ပုလဲ PDFနှင့် စစ်ကောင်စီတို့ လွန်ခဲ့သည့် ၂ရက်အတွင်း တိုက်ပွဲ ၂ကြိမ်ဖြစ်ပြီး စစ်ကောင်စီမှ ၈ဦးသေဆုံး၊ ၄ဦး ဒဏ်ရာရ

ပုလဲ PDF နှင့် စစ်ကောင်စီတို့ လွန်ခဲ့သည့် ၂ ရက်အတွင်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီမှ ၈ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

 

ရန်ကုန်၊ စက်တင်ဘာ ၁

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပုလဲဒေသခံကာကွယ်ရေးတပ်ဖွဲ့ PPDF တို့ကြား သြဂုတ်လ ၃၀ နှင့် ၃၁ ရက်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံး ၄ ဦးဒဏ်ရာရကာ PPDF ဘက်မှ ၂ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

 

သြဂုတ်လ ၃၁ ရက် ယမန်နေ့ မွန်းလဲ ၂ နာရီခန့်တွင် ပုလဲမြို့နယ် သောင်ရင်းရွာနှင့် ဇရက်တောရွာကြား မှန်တောပြင်၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာရကာ ဒဏ်ရာရသူများကို စောင်ဖြင့်ထုပ်ကာ ထမ်းသယ်သွားကြောင်းနှင့် PPDF ဘက်မှ ၂ ဦး ပေါင်နှင့် ကျောဘက်တွင်အသီးသီး ဒဏ်ရာများရကာ မစိုးရိမ်ရကြောင်း ပုလဲဒေသခံကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

သြဂုတ်လ ၃၀ ရက်တွင် ပုလဲမြို့နယ် အထက်ရွာမ တောင်ဘက်၌ စစ်ကောင်စီနှင့် တိုက်ပွဲတွင် PPDF မှ ပြောက်ကျားစနစ်ဖြင့် ခုခံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၇ ယောက် သေဆုံးခဲ့တာကြောင့် အနီးဝန်းကျင်ရှိ ချမ်းသာအောင်ကျေးရွာအား မီးရှို့ဖျက်ဆီးမည်ဟု ကြုံးဝါးသွားကြောင်း PPDF ထုတ်ပြန်ချက်အရ သိရသည်။

 

ဇူလိုင်လလယ်ခန့်က ဖြစ်ပွားခဲ့သော ပုလဲဒေသ တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၄၃ ဦး သေဆုံးပြီး ပုလဲဒေသကာကွယ်ရေးတပ်ဖွဲ့မှ ၂ ဦးကျဆုံးကြောင်း ပုလဲဒေသခံကာကွယ်ရေးတပ်ဖွဲ့အပါအဝင် ဒေသခံ ကာကွယ်ရေးအဖွဲ့များဖြင့် စုပေါင်းဖွဲ့ဖွဲ့စည်းထားသော ပြည်ထောင်စုကာကွယ်ရေးနှင့် လွတ်မြောက်ရေး မဟာမိတ်တပ်ပေါင်းစု UDLA ထံမှ သိရသည်။

 

ဓါတ်ပုံ – ပုလဲဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ

Be the first to comment

Leave a Reply

Your email address will not be published.


*