ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး အလားအလာ

ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး အလားအလာ

 

အခု မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့အတူ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုပါ CRPH (ခေါ်) ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မီတီက ကြွေးကြော်နေပါတယ်။ လက်တွေ့ဖြစ်လာနိုင်ခြေ ဘယ်လောက်ရှိပါသလဲ၊ မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဦးရဲထွန်းနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

 

မေး ။ ။ အခု မြန်မာနိုင်ငံမှာ ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေး၊ ဖယ်ဒရယ်တပ်မတော် ဖွဲ့စည်းရေးဆိုတဲ့ CRPH ရဲ့ ကြွေးကြော်သံကို တိုင်းရင်းသားတွေ၊ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေက လှိုက်လှိုက်လှဲလှဲ ယုံကြည်သက်ဝင်ကြလိမ့်မယ်လို့ ယူဆပါလားခင်များ။

 

ဖြေ ။ ။ ကျနော်တို့နိုင်ငံမှာ အရေးကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ အဲဒါကို စည်းရုံးဖို့အတွက် CRPH က အမျိုးသားညီညွှတ်ရေးအစိုးရ ပုံသဏ္ဍာန် သွားမယ်လို့ ပြောထားတာလည်း ရှိတယ်။ အစိုးရတရပ်ဆိုတာ တပ်မရှိဘဲနဲ့ သူ့အာဏာဟာ မတည်မြဲနိုင်ဘူး။ သူ့အာဏာကို မထိန်းသိမ်းနိုင်ဘူး။ အဲဒီလို အယူအဆတွေအောက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို သူ့ဘက်ပါအောင် စည်းရုံးလိုက်တဲ့ ကြွေးကြော်သံပဲလို့ သုံးသပ်လို့ရပါတယ်။

 

မေး ။ ။ ဖယ်ဒရယ်တပ်မတော် ဖွဲ့စည်းရေး၊ အမျိုးသားညီညွှတ်ရေးအစိုးရ ဖွဲ့စည်းရေးဆိုတဲ့နေရာမှာ ဖယ်ဒရယ်တပ်မတော် ဖွဲ့စည်းရေးဆိုတာထက် ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေးဆိုတဲ့ဟာက နိုင်ငံရေးအားဖြင့် Political Unity ပိုပြီးတော့ ရရှိစေမယ့်ကိစ္စလို့ဆိုရင် မှားမလား။ ဖယ်ဒရယ်တပ်မတော်က တကယ်လက်တွေ့ကျပြီး ထိရောက်နိုင်တဲ့ကိစ္စ လောလောဆယ် ဖြစ်လာနိုင်ပါ့မလား။ အဲဒါလဲ မေးစရာရှိမယ် ထင်ပါတယ်။

 

ဖြေ ။ ။ လက်တွေ့မှာ အဲဒီဟာတွေက အောင်မြင်လာနိုင်မလား၊ မအောင်မြင်နိုင်ဘူးလား ဆိုတာကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက အဓိက NLD လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ CRPH နဲ့ အခု ဦးဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ ဘယ်လောက် အယုံအကြည်ရှိသလဲ။ ဒီဟာတွေကို သူတို့ ဘယ်လို အကောင်အထည် ဖော်နိုင်ပါ့မလား ဆိုတဲ့ဟာပေါ်မှာတော့ အများကြီးတည်လိမ့်မယ်။ နောက်တခုက အဲဒီသက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တဖွဲ့ချင်းရဲ့ အခြေအနေကလဲ အများကြီး စကားပြောလိမ့်မယ်ထင်တယ်။

 

မေး ။ ။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ စတင်လာတဲ့ကာလအတွင်းမှာ ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရ။ နောက် ဒုတိယ အမျိုးသားဒီမိုကရေစီ ဦးဆောင်တဲ့ အစိုးရဆိုပြီးတော့ ဆယ်နှစ် လွန်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီ ဆယ်နှစ်တာအတွင်းမှာ ဖွဲ့စည်းပုံကို ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံမျိုးဖြစ်အောင် အဲဒါနဲ့ နီးစပ်အောင် ကြိုးပမ်းခဲ့ကြတာဟာ အကြောင်းအမျိုးမျိုးနဲ့ မအောင်မြင်ခဲ့ပါဘူး။ ဆိုတော့ ဒီတကြိမ်မှာကော အောင်မြင်လာနိုင်မယ့် အလားအလာ ရှိပါသလား။

