ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၂၁ ဦးသေဆုံး၊ ညတွင်းချင်းမီးရှို့

ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၂၁ ဦးသေဆုံး၊ ညတွင်းချင်းမီးရှို့

 

ရန်ကုန်၊ သြဂုတ် ၂၅

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မွှေ့လယ်ရွာနှင့် ရဲလှကျေး ရွာကြား၊ ကလေး-ဂန့်ဂေါကားလမ်းမပေါ်တွင် ဩဂုတ်လ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီအကြမ်းဖက်တပ်ရဲ့ ကားတစီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထောင်ထားတဲ့ မိုင်းထိခဲ့ပြီး ပျက်စီးခဲ့ကာ ကားပေါ်ပါလာတဲ့ စစ်​ကောင်စီတပ်သားတွေလည်း သေဆုံးခဲ့ပါတယ်။

 

စုစုပေါင်း မိုင်းနှစ်လုံးပေါက်ကွဲခဲ့ပြီး ကားပေါ်လိုက်ပါတဲ့ စစ်ကောင်စီတပ်သား ၂၁ ဦးသေဆုံးခဲ့ကာ ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

 

မိုင်းကွဲတဲ့အတွက် စစ်ကောင်စီအကြမ်းဖက်တပ်တွေက ဟိုဟိုဒီဒီရမ်းသမ်းပစ်ခတ်တာတွေလည်း ရှိခဲ့ပါတယ်။

 

ဒီအတွက် စစ်ကောင်စီအကြမ်းဖက်တပ်က လာသမျှကားတွေကို တားကာ အကာကွယ်ယူပြီး ညနေပိုင်းမှာ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

 

“နေ့လည် ၁ နာရီလောက်က စစ်ကား မိုင်းထိတယ်။ တော်တော်အထိနာသွားတယ်။ ညနေ ၃ နာရီလောက်မှာတော့ လာသမျှကုန်ကားတွေ၊ အိမ်စီးကားတွေတားပြီး ဘေးကနေ လူသားဒိုင်းတွေလုပ်၊ အကာကွယ်တွေယူပြီး ကျန်တဲ့စစ်ကားပေါ် အလောင်းတွေတင်ပြီး ပြန်ထွက်သွားတာ။”လို့ တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

 

သြဂုတ်လ ၂၄ ရက်​နေ့ ညပိုင်းမှာတော့ သေဆုံးသူတွေကို စစ်ကား ၅ စီးနဲ့ မွှေ့လယ်ကျေးရွာကို သယ်ဆောင်လာပြီး ၈ နာရီကျော်ခန့်အချိန်မှာ မီးရှို့သင်္ဂြိုလ်နေတယ်လို့ သိရပါတယ်။

 

ကျန်တဲ့ စစ်ကားတွေကတော့ ကလေး-ဂန့်ဂေါလမ်းဘေးရှိ မွှေ့လယ်ဘူတာမှာ ညအိပ်တယ်လို့ ဆိုပါတယ်။

 

“ည ၈ နာရီလောက်ကနေ စပြီး အလောင်းတွေကို မွှေ့လယ်မှာ မီးရှို့နေတာ။ စုစုပေါင်း ၂၁ လောင်း။ ကျန်တဲ့သူတွေကတော့ ဘူတာမှာ ညအိပ်တယ်။”လို့လည်း တာဝန်ရှိသူက ပြောဆိုပါတယ်။

 

ယောဒေသအတွင်း ခရီးသွားလာကြတဲ့ ပြည်သူတွေအနေနဲ့ ည ၈ နာရီကနေ မနက် ၆ နာရီအတွင်း ခရီးသွားလာတာမျိုးတွေ မလုပ်ဆောင်ကြဖို့လည်း သတိပေးထားပါတယ်။

 

သြဂုတ် ၂၄ ရက်​နေ့ ညမှာလည်း အရပ်ဝတ်တွေလိုက်ပါလာတဲ့ လိုင်းကားတစီး ကျွန်းဒတ်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

 

“ည ၈ ခွဲမှာ ကျွန်းဒတ်တောင်နားမှာ အရပ်ဝတ်စစ်သားတွေလိုက်ပါလာတဲ့ လိုင်းကားတစီးထွက်လာတယ်လို့ ခိုင်လုံတဲ့ သတင်းရတယ်။ အဲဒီအတွက် ကျွန်းဒတ်ရွာမရောက်ခင်မှာ စောင့်ကြိုပြီး မိုင်းခွဲတိုက်ခိုက်ခဲ့တယ်။ ကားကတော့ ထိုးရပ်သွားတယ်။ ဒါပြီး သိပ်မကြာဘူး ဟားခါးလမ်းခွဲမှာ နေရာယူထားတဲ့ စစ်ကား ၂ စီးရောက်လာပြီး ဟိုပစ် ဒီပစ်တွေ လျှောက်ပစ်သွားတယ်။”လို့ ဒေသခံတဦးကလည်း ပြောပါတယ်။

 

အခုရက်ပိုင်းအတွက် ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေ ခြေရှုပ်နေပြီး ရွာတွေဝင်မွှေတာ၊ လူတွေဖမ်းတာ၊ သတ်ဖြတ်တာ၊ လုယက်တာတွေလုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ ထိုးကြိတ်ရိုက်နှက်မှုကြောင့် အသက် ၇၀ ကျော်အဖိုးအိုတဦး သေဆုံးခဲ့ပါသေးတယ်။

 

ဒါ့အပြင် မွှေ့လယ်ကျေးရွာမှာလည်း စစ်ကောင်စီအကြမ်း ဖက်တပ်တွေ ရမ်းသန်းပစ်ခတ်လို့ ပြည်သူတဦး သေနတ်ထိမှန်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – ဂန့်ဂေါ-ကလေးကားလမ်းတနေရာ

 

(မျက်​မှောက်​ခေတ်သည် ရန်ကုန်​ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

Be the first to comment

Leave a Reply

Your email address will not be published.


*