စိနတိုင်းမှာ ပျောက်ဆုံးနေတဲ့ မေ့သမီးငယ် အိမ်ပြန်လာနိုင်မှာလား။

စိနတိုင်းမှာပျောက်ဆုံးနေတဲ့ မေ့သမီးငယ် အိမ်ပြန်လာနိုင်မှာလား

မောင်ကြီး ၊ဩဂုတ် ၁၃

မျက်နှာမရွှင်မပျဖြစ်နေသည့် မြန်မာများက စျေးပေါသည့်တရုတ်နိုင်ငံသုံး ဘက္ထရီဆိုင်ကယ်လေး
များကို စီးကာ မြန်မာနယ်စပ်ဘက်သို့ဦးတည်၍ ဘီးလှိမ့်ရုံ မောင်းနှင်လာနေသည်။လူအချို့က လမ်းခုလတ်မှ စောင့်ကာ နေရပ်ပြန်မြန်မာများကို ငွေစကြေးစများ ပေးဝေနေသည်။ ငွေပေးဝေသူရော လက်ခံသူပါ ဝမ်းနည်းစိတ်ကို အတင်းဖုံးကွယ်၍ ငိုမချမိအောင်ထိန်းချုပ်နေကြပုံရသည်။ ယင်းမြင်ကွင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နှင့် ကပ်လျက်ရှိနေသည့် တရုတ်နိုင်ငံ ကျယ်ခေါင်မြို့မှ ရှမ်းရွာလေးတွင် သြဂုတ်လဆန်းပိုင်းနေ့ရက်များက နိစ္စဓူဝ မြင်နေရသည့် မြင်ကွင်းပင်။

ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအတွက် လူရှင်းထုတ်သည့်အနေဖြင့် ရွှေလီနှင့် ကျယ်ခေါင်ရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများကို နေရပ်သ်ို့ ပြန်ရင်ရွှေလီအစိုးရက စီမံလာရာ မြန်မာများစွာသည် အမိနိုင်ငံသို့ တဖွဲဖွဲ ပြန်လာနေကြခြင်းဖြစ်သည်။

အိုးခွက်ပန်းကန်ထည့်ထားသော အိတ်များ၊ အဝတ်ထုပ်များကို လူတစ်ကိုယ်စာ နိုင်သလောက်သယ်ကာ တရုတ်ဘက်မှ မြန်မာပိုင်နက်ဘက်သို့ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာနေသည့် မြန်မာများအား လူအချို့က ငွေစ ကြေးစအချို့ ပေးလှုုနေသည့် ရုပ်သံမြင်ကွင်းက်ို ဖေ့ဘွတ်စ်လူမှုကွန်ရက်ပေါ်မှတစ်ဆင့် မခင်သူဇာတို့ သားအမိ မျက်တောင်မခပ်အားဘဲ စိုက်ကြည့်နေမိသည်။ အသက် ၆၀ ကျော်နေပြီ ဖြစ်သည့် မိခင်အ်ိုရှေ့တွင် မငိုမိအောင်လည်းမခင်သူဇာတစ်ယောက်သူ့စိတ်သူအတင်းထိန်းချုပ်နေရသည်။

ရွှေလီနှင့် မိုင်ရာချီဝေးသည့် ကျောက်မဲမြို့ မိသားစု နေအိမ်လေးထဲမှ မခင်သူဇာတို့သားအမိက ကျယ်ခေါင်ရှိ ရှမ်းရွာလေးဆီက အထက်ပါ ဗီဒီယိုဖိုင်ကို အဘယ်အတွက်ကြောင့် စိတ်ဝင်တစား ကြည့်နေကြပါသနည်း။မြန်မာဘက်သို့ ပြန်လာနေသည့် လူအုပ်ထဲတွင် တရုတ်နိူင်ငံ၌ ပျောက်ခြင်းမလှ ပျောက်နေသည့် အ​ေထွးဆုံးညီမလေးအား စွပ်စွပ်ရွပ်ရွပ် တွေ့ရလေမလား မျှော်လင့်ချက်ဖြင့် မျက်ခြေမပြတ်အောင် ကြည့်နေခြင်းဖြစ်သည်။

“တရုတ်ရဲကဖမ်းသွားတယ်ဆိုပြီးကတည်းက ညီမလေးပျောက်သွားခဲ့တာ အခုဆို ၂ နှစ်ပြည့်တော့မယ်။ စိတ်မပူနဲ့နော်ဆိုပြီး We Chat ကနေ စာပို့ခဲ့တာက နောက်ဆုံးအဆက်အသွယ်ရတာ။ အခု ကျွန်မ ညီမလေး ဘယ်ရောက်နေပြီလဲ”

မှတ်ပုံတင်အမည်မသွယ်သွယ်ထူးဟုခေါ်တွင်ပြီး အိမ်အမည် အူငဲဟု ချစ်စနိုးခေါ်သည့် ညီမအထွေးဆုံးနှင့် ပြန်ဆုံခွင့်ရရေးသည် မိသားစု၏ အကြီးမားဆုံးမျှော်လင့်ချက်ဟု မခင်သူဇာက ပြောသည်။

မသွယ်သွယ်ထူးအား ခြေရာခံခြင်း
၁၉၉၀ ခုနှစ်ဖွားပြီး ယခုဆိုလျှင် အသက်၃၁ နှစ် ရှိပြီ ဖြစ်သည့် မသွယ်သွယ်ထူးသည် မိသားစု စားဝတ်နေရေးကို ဝိုင်းဝန်း​ဖြေရှင်းနိုင်ရေးအတွက် သူငယ်ချင်းအချို့နှင့်အတူ တရုတ်နိုင်ငံသို့ ၂၀၁၈ ခုနှစ် နှောင်းကာလက ထွက်ခွာသွားခဲ့သည်။ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးအ​ဖြစ် ရုန်းကန်ရပ်တည်ခဲ့သည်။ မိခင်ဖြစ်သူ ဒေါ်ခင်ခင်ဝင်းအတွက် အိမ်ဆောက်ပေးရန် ငွေရှာမည်ဟု တရုတ်နိုင်ငံသို့ မထွက်မီကပင် ပြောခဲ့သလို တရုတ်နိုင်ငံသို့ရောက်ပြီး အလုပ်ရချိန်ကစ၍ မွေးရပ်မြေအိမ်သို့ လစဥ် ငွေပို့ခဲ့သည်။

ဒေါ်ခင်ခင်ဝင်းတစ်ယောက် အသက်ကြီးမှ သမီးဇောဖြင့် သောကပွေရမည့်အကြောင်းဖန်လာသည်က မိုးတွေ ဖြိုင်ဖြိုင်ရွာနေခဲ့သည့် ၂၀၂၀ ဇူလိုင်လ ၃ ရက်နေ့ဖြစ်သည်။

ယင်းကာလက မသွယ်သွယ်ထူး အလုပ်လုပ်နေသည့်
ကွမ်တုံပြည်နယ်မှ ဟွေကြုံးမြို့၊ချန်ဆန်လမ်းရှိ
စားသောက်ကုန်လုပ်ငန်းတစ်ခုသို့ တရုတ်ရဲတပ်ဖွဲ့က ဝင်ကာ မြန်မာရွှေ့ပြောင်းအလုပ်သမားသုံးဆယ်ခန့်ကို ဖမ်းဆီးသွားခဲ့သည်။