 

ဖြေ ။ ။ အခုအခါမှာတော့ သူတို့က စဉ်းစားစရာရှိတာက ဒီလိုပြောလိုက်တဲ့ CRPH က ပြောလိုက်တဲ့ကိစ္စဟာ အဓိကခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ရဲ့ သဘောထားပါရဲ့လား။ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်တို့ ဒီပုဂ္ဂိုလ်တွေက အခုအချိန်မှာ အချုပ်အနှောင်းခံနေရတော့ လွတ်လွတ်လပ်လပ် မရှိတော့၊ သေချာတယ် သူတို့သဘောထားတော့ ပါမှာမဟုတ်ဘူး။ အဲဒီလိုဆိုရင် ဒီကြေညာချက်၊ ဒီထုတ်ပြန်ချက်ဟာ ဘယ်လောက်အာမခံချက် ရှိမှာလဲ။

 

တကယ့်လို့ ဒီခေါင်းဆောင်တွေ လွတ်လာလို့ရှိရင် ဒီထုတ်ပြန်ချက်၊ သဘောထားက ပြောင်းသွားနိုင်သလားဆိုတာ တချက်ပေါ့။ နောက်တချက်က အခု ကြေညာလိုက်တဲ့အခါမှာ ၂၀၀၈ အခြေခံဥပဒေကိုလည်း ဖျက်သိမ်းလိုက်ပါပြီဆိုပြီး ကြေညာလိုက်တာ ရှိတယ်။ အဲဒီလို ကြေညာသွားလို့ရှိရင် အသစ်ရေးရတော့မယ်။

 

အသစ်ရေးရတော့မယ်ဆိုတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကလဲ ရေးထားတဲ့ ဖယ်ဒရယ်အခြေခံဥပဒေတခု ရှိတယ်။ အဲဒါကြီးကိုလဲ ချက်ချင်းအတည်ပြုဖို့က မဖြစ်နိုင်သေးတဲ့အခါကြတော့ အဲဒီအခြေခံပေါ်မှာ ဒါကိုဆွေးနွေးမယ်ဆိုတဲ့ လမ်းဖွင့်ပေးထားတဲ့သဘောတော့ ရှိတာပေါ့။

 

မေး ။ ။ NLD ရဲ့ ခေါင်းဆောင်တွေရဲ့ သဘောထား ပါရဲ့လား၊ ဘာညာကို စဉ်းစားစရာရှိမယ်လို့ဆိုတော့ အဲဒီခေါင်းဆောင်ပိုင်း အပြောင်းအလဲကိုလဲ တချို့က မျှော်မှန်းပြီးတော့ ပြောကြတယ်။ အခုဖြစ်လာတဲ့ကိစ္စမှာက လူငယ်တွေ၊ မျိုးဆက်သစ်လူငယ်တွေက အများကြီးတက်ကြွတယ်။

 

ရှေ့တန်းကနေ ပါဝင်ကြတယ်ဆိုတော့ ဒီလူငယ်တွေရဲ့ သဘောထားကရော အဲဒီခေါင်းဆောင်တွေရဲ့ သဘောထားနဲ့ ထပ်တူထပ်မျှကျတော့မလား။ သူတို့တွေရဲ့ စိတ်ထဲမှာ ဖယ်ဒရယ်ပြည်ထောင်စုဆိုတဲ့ သဘောထား။

 

