စစ်ကောင်စီခန့် မြန်မာသံတမန် ၂ ဦးအတွက် ဗီဇာထုတ်ပေးရန် ဂျပန် ငြင်းဆန်

စစ်ကောင်စီခန့် မြန်မာသံတမန် ၂ ဦးအတွက် ဗီဇာထုတ်ပေးရန် ဂျပန် ငြင်းဆန်

The Mainichi
Aug 22.2021

CDM ကြောင့် တာဝန်ကနေ ထုတ်ပယ်ခံခဲ့ရသည့် တိုကျိုမြို့ မြန်မာသံရုံးမှ သံတမန်နှစ်ဦး၏ နေရာအစားဝင်မည့် စစ်ကောင်စီခန့် သံတမန်နှစ်ဦးအတွက် ဗီဇာထုတ်ပေးရန် ဂျပန်အစိုးရက ငြင်းဆန်ထားကြောင်း ဂျပန်အစိုးရသတင်းရင်းမြစ်များက ပြောသည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သပိတ်မှောက်ခဲ့သည့် ဂျပန်ရောက် မြန်မာသံတမန်နှစ်ဦးကို ရာထူးမှ ဖယ်ရှားကြောင်း ပြီးခဲ့သည့်မတ်လက ထုတ်ပြန်ခဲ့ပြီးနောက် ယခုအခါ ၎င်းတို့နေရာ အစားထိုးရန်အတွက် အခြားသံတမန်နှစ်ဦးကို တိုကျိုသို့ စေလွှတ်ရန် ကြိုးပမ်းနေစဉ် ယခုကဲ့သို့ ဂျပန်ဘက်က ဗီဇာထုတ်ပေးရန် ငြင်းဆန်နေခြင်း ဖြစ်သည်။

တိုကျိုရှိ မြန်မာသံရုံးတွင် လုပ်ဆောင်မည့် အစားထိုးခန့်အပ်မှုနှစ်ခုကို ဂျပန်ဘက်က ခွင့်ပြုပေးလိုက်ပါက ယင်းသည် မြန်မာနိုင်ငံတွင် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရကို ဖြုတ်ချရင်း ဖေဖေါ်ဝါရီ ၁ ရက်က စစ်တပ်အာဏာသိမ်းမှုကို လက်ခံအသိအမှတ်ပြုလိုက်သည့် သဘောသက်ရောက်ရန် ရှိနေသည်။

သံတမန်အစားထိုးမှုနှစ်ခုအတွက် သံတမန် ဗီဇာများ ထုတ်ပေးရန် မြန်မာစစ်တပ်က ဂျပန်ကို ပန်ကြားထားခဲ့သည်။ သို့သော် ထိုပန်ကြားချက်ကို စဉ်းစားလျက် ရှိကြောင်း ဂျပန်ဘက်က ပြောထားပြီး လက်ရှိအချိန်ထိတော့ ဗီဇာထုတ်ပေးရေး လုပ်ထုံးလုပ်နည်းများကို စတင်လုပ်ဆောင်ခြင်း မရှိသေးဟု သတင်းရင်းမြစ်များက ပြောသည်။

လက်ရှိအချိန်တွင် ဂျပန်အစိုးရသည် မြန်မာစစ်ကောင်စီက ရာထူးထုတ်ပယ်ကြောင်း ကြေညာထားသည့် သံတမန်နှစ်ဦး၏ သံတမန်ရာထူးအဆင့်အတန်းကို ဆက်လက် အသိအမှတ်ပြုပေးလျက် ရှိနေသည်။ အဆိုပါ သံတမန်နှစ်ဦးသည် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး သံရုံး၌ ၎င်းတို့၏ တာဝန်ဝတ္တရားများကို သပိတ်မှောက်ခဲ့ကြသူများ ဖြစ်သည်။

ဂျပန်အစိုးရသည် တပ်မတော်ဟု သိကြသည့် မြန်မာစစ်တပ်ကို မြန်မာနိုင်ငံ၏ တရားဝင် အာဏာပိုင်အဖွဲ့အဖြစ် အသိအမှတ်ပြုထားခြင်း မရှိပေ။
မတ်လ ၁၅ ရက် ရက်စွဲတပ် စာရွက်စာတမ်းတစ်ရပ်အရ CDM လုပ်ခဲ့သည့် တိုကျိုရောက် မြန်မာသံတမန်နှစ်ဦး၏ သံတမန်ရာထူးအဆင့်နှင့် ပတ်စ်ပို့များကို မြန်မာစစ်အုပ်စုက ပယ်ဖျက်လိုက်ကြောင်း မြန်မာသံရုံးက ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြောခဲ့သည်ဟု သိရသည်။

