စစ်ကောင်စီ၏ ကန့်သတ်ဖိနှိပ်မှုကြောင့် ကိုဗစ်လူနာများ အွန်လိုင်းဆေးနည်းများဖြင့် ရောဂါသက်သာရေး အိမ်တွင်းတွင်သာ ကုသနေကြရ

စစ်ကောင်စီ၏ ကန့်သတ်ဖိနှိပ်မှုကြောင့် ကိုဗစ်လူနာများ အွန်လိုင်းဆေးနည်းများဖြင့် ရောဂါသက်သာရေး အိမ်တွင်းတွင်သာ ကုသနေကြရ

by ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်မှု တတိယလှိုင်းဖြစ်ပွားနေချိန်တွင် အာဏာသိမ်းစစ်ကောင်စီသည် ကိုဗစ်လူနာများ ပိုမိုဒုက္ခရောက် အကျပ်အတည်းဖြစ်စေအောင် နည်းလမ်းပေါင်းစုံဖြင့် ပိတ်ပင်တားဆီးလျက်ရှိသည်။ ကိုဗစ်လူနာများသည် ဆေးရုံများ၊ ကိုဗစ်ကုသရေးစင်တာများတွင် သွားရောက်ကုသလိုကြသော်လည်း စစ်ကောင်စီ၏ များပြားလှသော စည်းမျဉ်း စည်းကမ်းများကြောင့် လူနာများမှာ ဆေးရုံတွင် ဆေးကုသခွင့် ဆုံးရှုံးနေရပြီး နေအိမ်များတွင်ပင် ဆေးနည်းပေါင်းစုံဖြင့် ကိုဗစ်ရောဂါသက်သာလာရေး လုပ်ဆောင်နေကြရသည်။

ယင်းကဲ့သို့ နည်းလမ်းပေါင်းစုံဖြင့် ရောဂါသက်သာရာရရေး လုပ်ဆောင်နေခြင်းသည် အချို့သော ကိုဗစ်လူနာများအတွက် အဆင်ပြေသော်လည်း ရောဂါအခံရှိသူများအတွက်မူ ပိုမိုဆိုးရွားစေကာ အသက်သေဆုံးသည်အထိ ဖြစ်လာကြောင်း ကိုဗစ်လူနာများကို အခမဲ့ဆေးကုသပေးနေသော ဆရာ၀န်များက ပြောကြားသည်။

“ဆေးတွေလည်း ၀ယ်ရခက်တယ်၊ အောက်ဆီဂျင်တန်းစီရတာလည်း ခက်တယ်။ ကျနော့်အဖေ အသက်ရှင်ဖို့ မနည်းလုပ်နေရတယ်”ဟု ကိုမြတ်ဟိန်းက ဆိုသည်။

ရန်ကုန်မြို့မှ ကိုဗစ်ကူးစက်ခံနေရသူများသည် ကိုဗစ်ရောဂါကို ကုသနိုင်ရေး အခက်အခဲမျိုးစုံဖြင့် ဒုက္ခရောက်လျက်ရှိသည်။

အောက်ဆီဂျင်အရည်ဖြည့်ခြင်းကို စစ်ကောင်စီက ကန့်သတ်
———————

ကိုဗစ်ကူးစက်မှု များပြားလာပြီး အောက်ဆီဂျင်လိုအပ်သော လူနာအရေအတွက်မြင့်မားလာသဖြင့် ရန်ကုန်မြို့တော်ရှိ အောက်ဆီဂျင်စက်ရုံများရှေ့တွင် လူပေါင်းများစွာသည် အောက်ဆီဂျင်ဖြည့်တင်းနိုင်ရေး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ကြရသည်။

10L,15L,20L အောက်ဆီဂျင်အိုးများအတွင်း အရည်ဖြည့်ရန်အတွက် နံနက်ပိုင်းမှစောင့်လျှင် ညနေဘက် ရသော်လည်း 40 L အိုးကြီးများအတွက်မူ ဖြည့်ရခက်ခဲခဲ့သည်။ ထိုသို့သော အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲတွင် စစ်ကောင်စီက စက်ရုံများတွင် အောက်ဆီဂျင်ဖြည့်တင်းမှုကို ကန့်သတ်လိုက်လေသည်။ အောက်ဆီဂျင်လိုအပ်နေသော လူနာအများအပြားအတွက်မူ ထိုကန့်သတ်မှုက သေတွင်းထဲသို့ တွန်းပို့လိုက်သကဲ့သို့ဖြစ်လေသည်။

