏ စီစစ်ရေးကော်မတီက အသိအမှတ်ပြုရန် တိုက်တွန်းပါသည်။

ထို့အပြင် ကျွန်ုပ်တို့သည် စီစစ်ရေးကော်မတီ နှင့် ကမ္ဘာ့ကုလသမဂ္ဂ ၏ အထွေထွေညီလာခံ မှ

ဒီမိုကရေစီနည်းကျရွေးကောက်ခံ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံပါဝင်သောမြန်မာနိုင်ငံသားများ အတွက်

ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကိုတည်ထောင်ရန် ပြည်သူများက လုပ်ပိုင်ခွင့် အပ်နှင်းထားသော၊

ပြည်ပရောက် မြန်မာများ၏ အကြွင်းမဲ့ ထောက်ခံမှုကို ရရှိထားသော၊

မြန်မာ့သမိုင်းတွင် ပထမဦးဆုံး လူ့အခွင့်အရေး ဝန်ကြီးဌာနကို ဖွဲ့စည်းထားသော၊

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည်သာ မြန်မာနိုင်ငံ၏ တခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်း အသိအမှတ်ပြုလက်ခံရန် မေတ္တာရပ်ခံပါသည်။

မြန်မာနိုင်ငံသားများဖြစ်သော ကျန်ုပ်တို့က အမျိုးသားညီညွတ်ရေးအစိုးရသည်သာ မြန်မာနိုင်ငံသားများ၏ တရားဝင် ကိုယ်စားပြု အစိုးရဖြစ်ကြောင်း

စီစစ်ရေးကော်မတီ သည် ကမ္ဘာ့ကုလသမဂ္ဂ ၏ အထွေထွေညီလာခံ ကို အစီရင်ခံတင်ပြရန်

လေးလေးနက်နက် တောင်းဆိုပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*