နယ်မြေအရှုံးပေးခဲ့ရတဲ့ အခဲမကျေစိတ်ကြောင့် အာမေးနီးယားလွှတ်တော်မှာ လက်သီးထိုးရန်ပွဲကြီး ဖြစ်ပွား 

နယ်မြေအရှုံးပေးခဲ့ရတဲ့ အခဲမကျေစိတ်ကြောင့် အာမေးနီးယားလွှတ်တော်မှာ လက်သီးထိုးရန်ပွဲကြီး ဖြစ်ပွား

 

ဩဂုတ် ၂၆

 

နာဂေါ်နို-ကာရာဘတ်ရှ်ဒေသ ထိန်းချုပ်နိုင်ရေးအတွက် အဇာဘိုင်ဂျန်နဲ့ မနှစ်က စစ်ပွဲမှာ အညံ့ခံခဲ့တာနဲ့ ပတ်သက်လို့ စိတ်ဝမ်းကွဲဆဲ အာမေးနီးယားနိုင်ငံရဲ့ ဗုဒ္ဓဟူးနေ့ လွှတ်တော်အစည်းအဝေးမှာ လက်သီးထိုးရန်ပွဲကြီး ဖြစ်ပွားခဲ့ပါတယ်။

 

ဆယ်စုနှစ်များစွာ ထိန်းချုပ်ထားခဲ့တဲ့ အဲဒီ ပိုင်နက်ရဲ့ နယ်မြေအများအပြားကို အဇာဘိုင်ဂျန်ဆီ ပေးအပ်ခဲ့ရတယ်လို့ ရှုမြင်ခံရတဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ်ကြောင့် အာမေးနီးယား ဝန်ကြီးချုပ် နီကိုး ပါရှင်ယန်းဟာ ပြည်တွင်းမှာ လူထုတုံ့ပြန်မှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

 

ဆန္ဒပြပွဲတွေနဲ့ ကြီးထွားလာတဲ့ မကျေနပ်ချက်တွေ လများစွာအကြာမှာ သူ ခေါ်ယူတဲ့ ဇွန်လအတွင်းက ကြားဖြတ်ရွေးကောက်ပွဲမှာပဲ ပါရှင်ယန်းရဲ့ ပါတီဟာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြန်ပါတယ်။

 

ဒါပေမဲ့ ကာရာဘတ်ရှ်ဒေသ လက်လွှတ်ခဲ့ရတာနဲ့ ပတ်သက်လို့ ပါရှင်ယန်းကို ထောက်ခံသူတွေနဲ့ အတိုက်အခံတွေကြား အပြန်အလှန် အပြစ်ဖို့နေတာကြောင့် အသစ်ဖွဲ့စည်းတဲ့ လွှတ်တော်မှာ ဘုံရပ်တည်ချက် ရရှိရေး အသည်းအသန် ကြိုးစားနေရတာပါ။

 

ဗုဒ္ဓဟူးနေ့က ပါလီမန်အစည်းအဝေးမှာ အတိုက်အခံ ပါတီဝင်တွေက ပါရှင်ယန်းရဲ့ Civil Contract ပါတီက လွှတ်တော်ဥက္ကဋ္ဌဖြစ်သူကို ရေဘူးတွေနဲ့ စတင်ပစ်ပေါက်ကြပါတယ်။ အဲဒါကနေ ရန်ပွဲဖြစ်ပွားပေါ်ပေါက်တာကြောင့် လွှတ်တော်ဥက္ကဋ္ဌဟာ အစည်းအဝေးကို ရပ်နားပြီး လုံခြုံရေးခေါ်ယူခဲ့ရပါတယ်။ ပစ်ပေါက်ထားကြတဲ့ ရေဘူးတွေနဲ့ လက်ဆေးရည်ဘူးတွေကို ရှင်းလင်းဖယ်ရှားခဲ့ရပါတယ်။

 

လွှတ်တော်အစည်းအဝေးကို ပြန်စတဲ့အခါမှာ အတိုက်အခံ လက်ထောက်တစ်ဦးကို မေးခွန်းတွေ အဆက်မပြတ်မေးပြီး အနှောင့်အယှက်ပေးရာကနေ နောက်ထပ် ရန်ပွဲ ထပ်ဖြစ်ပြန်ပါတယ်။ အဲဒီအခါမှာ ပါရှင်ယန်းရဲ့ ပါတီဝင်တွေဟာ အတိုက်အခံအမတ်တွေကို ထိုးနှက်ဖို့ လုပ်ရာကနေ လွှတ်တော်ကြမ်းပြင်မှာ လက်သီးထိုးရန်ပွဲကြီး ဖြစ်တော့တာပါ။

 

လုံခြုံရေးတွေကနေပြီး ပါလီမန်လွှတ်တော်အမတ်အချို့ကို ခေါ်ထုတ်ရှင်းလင်းခဲ့ရသလို လွှတ်တော်အမတ်တစ်ဦး မျက်လုံး ဒဏ်ရာရလို့ ဆေးရုံတင်လိုက်ရပါတယ်။ အစောပိုင်းရက်ကလည်း အခြား အတိုက်အခံ အမျိုးသမီး လွှတ်တော်အမတ်တစ်ဦးက ပါရှင်ယန်းပါတီကို ထောက်ခံသူတွေဟာ အညံ့ခံသမားတွေလို့ ပြောဆိုတာကြောင့် လွှတ်တော်ကနေ ခေါ်ထုတ်သွားခံရပါတယ်။

 

အာမေးနီးယားနိုင်ငံအနေနဲ့ အငြင်းပွား နာဂေါ်နို-ကာရာဘတ်ရှ်ဒေသအရေးမှာ လူပေါင်း ၆၅၀၀ ကျော် သေဆုံးခဲ့ရတဲ့ အဇာဘိုင်ဂျန်နဲ့ ပြီးခဲ့တဲ့ ဆောင်းဦးက ခြောက်ပတ်ကြာ စစ်ပွဲမှာ အရေးနိမ့်ခဲ့ချိန်ကစလို့ နိုင်ငံရေးအကျပ်အတည်း ကြုံတွေ့နေတော့တာ ဖြစ်ပါတယ်။

 

တိုက်ပွဲဟာ ရုရှကြားဝင်ဖြန်ဖြေတဲ့ အပစ်ရပ်နဲ့ အဆုံးသတ်ခဲ့ပြီး ၁၉၉၄ ကစလို့ အာမေးနီးယားတပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားခဲ့တဲ့ ကာရာဘတ်ရှ်ဒေသ အစိတ်အပိုင်းတွေနဲ့ ပတ်လည်ခရိုင်တွေကို အဇာဘိုင်ဂျန်က ထိန်းချုပ်ခွင့် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

 

 

Credit – Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*