ဂျပန်တွင် ဂိုးသမားပြည့်လျှံအောင် ဒုက္ခသည်ခိုလှုံခွင့်လက်မှတ်ရ

ဂျပန်တွင် ဂိုးသမားပြည့်လျှံအောင် ဒုက္ခသည်ခိုလှုံခွင့်လက်မှတ်ရ

မြန်မာ့လက်ရွေးစင်အသင်းဂိုးသမား ပြည့်လျှံအောင်သည် ဩဂုတ် ၂၀ တွင် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ ဒုက္ခသည်ခိုလှုံခွင့်အသိအမှတ်ပြုလက်မှတ် ရရှိခဲ့သည်။

ဒုက္ခသည်ခိုလှုံခွင့်ကို ဇွန် ၁၆ က လျှောက်ထားခဲ့ခြင်းဖြစ်ပြီး နှစ်လအကြာတွင် ခိုလှုံခွင့် တရားဝင်ရရှိခဲ့သည်။

ဂိုးသမားပြည့်လျှံအောင်သည် ၂၀၂၁၊ မေလ ၂၈ က ဂျပန်အသင်းနှင့် မြန်မာအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ မကစားမီ ပွဲမစခင် နိုင်ငံတော်သီချင်း ဆိုနေစဉ် လက်သုံး‌ချောင်းထောင်ကာ၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်းပြသခဲ့သည်။ ထို့နောက် ဇွန် ၁၆ တွင် လေယာဉ်ပေါ်တက်ခါနီး မြန်မာနိုင်ငံသို့ ပြန်ပါက အန္တရာယ်ရှိနိုင်သောကြောင့် ဂျပန်တွင် နိုင်ငံ‌ရေးခိုလှုံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အိုဆာကာလူဝင်မှုကြီးကြပ်ရေးရုံးမှအထွက် မီဒီယာများနှင့်တွေ့ဆုံရာတွင် “အခုလိုအခြေအနေမှာ ကျွန်တော် နောင်တမရပါဘူး၊ ကျွန်တော်လုပ်ခဲ့တာဟာ မြန်မာပြည်ကလူတွေရဲ့ပေးဆပ်မှုနှင့်ယှဉ်ရင် ဘာမှ မပြောပလောက်ပါဘူး”ဟု သူက ပြောသည်။

၎င်းအနေဖြင့် တတ်နိုင်သည့်ဘက်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဆက်လုပ်သွားမည်ဟု ဆိုသည်။

ဂိုးသမားပြည့်လျှံအောင်အတွက် နေရာထိုင်ခင်းနှင့် လိုအပ်သည်များကို ကူညီပေးနေသည့် ကိုအောင်မြတ်ဝင်းက ” ဒါဟာ နေထိုင်ခွင့်ပေးတယ်ဆိုပေမဲ့၊ တကယ်တော့ ကိုပြည့်လျှံအောင်ကို ပေးလိုက်တာမဟုတ်ဘူး၊ စစ်တပ်ကို ကန့်ကွက်ကြောင်း လက်သုံးချောင်းထောင်ဆန္ဒပြခဲ့တဲ့သူ့ကို ကာကွယ်တဲ့အနေနဲ့ နေထိုင်ခွင့် ပေးလိုက်တာ၊ ဒါက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်းပြတာ ”ဟု ပြောသည်။

ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့်ဥရောပနိုင်ငံများနှင့်စာလျှင် ဒုက္ခသည် ခိုလှုံခွင့်ပေးခြင်းသည် ယခုနှစ်များတွင် နည်းပါးလာပြီဖြစ်သော်လည်း၊ ဂျပန်အစိုးရသည် စစ်တပ်၏အာဏာသိမ်းမှုနောက်ပိုင်း ဂျပန်နိုင်ငံရှိမြန်မာနိုင်ငံသားတချို့အား နေထိုင်ခွင့်သက်တမ်းတိုးပေးခြင်းများ ရှိခဲ့သည်။ ဂျပန်နိုင်ငံတွင် မြန်မာဘောလုံးသမားကို ယခုကဲ့သို့ ဒုက္ခသည်ခိုလှုံခွင့်ပေးခြင်းမှာ ပထမဆုံးဟု ဆိုနိုင်သည်။

သတင်းနှင့်ဓာတ်ပုံ- နုမောင်
Myanmar Now

Be the first to comment

Leave a Reply

Your email address will not be published.


*