စစ်ကောင်စီသည် အောက်ဆီဂျင်ကန့်သတ်မှုတင်မက အခြားသော ကိုဗစ်နှင့်သက်ဆိုင်သော ကိစ္စရပ်အများအပြားကိုလည်း တားမြစ်ပိတ်ပင်ခဲ့သည်။ ထို့ကြောင့် ကိုဗစ်လူနာများ အသက်ရှင်သန်ရရေး အဖက်ဖက်မှကူညီပေးကြသူများမှာ နည်းလမ်းပေါင်းစုံဖြင့် ခက်ခက်ခဲခဲကြိုးစားရလေသည်။

အွန်လိုင်းပေါ်က ဆေးနည်းများ
———————-

အာဏာသိမ်းစစ်ကောင်စီကြောင့် မြန်မာနိုင်ငံ၏ကျန်းမာရေးယန္တရားကြီးမှာ ပြိုကျပျက်စီးသွားခဲ့ရပြီး ကိုဗစ်လူနာများမှာ ဆေးရုံများတွင်လည်း တက်ရောက်ဆေးကုသမှုခံယူခွင့်လည်း ဆုံးရှုံးနေရသည့်အပြင် လူနာများ လိုအပ်သော အောက်ဆီဂျင်နှင့် ဆေးများကိုလည်း မြင့်မားသော စျေးနှုန်းဖြင့် ၀ယ်ယူနေရခြင်း၊ အောက်ဆီဂျင်ကိုလည်း လိုသလောက်မရရှိခြင်းစသည့် အခက်အခဲကြီးများကို ရင်ဆိုင်နေရသည်။

ကိုဗစ်လူနာများသည် ဆရာ၀န်များနှင့် တိုက်ရိုက်ဆေးကုသခွင့် ဆုံးရှုံးလိုက်ရမှုကြောင့် လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသော ကိုဗစ်ရောဂါသက်သာပျောက်ကင်းသည့် ဆေးနည်းများဖြင့် နေအိမ်များတွင် ၄င်းတို့ဘာသာ ကုသနေကြရသည်။

အဒေါ်ဖြစ်သူ ဆေးရုံတင်ခွင့်ရရန် ကြိုးစားခဲ့သော်လည်း မည်သည့်နေရာကမျှ လက်မခံသည့်အဆုံးတွင် ၄င်း၏ အဒေါ်ကို နေအိမ်တွင်ပင် တတ်နိုင်သမျှ ကြိုးစားကုသမည်ဟု မအင်ကြင်းက ဆုံးဖြတ်ခဲ့လေသည်။

ဖြစ်နိုင်လျှင် အဒေါ်ဖြစ်သူကို ဆေးရုံတင်ကာ တတ်ကျွမ်းသော ဆရာ၀န်များ၏ ဆေးကုသပေးမှုကို ခံယူစေချင်သော်လည်း မည်သည့်ဆေးရုံကမျှ လက်မခံသဖြင့် လက်လျှော့လိုက်ရလေသည်။

ထို့ကြောင့် အသိမိတ်ဆွေများ၏ အကူအညီ၊ အွန်လိုင်းပေါ်က ဆေးနည်းများဖြင့် အဒေါ်ဖြစ်သူကို ကုသခဲ့လေသည်။

သို့သော် အဒေါ်ဖြစ်သူမှာ သက်သာမလာဘဲ နောက်ဆုံးတွင် အောက်ဆီဂျင်များ ကျကာ ကိုဗစ်ဖြစ်ပွားအပြီး ၉ ရက်မြောက်နေ့တွင် ကွယ်လွန်သွားခဲ့လေသည်။

ရန်ကုန်မြို့ရှိ ကိုဗစ်လူနာအများအပြားမှာ မအင်ကြင်းတို့အဖြစ်အပျက်ကဲ့သို့ ကြုံတွေ့နေရသူအများအပြား ရှိနေသည်။ ကယ်သူ ကူသူမဲ့နေသော ကိုဗစ်လူနာများအတွက် ရှင်သန်နိုင်ရေးလမ်းမှာ မှေးမှိန်ဖျော့တော့လှသည်။

