ထောင်ဝင်စာပို့ဖို့ ကူညီပေးနေတဲ့အဖွဲ့ရဲ့ ငွေစာရင်းတချို့ အပိတ်ခံရ

ထောင်ဝင်စာပို့ဖို့ ကူညီပေးနေတဲ့အဖွဲ့ရဲ့ ငွေစာရင်းတချို့ အပိတ်ခံရ

Aug 17.2021
အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံရသူတွေအပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြရင်း ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို မိသားစုဝင်တွေဆီကတဆင့် ထောင်ဝင်စာပို့ဖို့အကူအညီပေးလုပ်ဆောင်ပေးနေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ ဆိုတဲ့ အစီအစဉ်က ငွေစာရင်းတချို့ကို သက်ဆိုင်ရာငွေလွှဲလုပ်ငန်းကပိတ်သိမ်းလိုက်တယ်လို့ အဖွဲ့ကဦးဆောင်သူတွေက ပြောပါတယ်။

” ၁၃ရက်နေ့ကစပိတ်ခံရတာ။ ထောင်ဝင်စာပို့ကြမယ်က ငွေစာရင်းတစ်ခုဖြစ်တဲ့ wave အကောင့်ကိုပိတ်တာ။ ဖုန်းဆက်ကြည့်တော့ အာဏာပိုင်တွေက ပိတ်ခိုင်းတယ်ပဲပြောတယ်။ ကျွန်တော်တို့ငွေစာရင်းတွေ အထဲမှာကျန်သေးတယ်ပြောတော့လည်း သက်ဆိုင်ရာကပိတ်ခိုင်းတာ။ စိစစ်ပေးမယ်ပဲပြောတယ်” လို့ ထောင်ဝင်စာပို့ကြမယ်အစီစဉ်ရဲ့ ဦးဆောင်သူ တကသ ကျောင်းသားဟောင်းများအင်အားစုက ကိုဇေယျာလွင်က ဘီဘီစီကိုပြောပါတယ်။

ထောင်ဝင်စာပို့ကြမယ်အစီအစဉ်ဟာ အာဏာသိမ်းပြီးနောက် တကသ ကျောင်းသားတချို့ ထောင်ထဲကပြန်လည်လွတ်မြောက်လာပြီးချိန်မှာ စတင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုထောင်ဝင်စာပေးပို့ကူညီရာမှာအများစုဟာ ထောင်ဝင်စာပို့ဖို့ ခက်ခဲနေတဲ့ မိသားစုတွေဖြစ်ပြီးတော့မိသားစုတွေကိုယ်တိုင် ပေးပို့နိုင်အောင် အဖွဲ့ကနေ ထောင်ဝင်စာပစ္စည်းတွေစီစဉ်ပေးနေတာလည်းဖြစ်ပါတယ်။

ဒီလိုပေးပို့ရာမှာ တလကိုနှစ်ကြိမ်ထောင်ဝင်စာပေးပို့ဖို့လုပ်ဆောင်ပေးနိုင်ပြီး ရန်ကုန်အင်းစိန်အကျဉ်းထောင် ၊ မန္တလေးအိုးဘိုထောင် နဲ့တောင်ငူအကျဉ်းထောင်တွေကို ချိတ်ဆက်ပေးပို့နေတာဖြစ်ပြီး လူဦးရေ ၂ဝဝ လောက်ထိ ထောင်ဝင်စာပေးပို့နိုင်တယ်လို့ သိရပါတယ်။

အခုလို ထောင်ဝင်စာပေးပို့ပေးနေတဲ့အစီအစဉ်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်ရင်း အကျဉ်းထောင်တွေထဲကို ရောက်ရှိသွားသူတွေကို ကူညီပေးနေတာဖြစ်တဲ့အတွက်တော်လှန်ရေးရဲ့ တစိတ်တပိုင်းဖြစ်လို့ အခုလို ငွေစာရင်းပိတ်ခံရတာတွေ ၊ ပါဝင်သူတွေရဲ့ လုံခြုံရေးစိုးရိမ်ရတာတွေလည်း ရှိနေတာဖြစ်တယ်လို့ အစီအစဉ်ဦးဆောင်သူတွေက သုံးသပ်ပါတယ်။

တဖက်မှာလည်း ဗဟိုဘဏ်ကနေဘဏ်တွေ၊ ငွေကြေးလွှဲပြောင်းဆောင်ရွက်မှုလုပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို တရားမဝင်ငွေလွှဲပြောင်းမှုတွေကို စောင့်ကြည့်ပြီး တွေ့ရှိပါက ဗဟိုဘဏ်ကိုအကြောင်းကြားဖို့ပြောဆိုထုတ်ပြန်ထားပြီးပျက်ကွက်ခဲ့ရင်ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ နဲ့အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။အဲ့ဒီနောက်ပိုင်းမှာ စစ်ဘေးရှောင်တွေကို ကူညီလုပ်ဆောင်ပေးနေသူတွေရဲ့ငွေစာရင်းတချို့အပိတ်ခံရတာတွေနဲ့အခုလို ထောင်ဝင်စာပေးပို့ကူညီသူတွေရဲ့ ငွေစာရင်းတွေ အပိတ်ခံရတဲ့ဖြစ်ရပ်တွေဖြစ်လာတယ်လို့ငွေစာရင်းအပိတ်ခံရသူတွေက ဆိုပါတယ်။

BBC

Be the first to comment

Leave a Reply

Your email address will not be published.


*