တိုင်းရင်းသားတွေအားလုံး တန်းတူဖြစ်ရမယ်။ လူတိုင်းလူတိုင်း တိုင်းရင်းသားမကဘူး၊ ဘာသာခြား၊ လူမျိုးမခြား တန်းတူဖြစ်ရမယ်ဆိုတဲ့ အယူအဆ ပိုပြီးတော့ရှိမယ့် မျိုးဆက်တွေ ပေါ်ထွန်းလာပြီ၊ ခေါင်းဆောင်မှုလဲ အဲဒီမျိုးဆက်ဘက်ကို ပြောင်းသွားလိမ့်မယ်လို့ မျှော်လင့်နိုင်စရာအကြောင်း ရှိပါသလား။

 

ဖြေ ။ ။ အဲဒီလိုကတော့ မျှော်လင့်နိုင်ပါတယ်။ အခုလို ပြဿနာ ကြီးကြီးမားမား ဖြစ်နေတဲ့အခါကြတော့ အထူးသဖြင့်တော့ မြို့နေလူတန်းစား၊ မြို့နေဗမာ – လူမျိုးအရပြောမယ်ဆိုရင် ဗမာအများစုက ဖယ်ဒရယ်ဆိုတာကို ပိုပြီးတော့ စိတ်ဝင်စားလား။ ပိုပြီးတော့ တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို ပိုပြီးတော့ သဘောပေါက်လား။

 

ပိုပြီးတော့ စာနာနားလည်လာတယ်လို့ ကျနော်က အဲဒီလိုတော့ ယူဆပါတယ်။ ဒါကြောင့်မို့ အရင်တုန်းက ဖယ်ဒရယ် ဆိုတာကို သိပ်စိတ်မဝင်စားဘူး။ မလိုပါဘူးလို့ ထင်ခဲ့တဲ့ လူငယ်တွေကလဲ ဖယ်ဒရယ်ဆိုတာကို စိတ်ဝင်စားလာတယ်။ ဒို့တိုင်းရင်းသားတွေအားလုံး စည်းလုံးညီညွှတ်မှ၊ တန်းတူအခွင့်အရေးရှိမှဆိုတဲ့ အမြင်အယူအဆတွေ အားကောင်းလာတာတော့ အမှန်ပဲ။

 

သို့သော်လဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ကြတော့ ဒီလူငယ်တွေရဲ့ အမြင်တွေ။ CRPH တို့က ပြောဆိုတင်ပြထားတဲ့ ကိစ္စတွေက အာမခံချက်ရှိဖို့ဆိုတာက သူတို့လှုပ်ရှားနေတဲ့ အရေးတော်ပုံက အောင်မြင်ဖို့လိုတယ်။ အောင်မြင်တယ်ဆိုရင်တော့ သူတို့နဲ့ ဆက်ပြီးတော့ စကားပြောမယ်။ သူတို့ကြေညာထားတဲ့ ကတိကဝတ်တွေနဲ့အညီ ဆက်ပြီးတော့ အကောင်အထည်ဖော်မယ်ဆိုရင်တော့ ဒါကမျှော်လင့်ချက် ရှိတာပေါ့။

 

တကယ်လို့ အဲဒီလိုမဟုတ်ဘဲနဲ့ အရေးတော်ပုံက ကျရှုံးသွားမယ်ဆိုရင် တိုင်းရင်းသားအဖွဲ့အစည်းတွေ လိုချင်နေတဲ့ ဖယ်ဒရယ်စနစ်ကလဲ တခါလမ်းလွှဲကို လိုက်သွားမိသလို – မဟာမိတ်ဖွဲ့တာ မဟာမိတ်ပူးပေါင်းမှုပါ မှားသွားတယ်ဆိုတာလဲ ဖြစ်သွားနိုင်တာပေါ့။ ဒါကိုလဲ စဉ်းစားကြလိမ့်မယ်လို့ ထင်ပါတယ်။

 

မေး ။ ။ CRPH ဦးဆောင်တဲ့ အရေးတော်ပုံ အောင်မြင်ဖို့ဆိုတာလဲ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု၊ ပူးပေါင်းပါဝင်မှုကလဲ အဓိကနေရာက ရှိနေမယ်လို့ ထင်ပါတယ်။ နှစ်ခုက အပြန်အလှန် ဖြစ်နေတယ်။ အဲဒီလို ညီညွှတ်မှုကိုရော ရနိုင်မယ့်သဘော တွေ့ရပါသလား။

