ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီးအား မြန်မာဆိုင်ရာ အာဆီယံကိုယ်စားလှယ် ခန့်အပ်ခြင်းကို Justice For Myanmar ဝေဖန်

ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီးအား မြန်မာဆိုင်ရာ အာဆီယံကိုယ်စားလှယ် ခန့်အပ်ခြင်းကို Justice For Myanmar ဝေဖန်

ဘရူနိုင်း အစိုးရအဖွဲ့နှင့် မြန်မာစစ်ကောင်စီတို့သည် စီးပွားရေးအရ ဆက်နွယ်မှုများ ရှိနေသည့်အတွက် ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီးအား မြန်မာဆိုင်ရာ အာဆီယံကိုယ်စားလှယ်ခန့်အပ်မှုကို Justice For Myanmar အဖွဲ့က “မဖွယ်မရာလုပ်ရပ်” ဟုမှတ်ချက်ပြု ဝေဖန်ပြောဆိုလိုက် သည်။

၂၀၁၄ ခုနှစ် စစ်တပ်ကိုယ်စားပြု USDP အစိုးရလက်ထက်က လုပ်ပိုင်ခွင့်ချပေးထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး လုပ်ကွက် ၃ ခု တွင် ဘရူနိုင်းအစိုးရ ရာနှုန်းပြည့် ပိုင်ဆိုင်သည့် BRUNEI Energy Myanmar ကရှယ်ယာများ ပိုင်ဆိုင်ထားသည်။

BRUNEI Energy ၏မြန်မာပြည်တွင်း စီးပွားမိတ်ဖက်သည် USDP ပါတီအတွင်းရေးမှူ-၁ နှင့် ဝန်ကြီးဟောင်းဖြစ်သူ ဦးအောင်သောင်း၏ သားဖြစ်သူပိုင်ဆိုင်သော IGE Group ဖြစ်ကြောင်း Justice For Myanmar ကဖော်ပြထားသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ တရားမဝင်စစ်ကောင်စီနဲ့ သူတို့ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ခရိုနီတွေနဲ့ စီးပွားရေး လုပ်ငန်းပူးပေါင်းလုပ်ကိုင်နေတဲ့ ဘရူနိုင်းက သူတို့ဒုတိယ နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံ အထူးကိုယ်စားလှယ်ခန့်အပ်လိုက်တာဟာ လှောင်ပြောင်စရာ တစ်ရပ် ဖြစ်နေပါတယ်။ စစ်ကောင်စီနဲ့ သူတို့ရဲ့ ခရိုနီတွေနဲ့ စီးပွားရေး အကျိုးစီးပွားအတွက် ကိုယ်စားပြုနေတဲ့သူကို ကြားနေစေ့စပ်ညှိနှိုင်းသူအဖြစ် စဉ်းစားဖို့မဖြစ်နိုင်ပါဘူး” ဟုပြောဆိုသည်။

BRUNEI Energy က လုပ်ပိုင်ခွင့်ရခဲ့သည့် ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ကွက် ၃ ခုမှာ ထန်းတပင်ရှိ I0R-5 လုပ်ကွက်၊ ရွှေပြည်သာရှိ IOR-7 လုပ်ကွက်နှင့် မကွေးတိုင်းဒေသကြီးအတွင်း ကျောက်ကြီး-မင်းတုန်းရှိ EP-1 လုပ်ကွက်တို့ ဖြစ်သည်ဟု Justice For Myanmar‌ေဖာ်ပြ ထားသည်။

“အာစီယံအပေါ်သာ မှီခိုနေမယ်ဆိုရင် မြန်မာပြည်သူတွေအတွက် အဖြစ်ဆိုး တွေသာ ပိုမို ဖြစ်ပေါ်စေပါလိမ့်မယ်” ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်‌ကောင်စီ၏ အာဏာသိမ်းမှုနှင့် အကြမ်းဖက်စစ်ဆင်ရေးများကြောင့် ဖြစ်ပွားနေသည့် လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေး အကျပ်အတည်းများအ‌ပေါ် အရေးပေါ် ကြားဝင်ဖြေရှင်းပေးဖို့ ကုလသမဂ္ဂထံတောင်းဆိုကြောင်းလည်း Justice For Myanmar အဖွဲ့ကပြောသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*