“အဓိက ကတော့ ကျန်းမာရေးစနစ်က လုံးဝ​ပြိုလဲသွားတဲ့အခါကျတော့ အခြေခံလူတန်းစားတွေမှာ ကူရာကယ်ရာမဲ့နေကြတဲ့သဘောပေါ့။ public ဆေးရုံတွေမှာလည်း ကိုဗစ်လူနာတွေကို လက်ခံကုပေးတာ မရှိဘူးလေ။ ပြင်ပဆရာ၀န်တွေကို အားကိုးနေရတယ်။ ကျနော်တို့ဘက်က ကြေညာလိုက်ပြီးနောက်ပိုင်း အားကိုးတကြီး လာမေးကြတယ်။ ရောဂါဆိုးနေတဲ့လူနာတွေရှိတယ်။ အတော်အသင့်လူနာတွေလည်း ရှိတယ်။ ပြိုလဲနေတဲ့ကျန်းမာရေးစနစ်ကြီးမှာ ဓားစာခံလိုမျိုး ဖြစ်သွားတဲ့သဘော ရတာပေါ့”ဟု အွန်လိုင်းမှတစ်ဆင့် အခမဲ့ဆေးကုသပေးနေသောအဖွဲ့မှ ဆရာ၀န်တစ်ဦးက ပြောကြားသည်။

စစ်ကောင်စီသည် ကိုဗစ်တတိယလှိုင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားနေချိန်တွင် လူနာများအတွက် လိုအပ်သော ကျန်းမာရေးအထောက်အကူပြုပစ္စည်းလမ်းကြောင်းကို ဖြတ်တောက်ပစ်သည့်အပြင် အခမဲ့ဆေးကုပေးနေသော ဆရာ၀န်များကိုပါ ဖမ်းဆီးခဲ့သည်။

သို့သော်လည်း ကယ်ကူရာမဲ့နေသော ကိုဗစ်ရောဂါဆိုးဒဏ်ခံစားနေရသည့် ပြည်သူများကို ကယ်တင်ရန်အတွက် ၄င်းတို့အတွက် မည်မျှပင် အန္တရာယ်များသည်ဖြစ်စေ ဆရာ၀န်များက စွန့်စွန့်စားစားဖြင့် ကိုဗစ်လူနာများကို ကယ်တင်ရန် ကြိုးစားလျက်ရှိသည်။ ထိုအထဲတွင် အွန်လိုင်းနှင့် တယ်လီဖုန်းမှတစ်ဆင့် ကိုဗစ်လူနာများကို အခမဲ့ဆေးကုသပေးရန် လုပ်ဆောင်နေသော ဆရာ၀န်အဖွဲ့တစ်ဖွဲ့လည်း ပါ၀င်လေသည်။

ထိုအဖွဲ့သည် ခိုကိုးရာမဲ့နေသော ကယ်ကူသူမဲ့နေသော ကိုဗစ်လူနာများကို ကယ်တင်ရန် ဇူလိုင်လ ၂၅ ရက်နေ့တွင် အခမဲ့ဆေးကုသခြင်းအစီအစဉ်ကို စတင်ခဲ့ကြသည်။

“ ကိုဗစ်လူနာတွေက ဒီအတောအတွင်း အရမ်းများနေတယ်။ အဲ့အချိန်မှာ ဘယ်သွားလို့သွားရမှန်းမသိဘဲ ခိုကိုးရာမဲ့ဖြစ်နေတယ်။ အရင်တုန်းကလိုပဲ ဆေးရုံတွေလည်း သတ်သတ်မှတ်မှတ်မရှိဘူး။ ဆရာ၀န်အများစုကလည်း အဖမ်းခံနေရတဲ့အချိန် ဒီလိုအချိန်မျိုးမှာ အားကိုးရာတစ်ခုအဖြစ် နီးစပ်ရာဆရာ၀န်တွေ စုစည်းပြီးမှ အခမဲ့ အောက်ခြေလူတန်းစားတွေအတွက် အားကိုးရာလေးတစ်ခုဖြစ်အောင် ထူထောင်ဖြစ်တာ”ဟု အဆိုပါအဖွဲ့မှ အမျိုးသမီးဆရာ၀န်တစ်ဦးက ဆိုသည်။

လူနာအများစုသည် လူမှုကွန်ရက်ပေါ်မှ ဆေးနည်းမျိုးစုံဖြင့် မိမိဘာသာ ကုသနေကြသူများဖြစ်ပြီး ၄င်းတို့ဆီ ရောက်ရှိချိန်တွင် ဆေးညွှန်းများကို ပြန်လည် ညွှန်ပေးရသည်ဟု ၄င်းက ပြောသည်။

