ဒလန်များကို ဆုကြေးငွေချီးမြှင့်ပေးရန် စစ်ကောင်စီအဖွဲ့ဝင်များ တောင်းဆို 

ဒလန်များကို ဆုကြေးငွေချီးမြှင့်ပေးရန် စစ်ကောင်စီအဖွဲ့ဝင်များ တောင်းဆို

 

မဇ္ဈိမ

 

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူများကို ဖမ်းဆီးနိုင်ရေးအတွက် စစ်တပ်သတင်းပေးသူ (ဒလန်) များကို ဆုကြေးငွေချီးမြှင့်ပေးရန် စစ်ကောင်စီအဖွဲ့ဝင်များက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ တင်ပြတောင်းဆိုကြသည်။

 

အာဏာသိမ်း စစ်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာဗညားအောင်မိုးနဲ့ ဦးရွှေကြိမ်းတို့က ထိုသို့ တညီတညွတ်တည်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

 

ဩဂုတ် ၂၃ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အာဏာသိမ်း စစ်ကောင်စီအစည်းအဝေးတွင် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဩဂုတ် ၂၄ ရက်ထုတ် စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။

 

ထို့အပြင် CRPH၊ NUG နှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများအား ငွေကြေးနှင့် ပစ္စည်းများ စုဆောင်းထောက်ပံ့နေသူများကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူပေးရန် စစ်ကောင်စီအဖွဲ့ဝင်များက တိုက်တွန်းခဲ့ကြသည်။

 

၎င်းတို့က ဒေါ်လာဈေးနှင့် ရွှေဈေးအား ဈေးကစားနေသူများကို ရှာဖွေဖော်ထုတ်အရေးယူရန်၊ PDF များအား သင်တန်းပေးခြင်းနှင့် လက်နက်ပစ္စည်းများ ထောက်ပံ့နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ထိရောက်စွာ တားဆီးပေးရန် စစ်ကောင်စီဥက္ကဋ္ဌကို တင်ပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။

 

ယင်းသို့တင်ပြချက်များနှင့် ပတ်သက်၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က CRPH နှင့် NUG လက်အောက်ခံ အဖွဲ့စည်းများကို အရေးယူနိုင်ရေး ဆောင်ရွက်နေပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး မထိခိုက်အောင် ဂရုပြုဆောင်ရွက်ရမည်ဟု ပြောကြားခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေးက ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းယူချိန် ခုနှစ်လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အာဏာသိမ်း စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား တစ်စုံတခုကိုမျှ ထိန်းချုပ်နိုင်ခြင်း မရှိသေးသည့်အပြင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခံနေရမှုများရှိနေပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများလည်း ဆက်ရှိနေဆဲဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*