” စက်ရုံမှာ ညဆိုင်းဆင်းဖို့ပြင်နေတုန်းတရုတ်ရဲတွေဝင်ဖမ်းတယ်အမရေ။ အမေ့ကိုစိတ်မပူနဲ့လို့ပြောပေးအုံးနော်ဆိုတဲ့အသံမက်ဆေ့ကလွဲပြီးနောက်ထပ်ဘာအဆက်အသွယ်မှမရတော့ဘူး” ဟု မခင်သူဇာက ဆိုသည်။

တရုတ်နိုင်ငံသုံးWe Chat အကောင့်မှတစ်ဆင့် ပို့လိုက်သည့် မသွယ်သွယ်ထူး၏ အသံက (၁) နှစ်ကျော်အတွင်း မိသားစုထံ နောက်ဆုံးရောက်လာသည့် သတင်းစကားသံဖြစ်ပြီး နောက်ဆက်တွဲအခြေအနေများကို တစ်စွန်းတစ်စမျှ မသိရတော့ပေ။ မသွယ်သွယ်ထူးနှင့်အတူ ဖမ်းဆီးခံရသူများအနက် ယောကျ်ားလေးအချို့သည် လေးလခန့် အကြာတွင် ပြန်လွတ်မြောက်လာခဲ့သည်။ တရားမဝင်နေထိုင်မှုဖြင့် အုပ်စုလိုက်ဖမ်းဆီးခံရသော်လည်း ပြန်လွတ်သူက လွတ်လာပြီး မသွယ်သွယ်ထူးက လွတ်မလာသေးဘဲ သတင်းအစအနလည်း ပျောက်ခြင်းမလှပျောက်နေသည်။ တစ်ကြိမ်တွင် တရုတ်ရဲနှင့် လဝကက လူသွန်မည့်အထဲတွင် မသွယ်သွယ်ထူးပါဝင်နိုင်သည်ဟုဆိုကာ ရပ်ကျေးအုပ်ချုပ်ရေးမှူးက လာအသိပေး၍ မျှော်လင့်ခြင်းကြီးစွာ စောင့်စားခဲ့သော်လည်း မထူးခြားခဲ့ဟု မခင်သူဇာကဆိုသည်။

(လူသွန်သည်ဆိုသည်မှာ တရုတ်နိုင်ငံတွင် အကြောင်းမျိုးစုံဖြင့် ဖမ်းဆီးခံရကာ ထောင်ကျပြီးနောက် ပြန်လွတ်လာသူများကို နယ်စပ်မှတစ်ဆင့် တရုတ်က မြန်မာဘက်သို့ ပြန်ပို့ခြင်းကိုဆိုလိုသည်)

မသွယ်သွယ်ထူးတစ်ယောက်လစ်ဟာနေသည့်
မိသားစု၏ ရင်တွင်းအပူသည် လူမသိသော်လည်း ကျေးလက်အိမ်လေးထဲတွင်တော့ နေဆယ်စင်း ပြိုင်ထွန်းသည့်အလား ပူလောင်းပြင်းရှလွန်းသည်ဟု မသူဇာခင်က ဆိုသည်။ ရံဖန်ရံခါတွင် ဒေါ်ခင်ခင်ဝင်း
၏ ငိုရှိုက်သံသဲ့သဲ့ ထွက်ပေါ်လာချိန်တိုင်း မခင်သူဇာပါ ကျိတ်ငိုနေမိသည်။

အဆက်အသွယ်ပြတ်​တောက်နေဆဲ ရွှေ့ပြောင်းမြန်မာလုပ်သားများ

တရုတ်နိုင်ငံတွင် အကြောင်းမျိုးစုံဖြင့် ဖမ်းဆီးခံရပြီး ပြန်လွတ်မြောက်လာသူများ ရှ်ိသော်လည်း မသွယ်သွယ်ထူးကဲ့သို့ မိသားစုနှင့် အဆက်အသွယ်မရသူများ ရှိနေသေးသည်။

မကွေးတိုင်းဒေသကြီး အောင်လံမြို့ ကွင်းလှကျေးရွာမှကိုရှိုင်းအောင်သည်လည်း တရုတ်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေရာမှ မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူများထဲမှ တစ်ဦးဖြစ်သည်။

ကိုရှိုင်းအောင်သည် တရုတ်နိုင်ငံ ကွမ်းတုံပြည်နယ်ရှိ အထပ်သားစက်ရုံတစ်ရုံတွင် ရွှေ့ပြောင်းမြန်မာလုပ်သားတစ်ဦးအနေဖြင့် အလုပ်လုပ်နေစဥ် ၂၀၂၀ ဒီဇင်ဘာလ ၃၀ ရက်ကစ၍ ညီဖြစ်သူနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။

ရဲတပ်ဖွဲ့က အလုပ်ရုံအတွင်း ဝင်၍ ဖမ်းဆီးသွားသည်ဟူသော သတင်းစကားကလွဲ၍ ဘာတစ်ခုမျှ စုံစမ်းမရခဲ့ဟု ပျောက်ဆုံနေသောအစ်ကိုအတွက် စိတ်ပူနေသည့် ညီဖြစ်သူ ကိုထွန်းလင်းအောင်ကပြောသည်။

ကိုရှိုင်းအောင်တစ်ယောက် ပျောက်ဆုံးနေခြင်းအပေါ် ကိုထွန်းလင်းအောင် နားမလည်နိုင်ဖြစ်နေသည်။ တရားမဝင် နေထိုင်၍ အဖမ်းခံရသည်ဆိုပါကလည်း သုံးလမှ လေးလခန့်အကြာတွင် သေချာပေါက်ပြန်လွတ်မြောက်လာရမည်။ ယခုအခါ ရှစ်လခန့်ကြာသည်အထိ အဆက်အသွယ်မရ။ မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးခံရဖို့ဆိုသည်မှာလည်း အစ်ကိုဖြစ်သူသည် ဆေးလိပ်ပင် မသောက်၊ ကွမ်းပင်မစားသလို အသောက်အစားလုံးဝကင်းသူဟု ကိုထွန်းလင်းအောင်က ဆိုသည်။

ကိုထွန်းလင်းအောင်ကိုယ်တိုင်က လောလောဆယ်တွင် တရုတ်နိူင်ငံ၌ အလုပ်လုပ်နေသူဖြစ်သည်။
အစ်ကိုဖြစ်သူ အလုပ်လုပ်ခဲ့သည့် စက်ရုံသို့ သွားရောက်စုံစမ်းသော်လည်း သတင်း အစအနပင် မရခဲ့။ဇာတိမြေမှ မိဖများကလည်း သားကြီးအတွက် စိတ်ပူနေကြရာ သားမျှော်မိဖများနှင့် ပျောက်ဆုံးအစ်ကိုကြား၌ ကိုထွန်းလင်းအောင် တစ်ယောက် ရတက်ပွေနေရသည်။

” ကျွန်တော့်အစ်ကိုကြီးတရုတ်ပြည်မှာ ဘယ်လိုအခြေအနေ အခက်အခဲမျိုးနဲ့ တွေ့နေသလဲ စိုးရိမ်တယ်။ ကျွန်တော်လည်း တတ်နိုင်သလောက် လိုက်နေပေမယ့် အခုအချိန်အထိ ဘာသတင်းမှမရသေးဘူး” ဟု ၂‌၀၂၁ ဇူလိုင်လနှောင်းပိုင်း နေ့ရက်တစ်ရက်တွင် ရင်ဖွင့်ရှာသည်။

