တပ်သိမ်းမြေများကို စစ်ကောင်စီက UWSA ပိုင် ဟုန်ပန်းကုမ္ပဏီထံသို့ စက်ရုံတည်ဆောက်ရန် ပြန်ခွင့်ပြု

တပ်သိမ်းမြေများကို စစ်ကောင်စီက UWSA ပိုင် ဟုန်ပန်းကုမ္ပဏီထံသို့ စက်ရုံတည်ဆောက်ရန် ပြန်ခွင့်ပြု

 

ရန်ကုန်၊ သြဂုတ် ၂၆

 

ထိုင်း- မြန်မာနယ်စပ် တာချီလိတ်မြို့၏ အရှေ့ဘက်ရှိ ဧက ၁၀၀ခန့်ကို အကြမ်းဖက်စစ်ကောင်စီက ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ပိုင် ဟုန်ပန်းကုမ္ပဏီထံသို့ စက်ရုံတည်ဆောက်ခွင့်ပြုလိုက်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယနေ့ ထုတ်ပြန်သည်။

 

ယင်းမြေဧက ၁၀၀ခန့်သည် ၁၉၉၈-၁၉၉၉ ခုနှစ်တွင် စစ်တပ်က စက်မှုဇုန်တည်ဆောက်ရန်ဆိုကာ အဓမ္မသိမ်းယူထားသည့် ဧက ၆၀၀ရှိ လယ်ယာမြေများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယင်းနေရာတွင် ဟုန်ပန်းကုမ္ပဏီက စက်ရုံ နှစ်ရုံတည်ဆောက်ရန် ပြန်လည်ကြိုးပမ်းနေခြင်းဖြစ်သည်။

 

ဟုန်ပန်းကုမ္ပဏီများအုပ်စုက ၂၀၀၁ခုနှစ်ကတည်းက ရယူထားခြင်းဖြစ်သော်လည်း စက်ရုံမတည်ဆောက်ဖြစ်ခဲ့ကြောင်းနှင့် ဟောင်လိတ်လယ်သမားများက လယ်ယာမြေများပြန်ရရေး ၂၀၁၁ခုနှစ်တွင် ပြန်လည်တောင်းဆိုခဲ့ကြသည်။

 

NLD အစိုးရလက်ထက် ၂၀၁၉ခုနှစ် စက်တင်ဘာလဆန်းပိုင်းတွင် ရှမ်းပြည်နယ်အစိုးရက ဟုန်ပန်းကုမ္ပဏီလက်အောက်ခံ လွိုင်ဆမ်ဆောင်းကုမ္ပဏီအား ဧက ၁၀၀ရှိ မြေကွက်ပေါ်တွင် ရော်ဘာသန့်စင်စက်ရုံနှင့် မန်းဂနိစ် သန့်စင်စက်ရုံတည်ဆောက်ရန် ခွင့်ပြုပေးခဲ့သေးသည်။

 

ယင်းနှစ် အောက်တိုဘာလတွင်မူ ကုမ္ပဏီဘက်က ခြံစည်းရိုးခတ်ရန် ကြိုးပမ်းခဲ့ရာ လယ်သမားများက တားမြစ်ခဲ့သဖြင့် တရားစွဲဆိုခံခဲ့ရပြီး လုပ်ငန်းများရပ်တန့်ခဲ့ပြီးနောက် ၂၀၂၀၊ ၂၀၂၁ နှစ်အစောပိုင်းများထဲတွင် ကုမ္ပဏီက ခြံစည်းရိုးစိုက်ထူရန် ထပ်မံကြိုးပမ်းရာ လယ်သမားများက ထပ်မံကန့်ကွက်ခဲ့ကြသည်။

 

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် မေလ ၆ရက်တွင်မူ ဟုန်ပန်းကုမ္ပဏီက ဘူဒိုဇာဖြင့် မြေညှိရန် စတင်ပြင်ဆင်ပြီး အကြိမ်ကြိမ်ကြိုးပမ်းသော်လည်း လယ်သမားများ၊ ဒေသခံများကလည်း အကြိမ်ကြိမ်ကန့်ကွက်ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဖော်ပြသည်။

 

ယင်းသို့ လယ်သမားများကန့်ကွက်ခြင်းမှာ လယ်ယာမြေများဆုံးရှုံရမည့်အပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှု အထူးစိုးရိမ်ရသည့်အခြေအနေနှင့် နောက်ဆက်တွဲ ကျန်းမာရေးနှင့် လူမှုစီးပွားဆိုင်ရာဆိုးကျိုးများ မလွဲမသွေရင်ဆိုင်ရမည်ဖြစ်သောကြောင့် ယင်းသို့ ကန့်ကွက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

 

စက်ရုံတည်ဆောက်ခွင့် ပြန်ပေးခြင်းနှင့် မူလပိုင်ရှင်လယ်သမားများ ကန့်ကွက်သည့်အခါ ရဲတပ်ဖွဲ့က ပါဝင်တားမြစ်နေခြင်းသည် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ နောက်တွင် အကြမ်းဖက်စစ်ကောင်စီက အခိုင်အမာရှိနေကြောင်း သိသာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သုံးသပ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*