“ တိုင်းပြည်အနေအထားကလည်း မျှော်လင့်ချက်မရှိသလိုဖြစ်နေတယ်။ ဒီအချိန်မှာ ကျနော်တို့ကို လာမေးတဲ့လူနာတွေအတွက် မျှော်လင့်ချက်လေးတစ်ခုဖြစ်အောင် ကြိုးစားတယ်။ နောက် ကျနော်တို့ဆေးခန်းနာမည်ပေါ့။ အခမဲ့ခေါင်းစဉ်အောက်ကနေ သွားတယ်။ အခမဲ့ခေါင်းစဉ်အောက်ကနေ အတတ်နိုင်ဆုံးသွားမယ်ဆိုပြီး ဆေးခန်းကို FOC လို့ နာမည်ပေးဖြစ်တာပါ” ဟု အဆိုပါအဖွဲ့မှ အခြားဆရာ၀န်တစ်ဦးကလည်း ရှင်းပြသည်။

ရေနစ်နေသော ပြည်သူများအတွက် ကောက်ရိုးတစ်မျှင်ဖြစ်ရေးအတွက် ဆရာ၀န်များက တတ်နိုင်သည့်ဘက်မှ ကြိုးစားကာ လူနာများ ကိုဗစ်ရောဂါမှသက်သာပျောက်ကင်းနိုင်ရေး လုပ်ဆောင်ပေးနေကြခြင်းဖြစ်သည်။ ထို့ကြောင့် နေအိမ်များတွင် ဆေးကုသနေသော ရောဂါသည်များအနေနှင့် ဆရာ၀န်များနှင့် ချိတ်ဆက်ကာ ဆေးကုသရန် လိုအပ်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက တိုက်တွန်းကြသည်။

“ ကိုယ့်ဘာသာ ဖေ့ဘုတ်ကနေ ကြည့်ပြီး ကုတာထက် ဆရာ၀န်နဲ့ အကြံဥာဏ်တွေ တခြား alternative တွေကို ဆရာ၀န်တွေက ညွှန်ကြားလို့ရတယ်။ ဆရာ၀န်တွေနဲ့ပြတဲ့အခါ အဲ့လိုအားသာချက်ရှိမယ်။

နောက်တစ်ခုကတော့ အောက်ဆီဂျင်ထိန်းညှိပေးလို့ရမယ်ပေါ့။ အောက်ဆီဂျင်လိုလား မလိုလား အကြံဥာဏ်တောင်းလို့ ရမယ်ပေါ့။ တကယ်လို့ ကိုယ်က အောက်ဆီဂျင်လိုနေပြီပြောတဲ့အချိန်မှာ အောက်ဆီဂျင် မရတဲ့အခြေအနေတွေလည်း ရှိနိုင်တယ်။ ဒီဟာကိုတော့ အစိုးရတစ်ခုက ထိန်းညှိပေးမှ ရမှာလေ။ အခုက စေတနာမ၇ှိတဲ့ပုံစံဖြစ်နေတာ”ဟု ကိုဗစ်လူနာများကို အခမဲ့ဆေးကုသပေးနေသော အမျိုးသမီးဆရာ၀န်တစ်ဦးက ပြောကြားသည်။

အခမဲ့ဆေးကုသပေးနေသော အဖွဲ့မှ အခြားဆရာ၀န်တစ်ဦးကလည်း “ ကျနော်တို့ဆရာ၀န်တွေကနေပြီးတော့ ကမ်းပေါ်တင်နေတဲ့ ကင်းပွန်လေးတွေအများကြီးထဲက ရသလောက် ပင်လယ်ထဲကို ပြန်ပစ်ပေးနေတာပါ။ အသက်ရှင်သွားတယ် ကူရာကယ်ရာတွေ့သွားရင် အကျိုးရှိတယ်ဆိုပြီး လုပ်နေကြတာ။ တစ်ဦးတစ်ယောက်ချင်းဆီကို ကုပေးနေတဲ့ ကယ်ပေးနေတဲ့ အစီအစဉ်မျိုးပါ”ဟု ဆိုသည်။