တရုတ်ရဲတပ်ဖွဲ့ကဖမ်းဆီးသွားသည့်သတင်းသာကြားပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်နေသည့် နောက်တစ်ဦးကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၏ ဇာတ်ဝင်ခန်းများတွင် မပါမ​ဖြစ် ပါနေသည့် ပြည်ထောင်စုလမ်းပိုင်း၏ ဇာတ်လိုက် ကုန်တင်ယဥ်မောင်းများထဲမှ
တစ်ဦး​ဖြစ်သည်။ ကိုလှမျိုးဟုခေါ်သည်။

ကိုလှမျိုး သည် ၂၀၂၀ ဇန်နဝါရီ၂၄ရက်က မြန်မာနှင့်တရုတ် နယ်စပ် တရုတ်နိုင်ငံဘက်သို့ ကုန်သွားချရင်း အဖမ်းခံရပြီးနောက် သတင်းအစအန လုံးဝပျောက်နေသည်ဟု ဇနီးဖြစ်သူ ဒေါ်ရတနာကပြောသည်။

အချိန်တန်ချိန်အိမ်သို့ ပြန်ရောက်မလာ၍ တရုတ်ဘက်သို့ သွားရောက်စုံစမ်းသောအခါမှသာတရုတ်ရဲက ဖမ်းသွားကြောင်း သိခဲ့ရပြီး ကားကိုမူ ပိုင်ရှင်က အထောက်အထားဖြင့် ပြန်ထုတ်လာခဲ့ရသည်ဟု ဆိုသည်။

ဝင်ငွေ အဓိက ရှာပေးနေသည့် အိမ်ထောင်ဦးစီးမရှိတော့သည့်နောက် မိသားစု စားဝတ်နေရေးကို ခက်ခက်ခဲခဲဖြေရှင်းနေရသည်ဟု ဒေါ်ရတနာကပြောသည်။

” ဖမ်းသွားလို့လည်း အကြောင်းကြားခြင်းမရှိဘူး။
ဘယ်ကိုဖမ်းလို့ ဘာအကြောင်းနဲ့အဖမ်းခံရမှန်းလဲမသိရဘူး။ ဘယ်လောက်ထိဖမ်းထားမယ်ဆိုတာလဲမသိရဘူး” ဟု ကြုံတွေ့ခဲ့ရသည့် ဗရုတ်သုတ်ခ အခြေအနေကို ကလေးနှစ်ဦးမိခင် ဒေါ်ရတနာကညည်းတွားသည်။

” ကလေးတွေကတော့ သူ့အဖေ တကယ်ရော ရှိသေးသလား။ သူ့အဖေ ဒီအချိန်ဆိုဘာတွေလုပ်နေမလဲ။ ထမင်းရော စားရရဲ့လားဆိုပြီး တွေးကြ ပြောကြတယ်” ဟု ဆိုသည်။

တရုတ်ထောင်ထဲမှာ ၅၁၆ ရက် ကြာခဲ့သူ

မိသားစုစားဝတ်နေရေး ဖြေရှင်းနိုင်ရေးအတွက် တရုတ်နိုင်ငံသို့ စွန့်စွန့်စားစား သွားခဲ့ပြီးမှ ဘုမသိဘမသိ ထောင်ကျခဲ့ပြီး အမိမြေသို့ နောင်တများနှင့် ပြန်လာခဲ့သူတစ်ဦးမှာ အသက် ၂၆ နှစ်အရွယ် ကို ဘရန်နန်ဖြစ်သည်။

ကိုဘရန်နန်သည်၂၀၁၆ ဇန်နဝါရီလအတွင်းက
တရုတ်နိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲ၊ လုံချွမ်းခရိုင်မှ အလုပ်ရုံတစ်ခုတွင် လုပ်ကိုင်နေစဥ် တရုတ်ရဲ၏ ဖမ်းဆီးခံလိုက်ရသည်။ ၎င်းကိုယ်တိုင် မူးယစ်ဆေးမသုံးပါဘဲ မူးယစ်ဆေးသုံးသည်ဟု စွပ်စွဲကာ ထောင်ဒဏ် (၂)နှစ် ပြစ်ဒဏ်ချခံခဲ့ရသည်ဟု ကိုဘရန်နန်ကပြောသည်။

ကိုဘရန်နန်တစ်ယောက် လုံချွမ်ခရိုင်ရှိ ဝမ့်ကန်အကျဥ်းထောင်တွင် နေခဲ့ရပြီး ထောင်တွင်းအတွေ့အကြုံများသည် နာကျင်ဖွယ်ကောင်းသည်ဟု ရင်ဖွင့်လာသည်။ မည်သည့်အတွက်ကြောင့်အဖမ်းခံရမှန်းမသိဘဲ မူးယစ်ဆေးမှုဖြင့် အပြစ်ပေးခံရသူ မြန်မာများနှင့် ထောင်အတွင်းဆုံတွေ့ခဲ့ရသည်ဟု ဆိုသည်။မြန်မာနိူင်ငံရှိ မိသားစုဆီ ဆက်သွယ်ရန် ခက်ခဲခြင်း၊ထောင်တာဝန်ခံများနှင့် စကားပြောခွင့်နည်းပါးခြင်းနှင့် ဘာသာစကားအခက်အခဲရှိခြင်းတို့ကြောင့် မည်သို့မျှ ရှင်းလင်းချေပခွင့်မရဘဲ ချမှတ်သည့် ပြစ်ဒဏ်ကို လည်စင်းခံနေရသည့်မြန်မာအများအပြားရှိနေသည်ဟု သတင်းစကားပါးသည်။

ဝမ့်ကန်အကျဥ်းထောင်တွင် အကျဥ်းသား လေးထောင်ခန့်ရှိသည့်အနက် သုံးထောင်ခန့်မှာ မြန်မာလူမျိုးများဖြစ်သည်ဟု ၂၀၁၆ ဝန်းကျင်က အခြေအနေကို ကိုဘရန်နန်က ပြန်ပြောသည်။ထောင်ထဲတွင် စိုက်ပျ်ိုးရေးနှင့် လျှပ်စစ်ပစ္စည်းလုပ်ငန်းများ လုပ်ရပြီး သာမာန်ယောကျ်ားသားတစ်ဦးအနေဖြင့် မနိုင်ဝန်ထမ်းခဲ့ရသည်ဟု ဖွင့်ဟသည်။

” အလုပ်ခွင်မှာ ပင်ပန်းဆင်းရဲမှုတွေကအများကြီး။ များသောအားဖြင့် စကေး(skill)နဲ့ လုပ်ရတာတွေ။ တစ်နေ့မှာ ဘယ်လောက်လုပ်နိုင်ရမယ်ဆိုတဲ့ အကန့်အသတ်တွေရှိတယ်။ များသောအားဖြင့် ဆယ်ယောက်မှာတစ်ယောက်လောက်ပဲ လုပ်နိုင်တဲ့ စကေးတွေ ခိုင်းတာ”
လျှပ်စစ်ပစ္စည်းလုပ်ငန်းများ လုပ်ရန် ခိုင်းစေခံရသည့် ကိုဘရန်နန်က ယခုအခါ မြန်မာနိူင်ငံတွင် ပေါပေါများများသုံးနေသည့် တရုတ်နိုင်ငံထုတ် ခြင်ရိုက်ဘတ်တံ အစိတ်အပိုင်း များကို ပြုလုပ်ခဲ့ရသည်။

