စစ်ကောင်စီတပ်များက အရာတော်မြို့နယ်၊ ကြွေပုဂံကျေးရွာထဲ ဝင်မွှေကာ ရွာခံများကို ဖမ်းဆီး

စစ်ကောင်စီတပ်များက အရာတော်မြို့နယ်၊ ကြွေပုဂံကျေးရွာထဲ ဝင်မွှေကာ ရွာခံများကို ဖမ်းဆီး

 

Aug 26.2021

Mizzima

 

ပျူစောထီးများခေါ်ဆောင်လာခဲ့သော စစ်ကောင်စီတပ်များက အရာတော်မြို့နယ်၊ ကြွေပုဂံကျေးရွာထဲ သြဂုတ်လ ၂၅ ရက်၊ မနက်အစောပိုင်း ၃ နာရီခန့်တွင် ဝင်ရောက်မွှေနှောက်ကာ ရွာခံအချို့ကို ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံအပြောအရသိရသည်။

 

“စစ်တပ်ထဲ သင်တန်းတက်နေတဲ့ ရွာခံ ပျူစောထီး ငါးဦးနဲ့အတူ စစ်တပ်ရော ပါလာတာပါ။ အရာတော်ဘက်က လာတဲ့ စစ်ကား နှစ်စီး၊ ဇရစ်ဘက်က လာတဲ့ စစ်ကား ငါးစီး စုစုပေါင်း စစ်ကား ခုနစ်စီး၊ အင်အား ၁ဝဝ လောက်ပါတယ်။

 

ကားတွေကို ရပ်ထားခဲ့ပြီးတော့ ဒီဘက်ကို ခြေလျင်ပဲ လာတာ။ ရွာခံတွေ အများကြီးအဖမ်းခံလိုက်ရတယ်” ဟု ဒေသခံကတစ်ဦးက ပြောသည်။

 

မနက်အစောပိုင်းတွင် အင်အားအလုံးအရင်းဖြင့် ရွာထဲ နှစ်ဘက်ညှပ်ပိတ်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များက နေအိမ်များကို ဝင်ရောက်ရှာဖွေမွှေနှောက်ကာ ဖျက်စီးသွားခဲ့ပြီး ရွာခံအချို့ကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

 

“အဖမ်းခံရတဲ့အထဲ ကျွန်တော့် အဖေလည်း ပါတယ်။ အယောက် ၃ဝ လောက်ကို အရင်ဖမ်းတယ်။ နောက်ပိုင်း ထပ်ဖမ်းတာနဲ့ဆို ခန့်မှန်းခြေ ၇ဝ လောက်ရှိမယ်။ အဖေ့ကိုတော့ နောက်ပိုင်းပြန်လွှတ်လိုက်တယ်။ ယောကျ်ား၊ မိန်းမ၊ လူကြီး၊ လူငယ်မရွေး တော်တော်များများကို အိမ်တွေမှာ တစုစီ ဖမ်းထားတယ်။

 

လက်နောက်ပြန်ကြိုးတုပ်ဖမ်းထားတဲ့သူတွေကို နောက်ပိုင်းပြန်လွှတ်ပေးခဲ့တယ်။ လက်ထိပ်ခတ်အဖမ်းခံရတဲ့သူတွေကိုတော့ ခေါ်သွားတယ်” ဟု ဆိုသည်။

 

စစ်ကောင်စီတပ်များက ကြွေပုဂံကျေးရွာကို သုံးကြိမ်မြောက် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ရွာသူရွာသားများ၏ ဆန်၊ ဆီ ရိက္ခာများကိုလည်း သိမ်းယူသွားခဲ့ကြောင်း ဆက်ပြောသည်။

 

ကြွေပုဂံကျေးရွာတွင် ဝင်ရောက်မွှေနှောက်ဖမ်းဆီးပြီး သြဂုတ်လ ၂၅ ရက်၊ ညနေပိုင်းတွင် ပြန်လာသည့် စစ်ကောင်စီတပ်များမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ဒုံဒစ်ရွာနှင့် ဇရစ်ရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည့်အတွက် ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*