စမ်းချောင်းတွင် မိတ်ဆက် စားသောက်ဆိုင်ပိုင်ရှင်နှင့် အလုပ်သမားများကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်ရောက် ဖမ်းဆီး၊ ပြည်သူ့ကွက်သစ်လမ်းတွင် လူငယ်တချို့ အဖမ်းခံရ 

စမ်းချောင်းတွင် မိတ်ဆက် စားသောက်ဆိုင်ပိုင်ရှင်နှင့် အလုပ်သမားများကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်ရောက် ဖမ်းဆီး၊ ပြည်သူ့ကွက်သစ်လမ်းတွင် လူငယ်တချို့ အဖမ်းခံရ

 

ရန်ကုန်၊ ဩဂုတ် ၂၃

 

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်းတောင်ရပ်ကွက် ရှိ မိတ်ဆက် စားသောက်ဆိုင်ကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယခု ည ၇ နာရီကျော်ဝန်းကျင်က ဝင်ရောက်စီးနင်းပြီး စားသောက်ဆိုင်ပိုင်ရှင်အပါအဝင် စုစုပေါင်း ပြည်သူ ၅ ဦးကို ရိုက်နှက် ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောဆိုသည်။

 

“ကားပေါ်မှာ ရိုက်နှက်သံတွေ ကြားရတယ်။ ဆဲဆိုပြီး ရိုက်နေတယ်။ လက်ထိပ်တွေနဲ့ နောက်ပြန်ခတ်ထားတာ။ လူတွေ မဟုတ်ဘူး။ ဘီလူးသရဲတွေလားမသိဘူး။ အရမ်းရိုင်းစိုင်းပြီး ရိုက်နှက်ဖမ်းသွားတာ။ စခန်းရောက်ရင်လည်း ထပ်ပြီး ရိုက်နှက်မှာ သေအောင်လုပ်ကြမလားမသိဘူး။ ကျနော်တို့ မြင်လိုက်တာ ၅ ဦး ပါသွားတယ်” ဟုဒေသခံတစ်ဦးက ပြောဆိုသည်။

 

ထို့ပြင် ပြည်သူ့ကွက်သစ် ၄ လမ်းထဲတွင်လည်း အကြမ်းဖက် လူသတ်စစ်ကောင်စီတပ်များက စာရွက်များကိုင်ကာ လိုက်လံ ဖမ်းဆီးမှုများလုပ်ဆောင်နေသည်ဟု သိရှိရသည်။

 

“သူတို့လိုချင်တဲ့ လူမတွေ့ရင်ဧည့်စာရင်းနဲ့ ဖမ်းတယ်။ ဖမ်းနေတာထက် ကားပေါ်တင်ပြီး စခန်းခေါ်သွားတာတွေ့တယ်။ သူတို့လိုချင်တဲ့လူကိုလည်း သည်းကြီးမည်းကြီးရှာနေတယ်။ တိုက်တွေပေါ်ကလူတွေကို နာမည်ခေါ်ပြီးအောက်ဆင်းခိုင်းတယ်။ ဆင်းမလာရင် သေအောင် ရိုက်မယ်။ နှိပ်စက်မယ်လည်းအော်နေတယ်။ ဆဲဆိုတာကတော့ မိုးမွှန်နေတာပဲ” ဟု စမ်းချောင်းဒေသခံတစ်ဦးက ပြောဆိုသည်။

 

ဓာတ်ပုံ- စမ်းချောင်း ပြည်သူ့ကွက်သစ်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက် စီးနင်းနေစဉ်။

Be the first to comment

Leave a Reply

Your email address will not be published.


*