” ထိုင်ခုံပေါ်ထိုင်ပြီး တစ်နေကုန်ခေါင်းငုံ့ပြီး လုပ်ရတာ။ လုပ်လို့ မရအောင်ကို လုပ်ရတယ်” ဟု ကိုဘရန်နန်ကဆိုသည်။

မြန်မာနိုင်ငံတွင်အသုံးများနေသည် ဖုန်းအသုံးအဆောင်ပစ္စည်းများ၊ memory cardများကို ပြစ်ဒဏ်သင့် အကျဉ်းသားများ လုပ်ကိုင်ခဲ့ရသည်ဟု ပြန်လည်လွတ်မြောက်လာသူများနှင့် ဆုံတွေ့ခဲ့သူများက ပြောသည်။

လုပ်အားခပေးသည်ဟု သတင်းကြားသော်လည်း ထောင်ကျနေသည့် ကာလအတွင်း ငွေကြေးတစ်ကြိမ်မျှမရခဲ့ဖူးဟု ကိုဘရန်နန်က ဆိုသည်။ခိုင်းစေသည့်အလုပ်ကို ထောင်တာဝန်ခံများ စိတ်ကျေနပ်အောင် လုပ်နိူင်ပါက လျှော့ရက်ရသည်။ ကိုဘရန်နန်ကိုယ်တိုင် ထောင်ဒဏ် ၂ နှစ်ကျခံခဲ့ပြီး လျှော့ရက်ကြောင့် ၁၇ လ ၆ ရက်အကြာတွင် ပြန်လွတ်လာခဲ့သည်။ နောက်နောင် တရုတ်နိုင်ငံသို့ ​ခြေဦးမလှည့်တော့ဟု ကိုဘရန်နန်က သူ့ကိုယ်သူ ဂတိပေးသည့်ဟန်ဖြင့် ဖွင့်ဟလာသည်။

” ကျွန်တော်​ေထာင်ကျနေတဲ့အတောအတွင်းမှာ ကျွန်တော့်အဖေ ကွယ်လွန်ခဲ့ရတယ်။ ထောင်ထဲမှာရောက်နေတုန်းမို့ ကျွန်တော့အဖေ ဘာဖြစ်မှန်းတောင် မသိခဲ့ရဘူး။ ထောင်ထွက်လာမှ အဖေဆုံးသွားတာ သိရတယ်။ ကျွန်တော်ထောင်ကျမှုက မိသားစုထဲမှာ တော်တော် ဂယက်ရိုက်ခဲ့တယ်။ အမှုလိုက်ရင်း မိသားစုမှာ ပိုက်ဆံအခက်အခဲတွေကြုံခဲ့ရတယ်။ ကျွန်တော် တရုတ်ပြည်ကို စိတ်နာခဲ့တယ်”

ရွှေပြည်တော် မျှော်တိုင်းဝေးနေမှာလား

ကမ္ဘာလူဦးရေ အများဆုံးတရုတ်နိုင်ငံသည် မူလကပင် နိုင်ငံသားလုပ်သားအရေအတွက်များပြားသလို ပြည်ပရွှေပြောင်းလုပ်သားများကို တရားဝင်စာချုပ်ချုပ်ခေါ်ဆိုခြင်းမရှိသည့် နိုင်ငံဖြစ်သည်။ ယင်းအခြေအနေက စားဝတ်နေရေးအတွက် ရေကြည်ရာမျက်နုရာရှာရင်း တရုတ်နိူင်ငံသို့ ​ဦးတည်သွားခဲ့ကြသူများ ရင်ဆိုင်နေရသည့် အခက်အခဲများ၏ အခြေခံအကျဆုံးအကြောင်းရင်းဖြစ်သည်ဟု ကျွမ်းကျင်သူများကမှတ်ချက်ပြုသည်။

” နိုင်ငံအချင်းချင်းဆက်သွယ်ဆောင်ရွက်ရာမှာစာချုပ်၊သဘောတူညီချက်၊ ကွန်ဗင်းရှင်းပါပြဌာန်းချက်တွေနဲ့အညီဆောင်ရွက်ခြင်းနဲ့သံတမန်နည်းဖြင့်ဆောင်ရွက်ခြင်း diplomaticဆိုပြီးရှိပါတယ်။နိုင်ငံအများထားရှိတဲ့သဘောတူညီချက်ကိုmultilateral agreement လို့ခေါ်ပြီးနှစ်နိုင်ငံတည်း သီးသန့်ထားရှိတဲ့သဘောတူညီချက်ကိုbilateral agreement လို့ခေါ်ပါတယ်။ရွှေ့ပြောင်းအလုပ်သမားကိစ္စနဲ့ပါတ်သက်ပြီးမြန်မာနဲ့ဖြစ်တာရယ် လူဦးရေများပြားပြီးအလုပ်သမား ပေါများတဲ့နိုင်ငံဖြစ်လို့ ပြည်ပနိုင်ငံများနဲ့ ပြည်ပအလုပ်သမားစာချုပ်တွေမချုပ်ဆိုပါဘူး” ဟု ဥပဒေရေးဆွဲရေးပိုင်းဆိုင်ရာများ ဆောင်ရွက်ခဲ့သည့်ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးသန့်ဇင်က အကျယ်တဝင့်ရှင်းပြသည်။ ဦးသန့်ဇင်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် CDM ပြုလုပ်ထားသည့် အဆင့်မြင့်အစိုးရအရာရှိကြီးတစ်ဦး ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားကိစ္စနှင့်ပါတ်သက်ပြီး မြန်မာနဲ့တရုတ်အစိုးရကြား၌ တိကျခိုင်မာသော ဂတိကဝတ်မရှိခြင်းက တရုတ်ရောက် မြန်မာလုပ်သားများကို ဒုက္ခအဖုံဖုံပေးနေသည်။ ကာယကံရှင်မြန်မာများ၏ အဆိုအရ တရုတ်လုပ်ငန်းရှင်များတွင် အလုပ်သမားများအပေါ် သက်ညှာသူများရှိသော်လည်း အများစုသည် နည်းမျိုးစုံဖိနှိပ်သည်ဟု ဆိုကြသည်။လုပ်အားခကို အပြည့်အဝ ရှင်းမပေးခြင်း၊လုပ်အားခ မပေးလိုပါက တရုတ်ရဲအားခေါ်၍ ဖမ်းဆီးစေခြင်းစသည့် ဖိနှိပ်မှုများ ကြုံတွေ့ခဲ့ရသည်ဟု ကာယကံရှင်မြန်မာများကပြောသည်။

အဆိုးဆုံးမှာ တရုတ်ရဲက မြန်မာများကို မူးယစ်ဆေးသုံးသည်ဟု အကြောင်းပြကာ ဖမ်းဆီးထောင်ချခြင်းဖြစ်သည်ဟု ယင်းအခြေအနေကို ကိုယ်တိုင်တွေ့ကြုံခဲ့သူများကပြောသည်။ ယင်းအခြေအနေမျိုး ကြုံတွေ့ရပါက တရားဝင် ဖြေရှင်းခွင့်ရရေး မြန်မာအစိုးရထံမှ မည်သည့်အကူအညီမှမရဘဲ ကူရာမဲ့နိုင်ငံသားများဘဝရောက်ခဲ့သည်ဟု ဆိုကြသည်။

