“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တညီ တညွတ်တည်း ပူးပေါင်း ဆောင်ရွက်မယ် ဆိုလို့ရှိရင် စစ်အာဏာရှင်စနစ်ကြီးက အနှေးနဲ့အမြန် ပျောက်ကွယ်သွားမှာဖြစ်တယ်”

“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တညီ တညွတ်တည်း ပူးပေါင်း ဆောင်ရွက်မယ် ဆိုလို့ရှိရင် စစ်အာဏာရှင်စနစ်ကြီးက အနှေးနဲ့အမြန် ပျောက်ကွယ်သွားမှာဖြစ်တယ်”

 

KNU တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းနှင့် ဆက်သွယ်မေးမြန်းချက်

 

By ဒီပါအောင်/ရန်ကုန်ခေတ်သစ်

 

အကြမ်းဖက်စစ်ကောင်စီသည် နယ်ခြားစောင့်တပ် BGF များနှင့် အတူ ကရင်အမျိုးသားအစည်း အရုံး KNU နယ်မြေများသို့ ကျူးကျော်ဝင်ရောက်လာမှု အခြေအနေများနှင့်ပတ်သက်ပြီး KNU တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

 

မေး။ ။ ဒီမနက်မှာဆိုရင် သူးမွဲထဘက်ကနေပြီးတော့ သော်လဲထစခန်းဘက်ကို စစ်ကောင်စီနဲ့ BGF ပူးပေါင်းပြီး ထိုးစစ်ဆင်လို့ တိုက်ပွဲတွေဖြစ်နေတယ်၊ ဌာနချုပ် ဒေပူနိုဘက်မှာလည်း တိုက်လေယာဉ်တွေ ပျံဝဲနေတဲ့သတင်းတွေထွက်တယ်၊ နောက်ဆုံးအခြေအနေပြောပေးပါဦး။

 

ဖြေ။ ။ ဒီမနက်အထိတော့ ပစ်ခတ်ထိတွေ့မှုရှိတယ်၊ ကြီးကြီးကျယ်ကျယ်ဖြစ်တာတော့ မကြားသိရသေးဘူး၊ လေယာဉ်ကလည်း ကင်းထောက်သဘောမျိုး ဝဲတာပဲရှိပါသေးတယ်၊ ဒါပေမယ့် တချို့နေရာတွေမှာတော့ စစ်ကောင်စီက ရွာသားတွေကို မတရားဖမ်းဆီးတာတွေ ကြားသိနေရတယ်။

 

တပ်မဟာ တစ်ခုလုံအးတိုင်းအတာနဲ့ဆိုရင် တိုက်ပွဲက နေ့စဉ်ဖြစ်နေတယ်၊ အထူးသဖြင့် ဖာပွန်မြို့နဲ့ နီးတဲ့နေရာတွေမှာဖြစ်နေသလို သူးမွဲထာစခန်းမှာလည်း စစ်ကောင်စီက BGF နဲ့ ပူးပေါင်းပြီး စစ်ကြောင်းထိုးလာတာ သိနေရတယ်၊ သူတို့ဆက်တိုးလာရင်တော့ တိုက်ပွဲတွေ ဆက်ဖြစ်မှာပဲ၊ သူတို့ဦးတည်တာကတော့ ဘယ်နေရာလဲဆိုတာ ပြောရခက်ပါတယ်၊ သော်လဲထ ဘက်လား၊ ဟတ်ကြီးရေကာတာဘက်လားဆိုတာ ပြောရခက်ပါတယ်။

 

မေး။ ။ သော်လဲထစခန်းကို ပြန်သိမ်းဖို့ စစ်ကြောင်းထိုးလာရင်ရော KNU ဘက်က ဘာတွေပြင်ဆင်ထားလဲ။

 

ဖြေ။ ။ သော်လဲထလိုနေရာကတော့ သူတို့ပြန်သိမ်းပိုက်နိုင်မယ့် လမ်းမျိုးလည်း မတွေ့မြင်ရပါဘူး၊ စစ်ကောင်စီက သော်လဲထစခန်းကို ပြန်တိုက်ယူဖို့ထက်စာရင် သော်လဲထစခန်းကိုအကြောင်းပြပြီးတော့ ကရင်အမျိုးသားချင်း ရန်တိုက်ပေးတာမျိုး၊ ကရင်အချင်းချင်း ပစ်ခတ်သတ်ဖြတ်တာမျိုး တမင်တကာ အကွက်ဆင်ဖန်တီးတယ်လို့ပဲ ပြောရမှာဖြစ်တယ်။ ကရင်လက်နက်ကိုင် ၄ ဖွဲ့ တည်ဆောက်ထားတဲ့ စည်းလုံးညီညွတ်မှု ပြိုကွဲအောင် ဖန်တီးဆောင်ရွက်တယ်လို့ပဲ ပြောချင်ပါတယ်။

 

မေး။ ။ ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့တွေက စစ်ကောင်စီနဲ့ပေါင်းပြီး ထိုးစစ်ဆင်လာတဲ့အပေါ်မှာရော KNU အနေနဲ့ သူတို့သဘောထားကို ဘယ်လိုသိထားလဲ။

