ထားဝယ်မြို့တွင် စစ်ကောင်စီဖမ်းဆီးသွားသူ တစ်ဦး ၃ရက်အတွင်းသေဆုံ

ထားဝယ်မြို့တွင် စစ်ကောင်စီဖမ်းဆီးသွားသူတစ်ဦး ၃ရက်အတွင်းသေဆုံး

ဝေယံမိုး – မဇ္ဈိမ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ဒေါင်းငူရပ်ကွက်တွင် သြဂုတ်လ ၁၁ ရက်ညတွင် အဖမ်းခံလိုက်ရသည့် ကိုအောင်ယုသည် သုံးရက်အကြာတွင် သေဆုံးခဲ့ကြောင်း ၎င်း၏ ဇနီးထံမှ သိရသည်။

သြဂုတ်လ ၁၁ ရက်၊ ဒေါင်းငူရပ်ကွက်တွင် ရဲတပ်ကြပ်တစ်ဦး သေနတ်ပစ်ခံရပြီးနောက် ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် လိုက်လံရှာဖွေရာက အသက် ၃၅ နှစ်အရွယ်၊ ကိုအောင်ယုကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဇနီးဖြစ်သူ မသီတာမြင့်က မဇ္ဈိမကိုပြောသည်။

“အဲဒီနေ့က ရဲအပစ်ခံရပြီး စစ်သားတွေရပ်ကွက်ထဲခြေရှုပ်အောင်ပတ်ရှာကြတယ်၊ ကျွန်မအမျိုးသားက နည်းနည်းမူးနေတာပေါ့နော်၊ သူ့ကိုက ကျွန်မတို့သန်းခေါင်စာရင်းထဲမထည့်ရသေးတော့ လာစစ်ရင် အဖမ်းခံရမှာစိုးရိမ်လို့ ပုန်းနေတာ၊ စစ်သားတွေလာစစ်တော့ သူ့ကိုတွေ့သွားတာ၊ ပုန်းနေတာဆို‌တော့ပိုဆိုးသွားတာပေါ့၊ အဲ့ဒီမှာအဖမ်းခံရတာပါ” ဟု၎င်း၏အမျိုးသားအဖမ်းခံရပုံကိုပြောသည်။

ထား၀ယ်မြို့မ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီးနောက် အမျိုးသမီးဖြစ်သူမှ ထမင်းပို့နေရသော်လည်း လူချင်းတွေ့ခွင့်မရခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ဩဂုတ်လ ၁၄ ရက်တွင် ရပ်ကွက်တာဝန်ရှိသူတစ်ဦးနှင့်အတူ ထားဝယ်မြို့မရဲစခန်းတွင် သွားထုတ်ရာ အမျိုးသားဖြစ်သူမှာ သတိလစ်နေ၍ ဆေးရုံပို့ရမည်ဟု ရဲတပ်သားတစ်ဦးကပြောကြောင်းသိရသည်။

“အစ်မခဏစောင့်ဦးတဲ့ အစ်မအမျိုးသားက သတိလစ်နေလို့တဲ့၊ ဆေးရုံပို့မယ်ဆိုပြီး သူတို့ခေါ်သွားကြတယ်၊ အမျိုးသားကို မြင်လဲမမြင်ရဘူး၊ ဆေးရုံလိုက်ခွင့်တောင်းတော့လည်း မလိုက်ခိုင်းဘူး၊ ထိုင်စောင့်နေရင်း နှစ်နာရီလောက်ကြာမှ အမျိုးသားသေပြီဆိုတာသူတို့ကလာပြောကြတာ ” ဟု မသီတာမြင့်ကဆိုသည်။

ကိုအောင်ယုသေဆုံးရသည်ကို ကိုဗစ်ရောဂါကြောင့်ဟု ရဲစခန်းဘက်မှပြောကြားခြင်းအပေါ် အမျိုးသမီးဖြစ်သူက ငြင်းဆိုသည်။

“ကိုဗစ်နဲ့သေတာလို့ပြောတယ်၊ ကျွန်မယောက်ျားက ကျန်းမာရေးကောင်းတယ်၊ ဘာကိုဗစ်မှလည်းမဖြစ်ဘူး၊ နောက်ပြီး အမျိုးသားရုပ်အလောင်းကိုလဲသေချာမကြည့်လိုက်ရဘူး၊ အစ္စလာမ်ဘာသာရေးအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး မြေချလိုက်ကြတာ” ဟုသူမက ဆိုသည်။

ထားဝယ်မြို့၊ခုတင် ၁၀၀ စစ်ဆေးရုံမှာ သေဆုံးသူ ကိုအောင်ယုရဲ့ ရုပ်အလောင်းကို ထုတ်ယူကာ ညနေ ၄ နာရီခွဲအချိန်တွင် ဇဟာကျေးရွာရှိ အစ္စလာမ်ဥယျာဥ်တော်အတွင်း မြေမြှုပ်ခဲ့ကြခြင်းဖြစ်သည်။

“ကျွန်မတို့မှာ အရွယ်မရောက်သေးတဲ့ သမီးလေးနှစ်ဦးရှိတယ်၊ သူမရှိတော့ ဒီလိုပဲရုန်းကန်ရတော့မှာပေါ့၊ ဒီလိုဖြစ်တာနဲ့ပါတ်သတ်ပြီးတော့ဘာမှ မပြောတတ်ပါဘူး၊ စိတ်မကောင်းတော့အရမ်းဖြစ်ရပါတယ်” ဟု အမျိုးသားသေဆုံးရသည့်အတွက် ဖြစ်ပေါ်သည့် ခံစားချက်ကို ထုတ်ဖော်ပြောပြသည်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ် ဒေါင်းငူရပ်ကွက်၊ထက်လင်းဗီဒီယိုရုံဟောင်း အနီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င်တစ်ဦးဖြစ်သည့် အသက် ၃၀ ကျော်အရွယ် ဦးအောင်ဇင်ဌေးသည် ဩဂုတ် ၁၁ ရက် ညနေ ၅ နာရီခန့်အချိန်တွင် သေနတ်ပစ်ခတ်ခံခဲ့ရမှုဖြစ်ပွားခဲ့သည်။

ထိုပစ်ခတ်မှုအား မြို့ပြ‌ပြောက်ကျားစစ်ဆင်ရေးနှင့် သတင်းပေး(ဒလံ)များအား အမြစ်ပြတ်‌ချေမှုန်းနိုင်ရေး လှုပ်ရှားနေသောအဖွဲ့စည်းတစ်ခုဖြစ်သည့် Guerrilla Dawei ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အစ္စလာမ်ဘာသာဝင်ဖြစ်သည့် ကိုအောင်ယုအသတ်ခံရမှုအတွက်ဝမ်းနည်းကြောင်းနှင့် Guerrilla Dawei အဖွဲ့စည်းနှင့် ထားဝယ်ပြည်သူလူထုကြား သွေးကွဲစေရန်၊ အမုန်းတရားပွားစေရန်နှင့် ဘာသာရေးပဋိပက္ခဖြစ်ပွားစေရန် စစ်ကောင်စီဘက်မှ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်လိုက်ခြင်းသာ ဖြစ်ကြောင်း Guerrilla Dawei ထုတ်ပြန်ထားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*