တရုတ်အစိုးရအားကြောက်ရသည်ဟု ဝန်ခံခဲ့သည့်
ယခင်စစ်အစိုးရပုံပြောင်း သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်ကို မဆိုထားနှင့်။တရုတ်အား စစ်အစိုးရနှင့် ဦးသိန်းစိန်အစိုးရကဲ့သို့ မျက်နှာအောက်ချ မဆက်ဆံခဲ့သော ဒီချုပ်အစိုးရလက်ထက်တွင်လည်း တရုတ်ရောက် မြန်မာလုပ်သားများအရေးသည် မှေးမှိန်ခဲ့ရသည်သာ။

ဦးသိန်းစိန်အစိုးရလက်ထက် ဝန်ကြီးဦးအောင်မင်းက
သူတာဝန်ထမ်းဆောင်နေစဉ်ကာလတစ်ခုတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသို့ သွားရောက်၍ ဒေသခံ အရပ်ဘက်အဖွဲ့များ၊ သံဃာတော်များ
နှင့်တွေ့ဆုံစဉ် မြန်မာလူထု စိတ်မသက်မသာ ဖြစ်စေမည့်စကားတစ်ခွန်း ပြောခဲ့ဖူးသည်။

” တရုတ်ကိုလည်း တပည့်တော်တို့က ကြောက်ရပါတယ်ဘုရား”

တရုတ်အစိုးရက ဆောင်ရွက်နေသည့် လက်ပံတောင်းတောင် ကြေးနီတောင်စီမံကိန်းကို ဒေသခံများက ကန့်ကွက်နေ၍ အစိုးရအနေဖြင့် လူထုအား နားချရန်သွားသည့် ခရီးစဉ်အတွင်း အထက်ပါအတိုင်းပြောခဲ့ခြင်းဖြစ်သည်။ဦးသိန်းစိန်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးအနေဖြင့်အစိုးရအဖွဲ့အားကိုယ်စားပြု၍ ပြောခဲ့ခြင်းဖြစ်ပြီးမြန်မာအစိုးရသည် တရုတ်ကိုကြောက်ရကြောင်း တိုင်းသိပြည်သိ ဝန်ခံခဲ့ခြင်းလည်းဖြစ်သည်။

တရုတ်ကြောက်ရောဂါက ယင်းမျှနှင့် မပြီးသေး။
ဦးသိန်းစိန်အစိုးရအဖွဲ့ ၂၀၁၅ ရွေးကောက်ပွဲရှုံးနိမ့်သွားပြီးနောက်ဝန်ကြီးရာထူးလက်မဲ့သွားသည့်နောက်ပိုင်းတွင်လည်း ဦးအောင်မင်းကနောက်တစ်ကြိမ်ထပ်ပြောခဲ့ပြန်သေးသည်။

ဒီချုပ် အစိုးရအနေဖြင့် တရုတ်ကို ကြောက်နေရသည့်အပြင် နောက်လာမယ့်အစိုးရအဆက်ဆက်လည်း ဆက်ကြောက်နေရဦးမည်ဟု ပြောခဲ့ပြန်သည်။ ရန်ကုန်မြို့တွင် ၂၀၂၀ ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် သုတေသနစာတမ်း မိတ်ဆက်ပွဲ အခမ်းအနားတစ်ခုတွင် ပြောခဲ့ခြင်းဖြစ်သည်။

ယင်းကာလ ဒီချုပ်အစိုးရက ဦးအောင်မင်း၏ အ‌ဆိုပါမှတ်ချက်အပေါ် တစုံတရာ တုန့်ပြန်ခဲ့ခြင်းမရှိဟု သတင်းများကဖော်ပြသည်။

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်သည့် ၂၀၂၀ ဇန်နဝါရီလက သမိုင်းဝင်ခရီးစဥ်တွင် မြန်မာနှင့် တရုတ်ကြား သဘောတူညီချက် ၃၃ချက် ရေးထိုးခဲ့သော်လည်း တရုတ်နိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများအတွက် အကွာအကွယ်ပေးနိုင်မည့် မျှော်လင့်ချက် မပါခဲ့ပေ။သမိုင်းတစ်လျှောက် တရုတ်ခေါင်းဆောင်များ၏ မြန်မာခရီးစဥ်တွင် ယင်းထက်များပြားသော သဘာတူညီချက် ရရှိခဲသည့် မှတ်တမ်းမရှိခဲ့သည်တိုင် မြန်မာအလုပ်သမားများသည် အမေ့လျော့ခံဖြစ်ခဲ့ရသည်။

လာရောက်ခဲ့သည့် ခရီးစဥ်အတွင်း တရုတ်၏ထိပ်တန်းဦးစားပေး ရပ်ဝန်းနှင့် ပိုးလမ်းကြောင်း BRIစီမံကိန်း၊ ရှုပ်ထွေးပွေလီနေပြီး ဂျာအေးအမေရိုက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးအကြောင်းနှင့် နှစ်နိုင်ငံကုန်သွယ်ရေးအကြောင်းများသာ ရှေ့တန်းရောက်ခဲ့သည်။

တရုတ်သမ္မတ ခရီးစဥ် အကြိုကာလနှင့် ပြန်သွားပြီး နောက်ပိုင်းဖော်ပြသည့် ပြည်တွင်းပြည်ပ မီဒီယာများ၏ သတင်းစာမျက်နှာများတွင်လည်း ပြည်တွင်းငြိမ်းချမ်းရေးတွင် တရုတ်၏အခန်းကဏ္ဍ မည်၍မည်မျှ ကြီးမားကြောင်းနှင့် နှစ်နိုင်ငံ စီပွားရေး စီမံကိန်းများအကြောင်းသာ ဦးစားပေးခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးက နေရာမရခဲ့ပေ။

မြန်မာနှင့် တရုတ်အပါအဝင် နိုင်ငံ ၆ နိုင်ငံပါဝင်သည့်
မဟာမဲခေါင်ဒေသတွင်းတွင် ပြည်ပသို့ထွက်ခွာသည့် ရွှေ့ပြောင်းလုပ်သား အရေအတွက်သည် မြန်မာနိူင်ငံမှ အများဆုံးဖြစ်နိိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)က ၂၀၁၈အတွင်း ပြုစုထားသည့် မြန်မာနိုင်ငံတွင် လုပ်သားရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ မူဝါဒဆက်စပ်ကိုက်ညီမှုကို တည်ဆောက်ခြင်း စာတမ်းတွင် ဖော်ပြထားသည်။

ခန့်မှန်းတွက်ချက်မှုများအရ လူဦးရေ၏ဆယ်ရာခိုင်နှုန်းသည် ပြည်ပသို့ ရွှေ​ပြောင်းသွားလာနေကြပြီး ထိုင်းနိုင်ငံတွင် သုံးသန်းခန့်နှင့် မလေးရှားနိုင်ငံတွင် ငါးသိန်းခန့်ရှိမည်ဟု ခန့်မှန်းထားသည်။ တရုတ်နိူင်ငံသို့ ရောက်ရှိနေနိုင်သည့် ရွှေပြောင်းမြန်မာလုပ်သားစာရင်းကိုမူ ဖော်ပြထားခြင်းမရှိသလို တရုတ်အစိုးရ၏ ကန့်သတ်မှုများကြောင့် ခန့်မှန်းခြေစာရင်းပင် မရနိုင်ဟု နှစ်နိုင်ငံနယ်စပ်တွင် အခြေစိုက်ထားသည့် အရပ်ဘက်အရေးဆောင်ရွက်သူများက ပြောသည်။