 

ဖြေ။ ။ KNU ရဲ့ သဘောထားထက် ကျနော်တစ်ဦးတစ်ယောက်ရဲ့ အမြင်အရ BGF သဘောထားကို ခန့်မှန်းသုံးသပ်ရရင် ကျနော်တို့ ကရင်လက်နက်ကိုင် ၄ ဖွဲ့ စည်းလုံးညီညွတ်ရေးတည်ဆောက်ထားတဲ့ ၄ နှစ် ၅ နှစ်တာ ကာလမှာ ပြောရမယ်ဆိုရင်တော့ အောင်မြင်တယ်လို့ပဲ ပြောရမှာဖြစ်တယ်။

 

အချင်းချင်း တိုက်ပွဲပြန်ဖြစ်ဖို့ ပစ်ဖို့ခတ်ဖို့က မဖြစ်နိုင်တော့တဲ့ အခြေအနေထိ ရှိလာခဲ့တယ်။ သို့သော် စစ်ကောင်စီက အကျပ်ကိုင်မှုတွေအမျိုးအမျိုးနဲ့ပေါ့နော်၊ တနည်းအားဖြင့် BGF အဖွဲ့ဝင်တွေက လစာ စားခဲ့တယ်၊ စစ်တပ်ရဲ့ သဘောအရ အထက်အမိန့်ကို နာခံရတယ်၊ အဲဒီလို အနေအထားမှာ ကျနော်တို့ နယ်မြေထဲကို စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လိုက်ပါရတယ်လို့ပဲ ပြောချင်တယ်။

 

ဒုတိယတချက်ကတော့ ကျနော်တို့ လမ်းဖွင့်ပေးထားပေးပါတယ်၊ BGF တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီ အမိန့်ကို မနာခံဖို့၊ ရှင်းရှင်းပြောရရင် တစုံတရာ ထွက်ပေါက်လမ်းတွေရှာဖို့ လမ်းကြောင်းတွေ အခွင့်အလမ်းတွေ ကျနော်တို့ KNU ဘက်က ဖွင့်ထားပေးပါတာရှိတယ်။

 

ခြုံပြောရမယ်ဆိုရင် BGF တွေအနေနဲ့က ကျနော်တို့ KNUနဲ့ မတိုက်ချင်ပေမယ့် စစ်ကောင်စီရဲ့ လခတွေစားပြီး လုပ်ခဲ့ရသလို၊ စစ်ကောင်စီလို ရန်သူနဲ့ ပူးပေါင်းပြီးတော့မှ စစ်ဆင်ရေးလုပ်လာတော့ ကျနော်တို့ KNLA ဘက်ကလည်း တိုက်ခိုက်ပစ်ခတ်ရတာပဲ ဖြစ်တယ်၊ တကယ်လို့ သူတို့အခွင့်သာလို့ရှိရင် ကျနော်တို့ KNLA နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လမ်းဖွင့်ပေးထားပါတယ်။

 

မေး။ ။ BGF ခေါင်းဆာင် ဗိုလ်မှူးကြီးစောချစ်သူနဲ့ရော KNU နဲ့ တိုက်ရိုက်ဆွေးနွေးမှုရှိလား၊ သူ့ရဲ့ သဘောထားရော ဘယ်လိုရှိလဲ။

 

ဖြေ။ ။ KNU ဗဟိုဌာနချုပ်နဲ့ သူတို့နဲ့ တရားဝင်ဆက်သွယ်မှုရှိနေတယ်လို့တော့ ယေဘုယျပြောလို့ရပါတယ်။ သို့သော်လည်းပဲ အောက်ခြေမှာ နယ်မြေကျူးကျော်လာတယ်၊ ရန်စလာတယ်ဆိုရင်တော့ ကျနော်တို့ဘက်က ပစ်ခတ်မှု ရှိနေမှာလည်း သေချာတာပေါ့နော်။

 

သူတို့အဖွဲ့ခေါင်းဆောင် သဘောထားကတော့ တကယ်တမ်း ဒီအချိန်ဒီကာလမှာတော့ ကရင့်အမျိုးသားရေးသာမကပဲ တိုင်းပြည်တစ်ခုလုံးရဲ့ နွေဦးတော်လှန်ရေးမှာ ဖိနှိပ်နေတဲ့ စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပြန်လည်တွန်းလှန်ဖို့ ဒီအချိန်ဒီကာလမှာ သိဖို့ လုပ်ဆောင်ဖို့လိုပြီလို့ ကျနော်တို့ မှတ်ချက်ပေးချင်ပါတယ်။

 

မေး။ ။ စစ်ကောင်စီက ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် သထုံကိုရောက်နေပြီးတော့ တပ်မဟာ ၁ နဲ့ ၅ ကို ထိုးစစ်ဆင်ဖို့ တိုက်ရိုက်ညွန်ကြားနေတယ်ဆိုတာလည်း သတင်းတွေထွက်နေတယ်၊ အဲဒီအပေါ်မှာရော ဘယ်လိုမြင်လဲ၊ တပ်မဟာ ၁ နဲ့ ၅ ကရော ဘာတွေ ပြင်ဆင်ထားလဲ။