ထို့ပြင် အဆိုပါ သံတမန်နှစ်ဦးကို ၎င်းတို့၏ ပတ်စ်ပို့များ အသုံးပြုခွင့် မပေးရန် သံရုံးဘက်က ဂျပန်ကို တောင်းဆိုပန်ကြားထားခဲ့ကြောင်း စာရွက်စာတမ်းများအရ သိရသည်။

သို့ရာတွင် ဂျပန်အာဏာပိုင်တို့က အဆိုပါ မြန်မာသံတမန်နှစ်ဦးကို နိုင်ငံတွင် ဆက်လက်နေထိုင်ခွင့်ပြုထားသည်။ အဆိုပါ နှစ်ဦးအနက် သံတမန်တစ်ဦးအတွက် ဂျပန်က ထုတ်ပေးထားခဲ့သည့် သံတမန်ဆိုင်ရာ အသိအမှတ်ပြုလွှာသည် ဇူလိုင်လထဲတွင် သက်တမ်းကုန်ခဲ့သော်ငြား “သူတို့နှစ်ဦး သံတမန်တွေအဖြစ် ဆက်လက်အလုပ်လုပ်နိုင်အောင်လို့ ကျွန်တော်တို့ဘက်က စီစဉ်မှုတွေ လုပ်ပေးထားတယ်” ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ ဖယ်ရှားခံ မြန်မာသံတမန်နှစ်ဦးသည် မြန်မာ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းလုပ်ဆောင်နေခဲ့ကြောင်း သိရသည်။
ဂျပန်အစိုးရအနေဖြင့် အပြီးသတ်ဆုံးဖြတ်ချက်တစ်ရပ်မချမီ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ကိစ္စကို အနီးကပ်စောင့်ကြည့်သွားရန် လိုကြောင်း၊ သို့မှသာ စစ်ကောင်စီခန့် သံတမန်များအတွက် ဗီဇာထုတ်ပေးရန် စစ်တပ်၏ ပန်ကြားချက်အပေါ် မည်သို့မည်ပုံ ကိုင်တွယ်မလဲအတွက် စဉ်းစားနိုင်မည်ဖြစ်ကြောင်း ဂျပန်အရာရှိတစ်ချို့က ပြောခဲ့သည်။

ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၏ နေရာကို စစ်တပ်ခန့် အရာရှိတစ်ဦးနှင့် အစားထိုးရန် မြန်မာစစ်တပ်က တောင်းဆိုထားသော်လည်း ကုလ အဖွဲ့ဝင်နိုင်ငံများက ထိုနေရာအတွက် မည်သူ့ကို အသိအမှတ်ပြု လက်ခံမည်လဲဆိုသည်ကို အပြီးသတ် ဆုံးဖြတ်သွားကြရန် ရှိနေသည်။

ဖေဖေါ်ဝါရီ ၂၆ ရက်က ကုလ အထွေထွေညီလာခံ အစည်းအဝေးတစ်ခုတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြောဆိုခဲ့မှုအတွက် နိုင်ငံတော် သစ္စာဖောက်မှုဖြင့် စွပ်စွဲခံထားရသော်လည်း ဦးကျော်မိုးထွန်းသည် လက်ရှိအချိန်တွင် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ပင် ဆက်ရှိနေသည်။

ယခုလအစောပိုင်းက မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအတွက် မြန်မာဆိုင်ရာ အထူးသံတမန်တစ်ဦးခန့်အပ်သည့် အာဆီယံ၏ ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတဲဂီက ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သူမ၏ ပါတီမှ အခြား ပါတီဝင်များ၊ အခြားသော ထိန်းသိမ်းခံထားရသူအားလုံး ချက်ချင်း ပြန်လည်လွတ်မြောက်ရေးအတွက် အာဆီယံနှင့် ဂျပန်တို့က တောင်းဆိုထားသည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*