တရုတ်နိိုင်ငံသည် မြန်မာနှင့်အိမ်နီးချင်း အခြားနိုင်ငံများကဲ့သို့ မြန်မာလုပ်သားများအရေးဆောင်ရွက်ခွင့်အတွက် အရပ်ဘက်အရေးဆောင်ရွက်သည့် အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်မရှိဟု အရပ်ဘက်အရေးဆောင်ရွက်သူများကပြောသည်။

” အလုပ်သမားအဖွဲ့ မရှိသလို ဖွဲ့လို့လည်း မရဘူး။
တရုတ်နဲ့က လုပ်ရခက်တယ်။ ဒီဘက်က အရမ်းသွားပြောပြန်ရင်လည်း ရှိနေတဲ့လူတွေကို ဖိတာလေ” ဟု နယ်စပ်တွင် အခြေစိုက်ကာ မြန်မာများအရေး ကျဥ်းထဲကျပ်ထဲမှ ကူညီဆောင်ရွက်နေသည့် အရပ်ဘက်အသင်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရွှေ့ပြောင်းလုပ်သားများအား တရားဝင်ခေါ်ဆိုခြင်းမရှိသလို အလုပ်သမားရေးရာအသင်းအဖွဲ့များ ဖွဲ့စည်ခွင့် မရှိသည့်အတွက် တရုတ်ရောက် မြန်မာလုပ်သားများ၏ အသံကို ကမ္ဘာကရော မြန်မာကပါ ကြားနိုင်ရန် ခက်ခဲသည့် အခြေအနေဖြစ်သည်။

ထိုင်း၊ စက်ာပူ၊ မလေးရှားနိင်ငံများအပါအဝင် မြန်မာများ ရေကြည်ရာမြက်နုရာ သွားရောက်အလုပ်လုပ်ကိုင်နေသည့် အခြားနိုင်ငံများကဲ့သို့ နိုင်ငံသားကိုယ်စားပြုအသင်းအဖွဲ့များ ဖွဲ့စည်းခွင့်မရှိသည့် အခြေအနေကြောင့် နောက်ဆက်တွဲ နိုင်ငံသားအခွင့်အရေးဆုံးရှုံးမှုများကို ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ ​ဖြစ်ရပ်တစ်ခုက ကန့်လန့်ကာဖွင့်ပြခဲ့သည်။
အခြားနိုင်ငံရောက်မြန်မာများကဲ့သို့ လက်ရှိနိုင်ငံတွင်သာနေပြီး ရွေးကောက်ပွဲ မဲပေးခွင့်ရရေး ရွှေလီရောက် မြန်မာများက လမ်းပေါ်တက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ သို့သော် ရဲရင့်ခဲ့သော ထိုမြန်မာများသည် ဖမ်းဆီးထိန်းသိမ်းခြင်းသာ ခံခဲ့ရသည်။

အများစုကို နေ့ချင်း ပြန်လွတ်ပေးခဲ့ပြီး ဦးဆောင်သူအချို့ ထောင်ကျခဲ့သည်။ ရွေးကောက်ပွဲတွင် မဲပေးခွင့်မရခဲ့ကြသလို မဲပေးခွင့်ရအောင်လည်း မြန်မာအစိုးရက စွမ်းဆောင်မပေးနိုင်ခဲ့ပေ။

မြန်မာသည် အာဆီယံဆယ်နိုင်ငံနှင့်အတူ ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံဘုံသဘောတူညီချက်ကိုလက်မှတ်ရေးထိုးထားသည်။ ကိုယ့်နိုင်ငံသား၏ အခွင့်အရေးအတွက် နိင်ငံအချင်းချင်း ချမှတ်ခဲ့သည့် ယင်းဘုံသဘောတူညီချက်ထဲတွင် ရွှေ့ပြောင်းအလုပ်သမားများကို အပြည့်အဝကာကွယ်ပေးနိုင်ရေး နိုင်ငံခေါင်းဆောင်များကကြိုးပမ်းထားကြသည်။

အခန်း(၈)ခန်းပါဝင်သည့် အာဆီယံဘုံသဘောတူညီချက်တွင် ရွှေ့ပြောင်းအလုပ်သမားများနှင့်၎င်းတို့၏မိသားစုဝင်များ၏ အခြေခံအခွင့်အရေးများ၊ရွှေ့ပြောင်းအလုပ်သမားများ၏ သီးခြားအခွင့်အရေးများ၊ အလုပ်သမားစေလွှတ်သည့် နိူင်ငံများ၏ တာဝန်ဝတ္တရားများ၊အလုပ်သမားလက်ခံ
သည့် နိူင်ငံများ၏ တာဝန်ဝတ္တရားများ စသည်ဖြင့် သက်ဆိုင်ရာနိုင်ငံအစိုးရများက တိုင်းတစ်ပါးသို့ အလုပ်သွားရောက်လုပ်ကိုင်သည့် ၎င်းတို့၏ နိိုင်ငံသားများ အခွင့်အရေးနှင့် အကာအကွယ် ဒင်းပြည့်ကျပ်ပြည့် ရနိုင်စေရေး စာချုပ်ချုပ်ဆို ကာကွယ်ပေး ထားသည်။

အာဆီယံနိုင်ငံများနှင့် ခြံစည်းရိုးသာခြားသည့် တရုတ်နိုင်ငံမှ ရွှေ့ပြောင်းမြန်မာ လုပ်သားများစွာမှာမူ အထက်ပါအကာအကွယ်နှင့်အခွင့်အရေးများ မရခဲ့ကြပေ။ အမေ့လျော့ခံဘဝများဖြစ်နေခဲ့သည်။

တရုတ်သို့ အလုပ်သွားလုပ်သည့် အာရှဒေသတွင်း နိုင်ငံများစွာ ရှိနေသည့်တိုင် ကျန်နိုင်ငံများသည် မြန်မာနိင်ငံကဲ့သို့ နိင်ငံရေးအခြေအနေ ရှုပ်ထွေးပွေလီခြင်းမရှိ၍ ကိုယ့်နိုင်ငံသား၏ အခွင့်အရေးအတွက် ထိုက်သင့်သလိုစီမံကိုင်တွယ်နိုင်ကြသည်ဟု နိုင်ငံရေး ​ေလ့လာသူများကမှတ်ချက်ပြုသည်။

” အဓိကကတော့ တိုင်းပြည်မှာနိုင်ငံရေး ပြဿနာ ရှုပ် ထွေးနေတာပဲ။ ပြည်တွင်းကိစ္စပဲ အာရုံစိုက်နေရပြီး ပြည်ပကို အာရုံမစိုက်နိုင်ဘူး။ ကိုယ့်ကိစ္စတောင် ကိုယ်မနိုင် ဖြစ်နေတာ” ဟု ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဌ ဦးစိုင်းညွှန့်လွင်က
မှတ်ချက်ပြုသည်။

