စစ်တပ်က ဒီမိုကရေစီလမ်းကြောင်းနှင့်အညီထိန်းသိမ်းခြင်းဖြစ်ကြောင်း ကချင်ဝန်ကြီးချုပ်က ပူတာအိုတွင်ပြောဆိုစည်းရုံး  

စစ်တပ်က ဒီမိုကရေစီလမ်းကြောင်းနှင့်အညီထိန်းသိမ်းခြင်းဖြစ်ကြောင်း ကချင်ဝန်ကြီးချုပ်က ပူတာအိုတွင်ပြောဆိုစည်းရုံး

 

စစ်တပ်က အာဏာသိမ်းတာမဟုတ်ဘဲ ဒီမိုကရေစီလမ်းကြောင်းနှင့်အညီ ထိန်းသိမ်းခြင်းသာဖြစ်ကြောင်း စစ်ကောင်စီ၏ လက်ဝေခံ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပူတာအိုခရီးစဉ်တွင် စည်းရုံးပြောဆိုသွားသည်။

 

ပူတာအိုမြို့ကို သြဂုတ်လ ၂၂ ရက်နေ့တွင် ရောက်ရှိခဲ့သော ဦးခက်ထိန်နန်က ရပ်မိရပ်ဖများ၊ ယဉ်ကျေးမှုခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ ပရဟိတလူငယ်များနှင့် တွေ့ဆုံရာတွင် အရပ်သားအစိုးရသည် ဒီမိုကရေစီ လမ်းကြောင်းမှ သွေဖယ်လာသည့်အတွက် ထိန်းသိမ်းပေးခြင်းသာဖြစ်သည်ဟု ပြောဆိုသည်။

 

အကြမ်းဖက် စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်အင်အားဖြည့်တင်နိုင်ရေးအတွက် ပြည်သူ့စစ်အဖွဲ့ဝင်များကို လက်နက်တွေတပ်ဆင်ပေးပြီး ဒေသခံလူထုအင်အားစုဆောင်းနေသည်ဟု ဒေသခံများကပြောသည်။

 

ယခုကဲ့သို့ အင်အားစုဆောင်းရာတွင် ဘာသာရေးခေါင်းဆောင်များနှင့် ရိုးရာယဉ်ကျေးမှုဘက်က လူကြီးများအထူပါဝင်နေခြင်းကို ဒေသခံလူငယ်များအတွင်းဝေဖန်မှုရှိနေချိန် ဦးခက်ထိန်နန်၏ပြောကြားချက်က မီးထိုးပေးသကဲ့သို့ဖြစ်သွားသည်။

 

ဦးခက်ထိန်နန်က ၂၀၂၃ တွင် ရွေးကောက်ပွဲပြန်လုပ်မှာဖြစ်ပြီး အနိုင်ရသူကို ပြန်လည်အုပ်ချုပ်ခိုင်းမည်ဟုလည်း ထဲ့သွင်းပြောကြားသွားသည်။

 

ကချင်ဝန်ကြီးချုပ်သည် သြဂုတ်လ ၂၆ ရက်နေ့တွင် မြစ်ကြီးနားသို့ပြန်မှာဖြစ်သည်။

 

လက်ရှိအချိန်မှာတော့ ပူတာအိုတွင်လုံခြုံရေးတင်းကြပ်ထားပြီး စစ်ကောင်စီ၏ထောက်ပို့တပ်၊ အမြောက်တပ်များကိုပါ ဦးခက်ထိန်နန်ခရီးစဉ်မတိုင်ခင်ကတည်းက ကြိုတင်အားဖြည့်ထားသည်ကိုတွေ့ရှိရသည်။

 

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သောသတင်းအရင်းအမြစ်များအရ ပြည်နယ်ဝန် ကြီးချုပ်၏ ပူတာအိုခရီးစဉ်တွင် တိုင်းစစ်ဌာနချုပ်မှ နယ်လုံဝန်ကြီးလိုက်ပါသွားခြင်းမရှိဘဲ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရုံးမှအကြီးတန်းအရာရှိများသာလိုက်ပါသွားသည်ဟု သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*