 

ဖြေ ။ ။ မှန်ပါတယ်။ အဲဒါတော့ သေချာတာပေါ့။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးက အခုန စိတ်ကူးထားသလို ဖယ်ဒရယ်တပ်မတော်ဆိုတဲ့ဟာမျိုး ဖွဲ့စည်းပြီး ညီညီညွှတ်ညွှတ်နဲ့ အဲဒီလို တိုက်နိုင်တယ်ဆိုရင်တော့ ဒါက မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာနိုင်တာပေါ့။

 

သို့သော်လဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေမှာလဲ တဖွဲ့နဲ့တဖွဲ့က သူတို့ရဲ့ ပကတိအခြေအနေအရ အခု CRPH ရဲ့ တော်လှန်ပုန်ကန်နေတဲ့ပေါ်မှာ ရပ်တည်ချက်က မတူဘူး ဖြစ်နေတယ်။ ဥပမာ UWSA ဝအဖွဲ့မျိုးဆိုရင် ဒီကိစ္စက သူတို့အချင်းချင်း အာဏာသိမ်းတဲ့ကိစ္စ။ သူတို့နဲ့ ဘာမှမဆိုင်ဘူးဆိုပြီး အဲဒီလို ဗြောင်းပြောတာမျိုး ရှိသလို။ AA ဆိုရင်လဲ သူတို့ရဲ့ Agenda သူတို့တပ်မတော်ရဲ့ Agenda က သက်သက်ရှိတယ်။ ဒါကြောင့်မို့ CDM တို့ ဘာတို့နဲ့ လုပ်ဖို့မလိုဘူးဆိုတဲ့ဟာမျိုး။

 

ဆိုတော့ ကျနော်တို့ ဒါနဲ့ပတ်သက်လို့ UWSA က ဗကပကို ပုန်ကန်ခဲ့တုန်းက အခြေအနေတရပ်ကို နည်းနည်းလေး ပြောပြချင်တယ်။ အဲဒီတုန်းက သူတို့ပုန်ကန်ခဲ့တဲ့ ကိစ္စထဲမှာ ဝတပ်မှူးတပ်သားတွေရဲ့ ခံစားချက်ထဲမှာ ဘာအရေးကြီးတဲ့အချက် တခုပါသလဲဆိုရင် “ငါတို့နေတဲ့ ဝပြည်နယ်၊ ဝဒေသက လွတ်မြောက်နေပြီပဲ။

 

ဘယ်ရန်သူ့တပ်မှလဲ မရှိတော့ဘူး။ ငါတို့က ဘာဖြစ်လို့ တပြည်လုံး လွတ်မြောက်ရေးဆိုပြီး ဆက်ပြီးတော့ အသေခံနေဖို့ လိုသေးသလား။” ဆိုတဲ့ဟာက သူတို့မှာ အဲဒီကတည်းက အဲဒီအခြေခံစိတ်ဓါတ် ရှိတယ်။

 

မေး ။ ။ ကျနော် တခုစဉ်းစားတာက တိုင်းရင်းသားတွေထဲမှာ ပြည်ထောင်စုနဲ့ ရင်းနှီးမှု အလှမ်းအဝေးဆုံး လူမျိုးဟာ ‘ဝ’  လို့ ဆိုချင်ပါတယ်။ မြန်မာနိုင်ငံ ခေတ်သစ်နိုင်ငံရေး တိုးတက်မှုမှာ ဝတွေ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍက အင်မတန်နည်းပါးပါတယ်။ ဗကပတွေ အဲဒီမှာ ခြေကုပ်ယူခဲ့တဲ့ အချိန်မှ ပေါ်ပေါ်ထင်ထင် တွေ့လာရတာပါ။ ယုတ်စွအဆုံး ပြောရရင် ပြည်ထောင်စုသားတွေလဲ ဝအကြောင်းကို သိပ်တောင်မသိကြဘူးဆိုတော့ ဝတွေရဲ့ အခန်းကဏ္ဍက စစ်အင်အားထက်လွှဲရင် နိုင်ငံရေး Unity မှာ ဝတွေက ဒီလောက်အရေးပါလို့လား။