 

ဖြေ။ ။ ဒုဗိုလ်ချုပ်မှုးကြီးကိုယ်တိုင် စစ်ဆင်ရေးကို ကွပ်ကဲတာတော့ သူတို့အပိုင်းပေါ့နော်။ ကျနော်တို့အနေနဲ့ကတော့ ထိုးစစ်ဆင်တိုက်ခိုက်လာမယ်ဆိုရင် တပ်မဟာ ၁ ပဲဖြစ်ဖြစ် တပ်မဟာ ၅ ပဲဖြစ်ဖြစ် ဘယ်တပ်မဟာမှာပဲဖြစ်ဖြစ် ခုခံတိုက်ခိုက်ရမှာကတော့ ကျနော်တို့ တာဝန်ပဲဖြစ်တယ်။

 

စစ်ရေးအရ ဘယ်လောက်ပဲ ထိုးစစ်ဆင်နိုင်ပါစေ၊ သူတို့ကို ပြည်သူလူထုက မထောက်ခံတော့ဘူး၊ တရားဝင်အစိုးရတစ်ခုလည်း မဟုတ်ဘူး။

 

အာဏာသိမ်းတဲ့အပြင် စစ်ကောင်စီကနေ အိမ်စောင့်အစိုးရအဖြစ် တရားမဝင်ဆောင်ရွက်မှုလည်းရှိတော့ နိုင်ငံတကာကလည်း သူတို့အပေါ်မှာ ထောက်ခံမှုလည်း မရှိသလောက်ဖြစ်နေတော့ သူတို့က မီးကုန်ယမ်းကုန် စစ်ဆေးအရထိုးစစ်ဆင်နေတာလို့ ပထမအချက်အနေနဲ့ ပြောချင်ပါတယ်။

 

ဒုတိယအချက်ကတော့ ပြည်သူလူထုက လက်ရှိ နွေဦးတော်လှန်ရေးနဲ့အတူ ပူပူနွေးနွေးပေါက်ဖွားလာတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေပေါ့နော်၊ အဲဒါက ပြည်သူတွေရှိတဲ့နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရှိနေမှာပဲ၊ အထူးသဖြင့် KNU နယ်မြေမှာ ရောက်ရှိနေတဲ့ အဲဒီအဖွဲ့တွေအပေါ် Target ထားပြီးတော့ ဆောင်ရွက်နေတယ်လို့လည်း ထင်ပါတယ်၊ ဒါနဲ့ပတ်သက်ပြီးကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ KNU အနေနဲ့ကတော့ ပြန်လည်ခုခံမှာဖြစ်တယ်။

 

မေး။ ။ NUG ကာကွယ်ရေးဝန်ကြီးဌာနဘက်က ပြောထားတာက စစ်တိုင်းကြီးနှစ်ခုက တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့က ဦးဆောင်ပြီး တိုက်မယ်ဆိုတဲ့အပေါ်မှာရော KNU အနေနဲ့ ဘယ်လိုသဘောထားရှိလဲဗျ။

 

ဖြေ။ ။ ဒီမေးခွန်းကိုတော့ KNU ကိုယ်စားပြုပြောလို့မရဘူး၊ ကျနော့်တစ်ဦးတည်း အမြင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အခုကာလမှမဟုတ်ဘူး နှစ်ပေါင်း ၇၀ လောက် အမျိုးသားလွတ်မြောက်ရေး၊ တိုင်းရင်းသားတန်းတူရေးနဲ့ ဒီမိုကရေစီရရှိရေးကို တိုက်ပွဲဝင်လာခဲ့တာဖြစ်တယ်၊ ဒီအချိန်မှာကတော့ စစ်ရေးတိုက်ပွဲ၊ လူထုတိုက်ပွဲ၊ နိုင်ငံရေးတိုက်ပွဲ အခွင့်ရသလို ဖော်ဆောင်သွားမှာပဲ ဖြစ်တယ်။

 

ဒီအချိန်မှာတော့ NUG ရဲ့ ကာကွယ်ရေးဌာနထက်စာရင် ပြည်သူတိုင်း ပြည်သူတိုင်းဆီမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တည်ရှိနေတယ်၊ NUG လက်အောက်ခံ အဖွဲ့ဖြစ်ဖြစ် အခြားအဖွဲ့ဖြစ်ဖြစ် မြို့ကြီးပြကြီးတွေမှာ သူ့နည်းသူ့ဟန် ဖွဲ့စည်းထားကြတော့ ဒီကာလမှာ တိုက်ပွဲက အရင်ကထက် အရှိန်အဟုန် မြင့်လာမှာဖြစ်တယ်။

 

ဒါကြောင့်မို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဒီကာလမှာ တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင် စစ်အာဏာရှင်စနစ်ကြီးက အနှေးနဲ့အမြန် ပျောက်ကွယ်သွားမှာဖြစ်တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*