နိုင်ငံရေးပြဿနာများ၊ ပြည်တွင်းငြိမ်းချမ်းရေး အရှုပ်အထွေးများ၊ စီးပွားရေးနိမ့်ပါးမှုများ စသည်ဖြင့် ပြဿနာမျိုးစုံရှိနေသည့်တိုင် တရုတ်နိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများအား အကာအကွယ်မပေးနိုင်ခြင်းသည် မြန်မာ၏ အလုပ်သမားရေးရာ ဝန်ကြီးဌာန၏ တာဝန်မဲ့မှုက အကြောင်းတစ်ရပ်ဟုလည်း ဦးသန့်ဇင်က ဝေဖန်သည်။

လက်ရှိတွင် တရုတ်နိုင်ငံ၌ အခြေချနေထိုင်သူဖြစ်ပြီး စာရေးဆရာကြီး လူထုဦးလှနှင့် လူထုဒေါ်အမာ၏ သားဖြစ်စော ဦးသံချောင်းကမူ ပြည်ပအလုပ်သမားများအရေးတွင် မြန်မာအစိုးရအဆက်ဆက် တာဝန်မဲ့ခဲ့သည်ဟု သူ၏ ယူဆချက်ကို မှတ်ချက်ပြုသည်။

မြန်မာသည် လက်နက်ကိုင်ပဋိပက္ခ၊ မူးယစ်ဆေးဝါးပြဿနာများနှင့် စီးပွားရေးဆိုင်ရာစသည့် ပြဿနာများအား ဖြေရှင်းရာတွင် တရုတ်ကို လုံးလုံးလျားလျား မှီခိုနေရပြီး ယင်းသည် လိုအပ်ချက်ကြီးမားနေသလို ပြဿနာများစွာသည် တရုတ်တစ်နိုင်ငံတည်းနှင့် အလွမ်းသင့်နေရုံဖြင့် ပြေလည်မသွားနိုင်​ကောင်း သမိုင်းပညာရှင် ဒေါက်တာသန်းမြင့်ဦးက သူ၏ ဆောင်းပါးတစ်ပုဒ်တွင် သတိပေးရေးသားထားသည်။

နောက်ဆုံးကောက်ရိုးတစ်မျှင်

ကန့်သတ်ချက်မျိုးစုံကြောင့် တရုတ်ရောက် မြန်မာလုပ်သားများ၏ အသံကျယ်ကျယ်လောင်လောင်မကြားရသော်လည်း ပုဒ်စာတိုင်းတွင် အဖြေရှိရမည်ဖြစ်၍ ဘက်ပေါင်းစုံမှ ဝိုင်းဝန်းဖြေရှင်းသင့်သည်ဟု နယ်ပယ်ပေါင်းစုံကတိုက်တွန်းသည်။

” လူတိုင်းဟာ အသက်တွေ၊ ဘဝတွေ၊ မိသားစုတွေနဲ့ မဟုတ်လား။ အစိုးရရော အဖွဲ့အစည်းပေါင်းစုံကပါ ဝိုင်းပြီး အ​ဖြေရှာဖို့လိုတယ်”

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်ထားသည့် အမျိုးသမီးနှင့် ကလေးငယ်အရေး၊ တရုတ်ရောက်မြန်မာများအရေးကို ကူညီနေသူ အမျိုးသမီးတစ်ဦးက အကြံပြုခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် အကြောင်းမျိုးစုံကြောင့် မိသားစုနှင့်အဆက်အသွယ်မရသူများသာမက လူကုန်ကူးခံရသူများ၊ ဖမ်းဆီးခံရသူများအရေးနှင့် ပတ်သက်၍
လမ်းကြောင်းနှစ်ကြောင်း​ဖြင့် ဖြေရှင်းပေးနေသည်ဟု နယ်စပ်ရေးရာပြဿနာများ ​ဖြေရှင်းပေးနေသည့် မြန်မာ-တရုတ်နယ်စပ် မြို့နယ်အဆင့်ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မိသားစုနှင့်အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူဦးရေမှာ အနည်းအကျဉ်းသာရှိနိုင်ကြောင်း ၎င်းတို့ကပြောသော်လည်း နယ်စပ်ဒေသမှ အရပ်ဘက်အရေးဆောင်ရွက်သူများကမူ အကြောင်းရင်းမသိရပဲ ပျောက်ဆုံးနေသည့်မြန်မာများ များပြားစွာ ရှိနေသည်ဟု ဆိုသည်။

မိသားစုနှင့်အဆက်အသွယ်မရသူများကို ပြန်ရှာ‌ဖွေနိုင်ရန် ကာယကံရှင် နောက်ဆုံးအလုပ်လုပ်ခဲ့သော လုပ်ငန်းနှင့် ​လိပ်စာ၊၎င်း၏ကိုယ်ရေးအချက်အလက်အတိအကျနှင့် ရနိုင်ပါက နောက်ဆုံးသုံးခဲ့သော ဖုန်းနံပတ်တို့ဖြင့် တရုတ်နိုင်ငံရှိ သံရုံး(သို့မဟုတ်) နယ်စပ်ရှိ လူကုန်ကူးမှုတားဆီးနှိမ့်နင်းရေး ရဲတပ်ဖွဲ့ရုံးများသို့ ပို့ဆောင်ခြင်းအပြင် နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ပို့ဆောင်၍ အကူအညီတောင်းခံနိုင်သည်ဟု မြန်မာ-တရုတ်နယ်စပ် မြို့နယ်အဆင့်ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အချက်အလက်ပြည့်စုံစွာဖြင့် အကူအညီတောင်းခံပါက တရုတ်ဘက်မှ တာဝန်ရှိသူများနှင့် အဆင့်ဆင့်ချိတ်ဆက်ကာ မြေပြင်အခြေအနေကို စုံစမ်းပေးနိူင်သည်ဟု အထက်ပါ အရာရှိက သတင်းစကားပါးသည်။ သို့သော် ယင်းကဲ့သို့ အကူအညီတောင်းခံနိုင်သည့်အကြောင်းနှင့် ဆက်သွယ်ရမည့် ဖုန်းနံပတ်၊ email လိပ်စာတို့ကို သိရှိသူ အလွန်နည်းပါးသည်ဟု ဆိုသည်။

အစိုးရ၏ တရားဝင်ထုတ်ပြန်သည့် တရုတ်၌ လူကုန်ကူးခံရမှုကိန်းဂဏန်းသည်ပင် မြေပြင်တွင် ထွက်ပေါ်နေသည့် လူကုန်ကူးသတင်းများနှင့် သိသိသာသာလျော့နည်းကွာဟနေသည့် ယနေ့ခေတ်အခြေအနေတွင် နယ်စပ်နှင့်အလှမ်းဝေးသော တရုတ်ပြည်တွင်းဒေသများ၌ မြန်မာများရင်ဆိုင်နေရသော အခက်အခဲများသည် လူသိနည်းသလို မည်၍ မည်မျှ ပြန်လည်ကယ်တင်နိုင်ကြောင်းလည်း အစိုးရဌာနများအား မေး၍ မရခဲ့ပေ။

တရုတ်သည် မြန်မာအပေါ် သံတမန်ရေးတွင် အသာစီးရယူထားနိူင်ပြီး ယခင်ရောယခု လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် မြန်မာရွှေပြောင်းလုပ်သားများသည် အပြစ်ပယ်ခံဘဝရောက်နေရသည်ဟု ဦးသန့်ဇင်က မှတ်ချက်ပြုသည်။

