နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိကသမ္မတဟောင်း ဒီကလပ်က NUG အစိုးရကို ကုလသမဂ္ဂ အသိအမှတ်ပြုရေး လက်မှတ်ရေးထိုး တောင်းဆို

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိကသမ္မတဟောင်း ဒီကလပ်က NUG အစိုးရကို ကုလသမဂ္ဂ အသိအမှတ်ပြုရေး လက်မှတ်ရေးထိုး တောင်းဆို

ရန်ကုန်၊ ဩဂုတ် ၁၈

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်၊ တောင်အာဖရိက သမ္မတဟောင်းလည်းဖြစ်သူ ဒီကလပ်သည် ကုလသမဂ္ဂက NUG အစိုးရကို အသိအမှတ်ပြုရန်နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ခန့်ထားရေးအတွက် အွန်လိုင်း လက်မှတ်ရေးထိုးတောင်းဆိုလိုက်ကြောင်း သိရှိရသည်။

အရှေ့တီမောသမ္မတဟောင်းလည်းဖြစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်သူ Jose Ramos-Horta က ပထမဆုံးအကြိမ်အဖြစ် NUG အစိုးရကို အသိအမှတ်ပြုရန် လက်မှတ် ရေးထိုးတောင်းဆိုပြီးနောက် ဒီကလပ်က NUG အစိုးရကို အသိအမှတ်ပြုရေး တောင်းဆိုသော ဒုတိယမြောက် နိုဘယ်ဆုရှင်ဖြစ်လာသည်။

NUG အစိုးရကို အသိအမှတ်ပြုရေး လက်မှတ်ရေးထိုးတောင်းဆိုသော ဒီကလပ်သည် တောင်အာဖရိက၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့သော မီးရှုးတန်ဆောင်ဖြစ်သည်။

ဒီကလပ်သည် တောင်အာဖရိကနိုင်ငံ ဂျိုးဟမ်းနစ်စဘတ်မြို့တွင် ဩဇာကြီးသော လူဖြူမိသားစုမှမွေးဖွားလာသူဖြစ်သည်။ ဥပဒေပညာသင်ပြီးနောက် အာဏာရ အမျိုးသားပါတီသို့ဝင်ခဲ့ပြီးပါလီမန်အမတ်ဖြစ်လာသည်။ နိုင်ငံ၏ လူနည်းစု လူဖြူများကြီးစိုးသည့် ဘိုသာ ( P.W. Botha) ပါတီတွင် ဝန်ကြီးရာထူး အဆက်ဆက်ထမ်းဆောင်ခဲ့သည်။

ဝန်ကြီးဘဝတွင် ဒီကလပ်သည် လူဖြူလူမဲခွဲခြားရေးဝါဒကို ဆုပ်ကိုင်အကောင်အထည်ဖေါ်သူသာဖြစ်သည်။ ၁၉၈၉ တွင် ဘိုသာ နှုတ်ထွက်သွားပြီးနောက် ဒီကလပ်က အမျိုးသားပါတီအကြီးအကဲနှင့် သမ္မတအဖြစ် ဆက်ခံခဲ့သည်။ အများစုက ဒီကလပ်သည်လည်း သူ့ရှေ့မှ ဘိုသာကဲ့သို့ပင် လူဖြူလူမည်းခွဲခြားသည့်မူဝါဒကို ရက်စက် ပြတ်သားစွာ ဆက်လက်ကိုင်စွဲသွားလိမ့်မည်ဟု ယူဆခဲ့ကြသည်။

သို့ရာတွင် ဖိနှိပ်ရက်စက်သည့် လူမျိုးခွဲခြားရေးဝါဒဆက်ကျင့်သုံးပါက လူနည်းစု လူဖြူနှင့် လူများစု လူမဲများကြားအကြမ်းဖက်မှုပြင်းထန်လာမည်။ လူမျိုးစုများကြား ပဠိပက္ခပြင်းထန်လာကာ လူမျိုးရေးပြည်တွင်းစစ်သို့ဦးတည်နိုင်ကြောင်း ဒီကလပ်သိသည်။