 

ဖြေ ။ ။ သူတို့ဝနယ်ကတော့ မြန်မာပြည်နိုင်ငံရေးနဲ့တော့ နည်းနည်းကင်းကွာတယ်။ ဒါကြောင့်မို့ ဒီမှာဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့လဲ ခံစားချက်ကတော့ တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့တော့ မတူတာ အမှန်ပဲ။ သို့သော်လဲ ကနေ့အခြေအနေမှာ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ဖြစ်နေတယ်။ ၁၉၈၉ ဗကပ ပြိုကွဲပြီးကတည်းက တပ်မတော်နဲ့ကြားမှာ လက်နက်ကိုင်တိုက်ပွဲတွေ မဖြစ်ခဲ့တာကလဲ တပ်မတော်အတွက်လဲ သက်သာရာ ရနေတဲ့ အနေအထားတရပ်လို့ ပြောလို့ရတယ်။

 

မေး ။ ။ ကျနော် နောက်ဆုံးအနေနဲ့ ဒီမှာ သုံးသပ်ချင်တာက ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကိစ္စနဲ့ ပတ်သက်တာကတော့ ကျောင်းသားတွေ ၈၈ ဖြစ်ပြီးတော့ တောထဲကို ရောက်လာတဲ့အခါမှာ ဒီလူငယ်တွေဟာ ပြည်မထဲက ဖယ်ဒရယ်ဆိုတာကို ပထမဦးဆုံး နားလည်သဘောပေါက်ပြီးတော့ အမှန်တကယ် ယုံကြည်လာတာ ဒီလူငယ်တွေက ပထမမျိုးဆက် ဖြစ်တယ်လို့ ဗဒိုးမန်းရှာက ပြောတယ်။ အခုဖြစ်လာတဲ့ အရေးတော်ပုံမှာ လူငယ်တွေရဲ့ ကြွေးကြော်လာတဲ့ ကိစ္စဟာ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးဆိုတဲ့ နိုင်ငံရေးခံယူချက်ရဲ့ ဒုတိယလှိုင်းတံပိုးကြီး တခုလို့ပြောရင် မှားမလား။

 

ဖြေ ။ ။ မှန်ပါတယ်။ ဒီဟာကတော့ နိုင်ငံရေးအရ တော့်တော်ကို ခရီးရောက်တဲ့ လှုပ်ရှားမှုတခုလို့ ပြောနိုင်တယ်။ တိုင်းရင်းသားတွေရဲ့ အရေးကိစ္စ။ တိုင်းရင်းသားတွေရဲ့ တိုက်ပွဲတွေကြားမှာ ဖိနှိပ်ပစ်သတ်ခံရတဲ့ ကိစ္စ။ ဒုက္ခသုက္ခရောက်ခဲ့တဲ့ နှစ်ပေါင်း (၇၀) ပြည်တွင်းစစ်ကြီးရဲ့ ဒဏ်ကို ဗမာတွေအများစုနေတဲ့ ဒေသက လူငယ်တွေက အခုဆို ကောင်းကောင်းနားလည်ခံစားလာနိုင်တဲ့ ကာလလို့ ပြောလို့ရတယ်။

 

ဒါနဲ့ တဆက်တည်းပဲ ဘာကြောင့် စစ်ပွဲတွေ ဖြစ်နေသလဲဆိုတဲ့ ဖယ်ဒရယ်အခွင့်အရေး၊ ဖယ်ဒရယ်စနစ် အုပ်ချုပ်ရေး မရလို့ပဲဆိုပြီး ပိုပြီးတော့ သဘောပေါက်လာတယ်လို့ ကျနော်တို့ ယူဆပါတယ်။

 

 

VOA

Be the first to comment

Leave a Reply

Your email address will not be published.


*