” တရုတ်ကမြန်မာအပေါ်မှာသံတမန်ရေးအထက်စီးရထားပါတယ်။ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံအပေါ်နိုင်ငံတကာရဲ့ဖိအားတွေမှာမြန်မာဟာတရုတ်ရဲ့ veto ဗီတိုအောက်မှာအကာအကွယ်ယူနေရလို့ဖြစ်ပါတယ်။စစ်အစိုးရအဆက်ဆက်လက်ထက်မှာ တရုတ်ကိုကြောက်ရတာရယ်ဒီမိုကရေစီအစိုးရလက်ထက်မှာသက်ဆိုင်ရာဝန်ကြီးဌာနကအစိုးရထံနားပေါက်အောင်မတင်ပြတာကြောင့်ကိုယ့်နိုင်ငံသားရွှေ့ပြောင်းအလုပ်သမားတွေ ထင်သလိုထင်ရာစိုင်းဆောင်ရွက်ခံနေရတာ” ဟု ဝန်ထမ်းလုပ်သက် ဆယ်စုနှစ်သုံးခုမနည်း ဖြတ်သန်းခဲ့သည် ဦးသန့်ဇင်က ပြောသည်။

တရုတ်နိုင်ငံရှိ ကောင်စစ်ဝန်ရုံးနှင့် သံရုံးတာဝန်ရှိသူအချို့ကမူ ၄င်းတို့အနေဖြင့် မြန်မာလုပ်သားများအရေး ဖိဖိစီးစီးဆောင်ရွက်နေသည်ဟု ပြော​ကြားထားသည်။

အဖမ်းခံရပြီး မိသားစုနှင့် အဆက်အသွယ်မရသူများသည် ကြီးလေးသည့်ပြစ်မှုတစ်ခုခုကြောင့် နှစ်ရှည်ထောင်ဒဏ်ကျခံနေရခြင်းကြောင့် ဖြစ်နိုင်သည်ဟု နယ်စပ်ဒေသ တာဝန်ကျအရာရှိတစ်ဦးကပြောသည်။
မူးယစ်ဆေးမှုနှင့် လူကုန်ကူးမှုကို ကြီးလေးသည့် ပြစ်မှုများဖြင့် တရုတ်အစိုးရက သတ်မှတ်ထားပြီး အနည်းဆုံးထောင်ဒဏ် (၂)နှစ်မှ နှစ်(၂၀)အထိ ချမှတ်သည့် မှတ်တမ်းများရှိသည်ဟု ဆိုသည်။ ယင်းသို့ ရင်ဆိုင်ရပါက မိသားစုနှင့်လပေါင်းများစွာအကြာမှသာ တွေ့ခွင့်ရသည်ဟု ရှင်းပြသည်။ စစ်ဆေးဆဲ အခြေအနေတွင် မည်သူနှင့်မျှ တွေ့ခွင့်မပေးဘဲ ထောင်ဒဏ်အမိန့်ချမှတ်ပြီးမှသာ မိသားစုထံ ဆက်သွယ်ခွင့်ပြုသာ်ဟု ဆိုသည်။

ယခု ဆောင်းပါးပါ ထောင်ဒဏ် (၂)နှစ် ကျခံခဲ့ရသည် ကိုဘရန်နန်ကိုယ်တိုင် အဖမ်းခံရပြီး( ၆) လခန့်ကြာမှသာ မိသားစုနှင့် ပထမဆုံးအကြိမ်တွေ့ခွင့်ရခဲ့ခြင်းဖြစ်သည်။
ထောင်ဒဏ်ချမှတ်ခံရပြီး မိသားစုနှင့် အဆက်အသွယ်ပါက တစ်ပတ်တစ်ကြိမ်တွေ့ခွင့်ပေးသော်လည်း အများစုသည် မိသားစုဝင်များနှင့် မဆက်သွယ်နိုင်ကြဟု ကိုဘရန်နန်က သူ့အတွေ့အကြုံကိုမျှဝေသည်။ ယခုမူ ကိုဗစ်ရောဂါထိန်းချုပ်နိုင်ရေးအတွက် နယ်စပ်ကိုပိတ်ထားရာ ယခင်ကထက် ပို၍ အကျပ်ရိုက်နေသည်။

ယနေ့အချိန်တွင်တော့ ကမ္ဘာကြီးသည် ကိုဗစ်ကပ်ရောဂါကြောင့် အသက်ရှုကျပ်နေချိန် မြန်မာမှာမူ ကပ်ရောဂါဘေးရော စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲ စားဝတ်နေရေကျပ်တည်းမှု၊ အလုပ်အကိုင်ရှားပါးမှုနှင့် ကျန်းမာရေးအခြေအနေ နိမ့်ပါးချိနဲ့နေမှုများပါ စိုးရိမ်ရေမှတ်အထက်သို့ရောက်ရှိနေသည်။ ပြည်တွင်းမှ မြန်မာများက ကိုယ့်အပူနှင့်ကိုယ် ပူလောင်မောဟိုက်နေချိန်ဖြစ်၍ တရုတ်နိုင်ငံရောက် မြန်မာလုပ်သားများ၏ ညည်းတွားသံက ခပ်မှိန်မှိန်သာ ရှိနေသည်။

မည်သို့ပင်ဆိုစေ
တရုတ်နိုင်ငံသို့ အလုပ်သွားလုပ်ရင်း မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေသူ၊ ပျောက်ဆုံးနေသူများ၏ အသံကို လူ့အဖွဲ့အစည်းအနေဖြင့် ကြားနိုင်သမျှကြားအောင် အားစိုက်နားထောင်ပေးစေလိုကြောင်း ညီမပျောက်ရှာပုံတော်ဖွင့်နေသည့် မခင်သူဇာက တောင်းဆိုသည်။

” အမေက အိမ်လဲမလိုချင်ဘူး။ငွေလဲမလိုချင်တော့ဘူး။အမေ့သမီးပြန်လာတာပဲ အမေလိုချင်တာပါတဲ့။ အမေ့မျက်ရည်တွေရပ်စေဖို့၊အမေ့ဝမ်းနည်းမှုတွေပျောက်စေဖို့ညီမလေးကိုပြန်လာစေချင်ပါပြီ”
—-

တရုတ်နိုင်ငံရောက် ရွှေ​ပြောင်းမြန်မာလုပ်သားများအရေး သတင်းပေးပို​့အကူအညီတောင်းနိုင်သော နေရာများ

ပေကျင်းရှိ မြန်မာသံရုံး mail လိပ်စာ – info@myanmarembassy.com

မူဆယ်နယ်စပ်လူကုန်ကူးမှုတားဆီးနှိမ့်နင်းရေးရဲတပ်ဖွဲ့ မြန်မာဖုန်း ၀၉-၄၂၀၁၂၃၈၅၆

လောက်ကိုင်နယ်စပ်လူကုန်ကူးမှုတားဆီးနှိမ့်နင်းရေးရဲတပ်ဖွဲ့ မြန်မာဖုန်း ၀၉ -၂၅၆၁၃၃၅၄၈
တရုတ်ဖုန်း ၁၅၆၈၇၉၃၇၃၇၄

လွယ်ဂျယ်နယ်စပ်လူကုန်ကူးမှုတားဆီးနှိမ့်နင်းရေးရဲတပ်ဖွဲ့ မြန်မာဖုန်း ၀၉- ၇၇၀၆၆၉၇၈၉

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*