လူမျိုးရေးဝါဒဖျက်သိမ်းပါမှ တောင်အာဖရိနိုင်ငံ၏ အနာဂတ်ရှိနိုင်မည်ကိုသူပို၍သဘောပေါက်လာသည်။ ဒီကလပ်သည် လူမျိုးရေးဝါဒ ဆန့်ကျင်ချီတက်ပွဲများကို ခွင့်ပြုသည်။ လူမျိုးရေးဝါဒအခြေခံပေါ်တွင် ယခင်က တားမြစ်ထားသော နိုင်ငံရေးပါတီများကို ခွင့်ပြုသည်။ လူမဲခေါင်းဆောင်မန်ဒဲလားအပါအဝင် ဖမ်းဆီးထားသည့် လူမျိုးရေးဝါဒဆန့်ကျင်ရေးလှုပ်ရှားသူများကို လွှတ်ပေးသည်။

ဒီကလက်သည် မန်ဒဲလားနှင့်ညှိနှိုင်း၍ အပါးသိုက်လူမျိုးရေးဝါဒကို အပြီးတိုင်ဖျက်သိမ်းရန် လူတိုင်းမဲပေးခွင့်ရှိသည့် စနစ်သို့ အသွင်ကူးပြောင်းရန်စတင်ညှိနှိုင်းသည်။

လူမျိုးရေးအပါးသိုက်ဝါဒကြောင့်ထိခိုက်နစ်နာရသူများကို ဒီကလပ်က ၁၉၉၃ တွင် တရားဝင်လူသိရှင်ကြားတောင်းပန်သည်။ ၁၉၉၄ တွင် လူမျိုးခွဲခြားမှုမပါသော ( လူမဲများပါ မဲပေးခွင့်ရသော) ရွေးကောက်ပွဲကျင်းပပေးခဲ့သည်။

ထိုရွေးကောက်ပွဲတွင် မန်ဒဲလား၏ အာဖရိကအမျိုးသားကွန်ဂရက် ( ANC) က အနိုင်ရပြီး ဒီကလပ်၏ လူဖြူပါတီက မဲ ၂၀ ရာခိုင်နှုန်းရသည်။ ရွေးကောက်ပွဲအပြီး ANC ဦးဆောင်သော အမျိုးသားညီညွတ်ရေး မဟာမိတ်အစိုးရတွင် ဒီကလပ်က ဒုသမ္မတဖြစ်လာသည်။

၁၉၉၀ ဖေဖေါ်ဝါရီလ ပါလီမန်ဖွင့်ပွဲမိန့်ခွန်းတွင် ဒီကလပ်က လူမျိုးရေးအပါးသိုက်ဝါဒအဆုံးသတ်၍ တောင်အာဖရိက ပြည်သူအားလုံးပါဝင်သော နိုင်ငံရေးစနစ်သစ်တရပ်ကို စတင်တော့မည်ဖြစ်ကြောင်းကြေညာခဲ့ဖြစ်သည်။

မိန်းခွန်းတွင်သူက “ သက်ဆိုင်ရာ ပြည်သူအများထံမှ ကိုယ်စားပြုမှုရရှိထားသောခေါင်းဆောင်တို့၏ နားလည်ညှိနှိုင်းမှုဖြင့်သာ တည်တန့်သည့် ငြိမ်းချမ်းရေးကို ရရှိနိုင်မယ်။ မဟုတ်ရင် ပိုပြင်းထန်လာမဲ့ တင်းမာမှုများ အကြမ်းဖက်မှုများနှင့် ပဠိပက္ခများသာရှိမယ်။ ဒါဟာဘယ်သူ့ကိုမှ အကျိုးစီးပွါးရှိစေမှာမဟုတ်လို့ လက်ခံနိုင်စရာမရှိဘူး။ခေါင်းဆောင်တွေ ခွဲဝေဖွဲ့စည်းပုံအသစ်ကို အခြေခံပြီး တယောက်နဲ့တယောက် နားလည်လက်ခံလာဖို့လိုတယ်။ ဒီလိုနားလည်မှုဟာ ပြည်သူပြည်သားအားလုံးရဲ့ အကျိုးစီးပွါးနဲ့ တိုက်ရိုက်ချိတ်ဆက်နေတယ်” ဟုပြောခဲ့သည်။