ပြည်သူတိုင်းက ဆေးဆရာ
——————–

“ အဓိကကတော့ အွန်လိုင်းပေါ်မှာ အမှန်တွေကော အမှားတွေကော ရောနေတယ်ပေါ့။ အဓိက ကတော့ အဲ့တစ်ချက်ရှိတယ်။ ဆယ်လီတွေကအစ အချက်အလက်မှားတွေကို ရှယ်နေတာရှိတယ်။ အန္တရာယ် များနေတယ်။ ဘယ်လိုလုပ်သင့်လဲဆိုရင် ဆရာ၀န်တေ ွပင့်ဖို့ ဆေးရုံတက်ဖို့ခက်ရင် တယ်လီကွန်ဆာဗေးရှင်းတွေကို ဆက်သွယ်သင့်တယ်။ ပြည်သူတွေသိဖို့လိုတယ်။ လူတိုင်းက ဆေးပေးနေတဲ့ပုံစံမျိုး လူတိုင်းက ဆေးဆရာပုံစံဖြစ်နေတယ်”ဟု ကိုဗစ်လူနာများကို အခမဲ့ဆေးကုသပေးနေသည့် ဆရာ၀န်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ကိုဗစ်ရောဂါသည် ပြင်းထန်လှသည်။ ထို့ကြောင့် လက်ရှိတိုင်းပြည်အနေအထားအရ ကိုဗစ်ကူးစက်ခံရသူများအနေနှင့် ဆေးမြီးတိုများနှင့် ကုသနေမည့်အစား နီးစပ်ရာ အွန်လိုင်းနှင့် တယ်လီဖုန်းလိုင်းမှတစ်ဆင့် ဆေးဘက်ဆိုင်ရာ လမ်းညွှန်ပေးနေကြသော ဆရာ၀န်များနှင့် တိုင်ပင်သင့်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက တိုက်တွန်းသည်။

ယင်းအတွက်လည်း ကူညီပေးနေသော ဆရာ၀န်များစွာ ရှိနေပြီဖြစ်သည်။

“ဆက်သွယ်လာတဲ့လူတွေကို တတ်စွမ်းသလောက် ကုသမှုတွေ ပေးမယ်။ ပြည်သူကနေ ပြည်သူကို တစ်ဆင့် အချင်းချင်းဝေမျှပေးရင်း ကြယ်ငါးလေးတွေကို ပင်လယ်ထဲကို ရှင်နိုင်သလောက် ပြန်လွှတ်ပေးနိုင်မယ် ထင်ပါတယ်”ဟု ဆရာ၀န်တစ်ဦးက ဆိုသည်။

ဖျားနာလျှင် ကိုဗစ်ဟုသာ သဘောထားပါ
————————-

မြန်မာနိုင်ငံတွင် ယခုလိုအချိန်ကာလတွင် ယခင်ကတည်းက သာမန်ရိုးရိုးတုပ်ကွေးရောဂါများ နှစ်စဉ်ဖြစ်လေ့ရှိသည်။ သို့သော် တုပ်ကွေးလက္ခဏာများ မိမိတွင် ဖြစ်ပွားလာပါက ကိုဗစ်ဟု သဘောထားကာ ဂရုတစိုက်နေထိုင် ဆေးကုသရန် လိုအပ်သည်။

“ပထမဆုံးဦး ကိုယ်လက်ကိုက်ရင် အရင် Quarantine နေပါ။ တုပ်ကွေးလို့မယူဆဘဲ ကိုဗစ်လိုယူဆပြီး အိမ်တွင်းနေပါ။ အွန်လိုင်းပေ့ခ်ျတွေက ဆရာ၀န်အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ ဆက်သွယ်ပါ။ နှာစေးချောင်းဆိုး ညောင်းညာကိုက်ခဲ အဖျားလေးငွေ့ငွေ့ရှိနေတာမျိုး။ အဲ့လိုလက္ခဏာတွေဖြစ်ရင် ကိုဗစ်လိုယူဆပါ”ဟု ကိုဗစ်လူနာများကို ကုသပေးနေသော ဆရာ၀န်တစ်ဦးက အကြံပေးသည်။

“ တိုင်းပြည်မှာ စီးပွားရေး၊ ကျန်းမာရေး တစ်စတစ်စပြိုလဲနေတာ။ မပြင်ရင် ပိုပြိုလဲမှာ။ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ဖို့ အချင်းချင်းကူညီကြဖို့ ပြောချင်ပါတယ်”ဟု ကိုဗစ်လူနာများကို ကုသပေးနေသော ဆရာ၀န်များက ပြောကြားသည်။

ဓာတ်ပုံ- ကိုဗစ်ရောဂါကြောင့် နေအိမ်တွင် သေဆုံးသွားကြရသော ပြည်သူများ။ ပုံ- ရဲသူရိန် ရဲသူရိန်

Be the first to comment

Leave a Reply

Your email address will not be published.


*