ပြည်သူကို သတ်ဖြတ်နေသည့် မြန်မာစစ်တပ်ကို ရုရှားက အားပေးအားမြှောက် ပြုနေ

ပြည်သူကို သတ်ဖြတ်နေသည့် မြန်မာစစ်တပ်ကို ရုရှားက အားပေးအားမြှောက် ပြုနေ

ရန်ကုန်၊ သြဂုတ် ၂၂

ယနေ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြုလုပ်သည့် နိုင်ငံတကာ စစ်တပ်အားကစားပြိုင်ပွဲတွင် မြန်မာစစ်တပ်ကို ပါဝင်စေမှုသည် လူသတ် စစ်အာဏာရှင်စနစ်ကို အားပေးအားမြှောက်ပြုနေခြင်းဖြစ်ကြောင်း Justice For Myanmar က ဝေဖန်ရှုတ်ချသည်။

ယနေ့(သြဂုတ် ၂၂ရက်)သည် ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခဲ့သော “နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး” စတင်သည့် ၄နှစ်မြောက် နှစ်ပတ်လည်နေ့နှင့်လည်း တိုက်ဆိုင်နေသည်။

စစ်တပ်အနေနှင့် ယင်းပြိုင်ပွဲတွင် တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ တိုက်ရေယာဉ်စွမ်းရည်ပြိုင်ပွဲ၊ လက်ဖြောင့်စွမ်းရည်ပြိုင်ပွဲ၊ လေကြောင်းချီတပ်စွမ်းရည်ပြိုင်ပွဲ နှင့် စစ်တပ်ယဉ်ကျေးမှုတို့ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

လက်နက်ရောင်းချမှုနှင့် နည်းပညာ ပူးပေါင်မှုကိုမြှင့်တင်သည့် နိုင်ငံတကာစစ်ရေးနှင့် နည်းပညာဖိုရမ်လည်းပါဝင်ပြီး စစ်ဘက်သုံးဉာဏ်ရည်တုနည်းပညာကိုလည်း ပြသသွားမည်ဟု ကနဦးသိရသည်။

JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ” မြန်မာစစ်တပ်ကကျုးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသား မျိုးနွယ်စုအပေါ်ဆန့်ကျင်တဲ့ရာဇဝတ်မှုတွေမှာ ရုရှားရဲ့ပါဝင်ပတ်သက်မှုအဆုံးသတ်ဖို့အတွက် ကမ္ဘာလုံး ဆိုင်ရာ လက်နက်ရောင်းချမှုတားဆီးပိတ်ပင်ရေးကို ချက်ချင်းအကောင်ထည်ဖော်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျွန်မတို့တောင်းဆိုပါတယ်” ဟု ပြောသည်။

ယင်းပြိုင်ပွဲသည် စစ်တပ်၏ ပြည်သူများအပေါ် သတ်ဖြတ်မှုစွမ်းရည်ပိုတိုးတက်စေပြီး အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတကာတွင် ဝင်ဆန့်ရန် အခွင့်အရေးပေးခြင်းဖြစ်နေကြောင်း JFM က ဝေဖန်သည်။

စစ်တပ်အားကစားပြိင်ပွဲတွင် မြန်မာစစ်တပ်နှင့်အတူ တရုတ်၊ မလေးရှား၊ ဗီယက်နမ်၊ လာအို၊ အီန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အပြင် အစ္စရေးနှင့် ဥရောပနိုင်ငံများဖြစ်သည့် ဂရိ၊ ဆိုက်ပရပ်စ် တို့ပါဝင်ကြသည်။

“ဒီပြိင်ပွဲမှာ မြန်မာစစ်တပ်နဲ့ အတူပါဝင်နေတဲ့ အာဆီယံနိုင်ငံအချို့နဲ့ ဒေသတွင်းအင်အားကြီးနိုင်ငံတွေကိုတော့ သူတို့ပြောထားတဲ့အတိုင်း မြန်မာပြည်သူတွေရဲ့ အကျိုး စီးပွားနဲ့အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့ ကြားဝင်ဆောင်ရွက်မယ်ဆိုတာ အမှန်တကယ် ဟုတ်ရဲ့လား ဆိုတာ မေးခွန်းထုတ်ပါတယ်” ဟု မရတနာမောင်က ထပ်ပြောသည်။

စစ်တပ်အားကစားပြိုင်ပွဲတွင် စစ်တပ်ပါဝင်မှုအတွက် ကုန်ကျစားရိတ်မထုတ်ပြန်သော်လည်း အလွန်များပြားမည်ဖြစ်ပြီး ထိုကုန်ကျစားရိတ်များသည် ကပ်ရောဂါဘေး၊ စစ်တပ်၏ ဖိနှိပ်သတ်ဖြတ်မှုဘေးနှင့် အငတ်ဘေးများ ရင်ဆိုင်နေရသည့် မြန်မာပြည်သူများက ကျခံပေးနေရခြင်းဖြစ်သည်။

အကုန်ကျအများဆုံးပြိုင်ပွဲတစ်ခုမှာ တိုက်ရေယာဉ်စွမ်းရည်ပြိုင်ပွဲ “Sea Cup” ဖြစ်ပြီး မြန်မာ့ရေတပ် စစ်သင်္ဘောကို ရုရှား၏ ပစိဖိတ်ရေတပ်အခြေစိုက်စခန်းတည်ရှိရာ ဗလာဒီဗိုစတော့မြို့အထိ ယူဆောင် ရခြင်းကြောင့် ဖြစ်ကြောင်း Justice For Myanmar က ထောက်ပြဝေဖန်သည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*