မြန်မာပြည်တွင် ဒီကလပ်ကဲ့သို့ ခေါင်းဆောင်လိုအပ်နေပြီး တောရိုင်းတိရစ္ဆာန်ပမာ ဖိနှိပ်ရက်စက်သည့် စစ်ဝါဒ၊ လူတစုကို အထူးအခွင့်အရေးပေးထားသည့် စစ်ဝါဒကို အပြီးတိုင် ဖျက်သိမ်းရန်လိုနေကြောင်း ထိုနေရာတွင်လူမျိုးစုအား လုံး တန်းတူအခွင့်ရေးရှိသည့် မျှတသော လုံးဝအသစ်ဖြစ်သော ဖွဲ့စည်းပုံစနစ်တရပ်ပေါ်လာရန်လိုအပ်နေသည်ဟု တက်ကြွလှုပ်ရှားသူများက ဆိုသည်။

ဒီကလပ်ကဲ့သို့သော နိုင်ငံရေးသတ္တိ၊ အမျှော်အမြင်၊ ဂုဏ်သိက္ခာကြီးသူ သမိုင်း ဝင်ပုဂ္ဂိုလ်တယောက် NUG အားထောက်ခံလက်မှတ်ရေးထိုးသည်မှာ အထူးဆီလျော်လှကြောင်း၊ ပြည်သူတို့တွင် ကိုယ်စားပြုအုပ်ချုပ်မည့်သူများကို ရွေးချယ်ခွင့်ရှိကြောင်း၊ ဖိနှိပ်အကြမ်းဖက်မှုဖြင့်သွတ်သွင်းချုပ်ကိုင်၍ ရမည်မဟုတ်ဟူသော နားလည်မှုဖြင့် ရုန်းကန်ကြီုးစားနေသည့် မြန်မာပြည်သူတို့ကို ဒီကလပ်၏ ထောက်ခံမှုက အင်အားဖြစ်စေကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုကြသည်။

NUG ကို ကုလသမဂ္ဂမှ အသိအမှတ်ပြုရန်၊ ဦးကျော်မိုးထွန်းအားကိုယ် စားလှယ်အဖြစ်ဆက်လက်ထားရှိရန် ပါဝင်လက်မှတ်ရေးထိုး၊ ဖြန့်ဝေ၊ စည်းရုံးရေး လှုပ်ရှားမှုကို http://chng.it/PgsF2kQkxF တွင်ပါဝင်နိုင်ကြောင်း သိရှိရသည်။

လက်ရှိတွင် လက်မှတ် ၁၇၇,၇၂၀ ကျော်ရရှိထားပြီး ၂၀၀၀၀၀ ရရန် ရည်မှန်းထားပြီး ဩဂုတ် ၂၁ ရက်နေ့ အထိ လက်မှတ်များ ဆက်လက်ကောက်ခံမည်ဖြစ်ကာ ရရှိသည့် လက်မှတ်များကို နယူးယောက်ရှိ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံကိုယ်စားလှယ်များသို့ ပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-ဒီကလပ်နှင့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်လည်းဖြစ် တောင်အာဖရိက သမ္မတဟောင်းလည်းဖြစ်သူ နယ်လ်ဆင်မန်ဒဲလား။

Be the first to comment

Leave a Reply

Your email address will not be published.


*