မကွေးဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညိုနှင့် လွှတ်တော် ဥက္ကဌဟောင်း ဦးတာတို့ ကိုဗစ်ရောဂါပိုး ကူးစက်ခံနေရ

မကွေးဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညိုနှင့် လွှတ်တော် ဥက္ကဌဟောင်း ဦးတာတို့ ကိုဗစ်ရောဂါပိုး ကူးစက်ခံနေရ

မကွေး၊ သြဂုတ် ၁၆

မကွေး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညို၊ တိုင်းလွှတ်တော် ဥက္ကဌဟောင်း ဦးတာနှင့် ယခင် အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းတချို့တို့ မကွေးအကျဉ်းထောင်ထဲတွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရကြောင်း စုံစမ်း သိရသည်။

“ကျနော်တို့ ကြားသိရသလောက် အရင်တိုင်းအစိုးရအဖွဲ့ဝင်တွေ ကိုဗစ်ဖြစ်နေကြတယ်။ ထောင်က ကျန်းမာရေး စောင့်ရှောက်မှု ပေးတယ်လို့တော့ သိရတယ်။ ထောင်ထဲမှာ လူတွေ များပြီး သန့်ရှင်းမှု အားနည်းတာက ပြဿနာ ဖြစ်နေတာ။ ဝန်ကြီးချုပ်ကြီးလည်း ပါတယ်ပေါ့။ အတိအကျတော့ ဘယ်သူမှ မပြောနိုင်ကြဘူး”ဟု မကွေးထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

ယခင်က မကွေးထောင်ထဲတွင် ဒေါက်တာ အောင်မိုးညို၊ ဦးတာတို့ကို ပုံမှန်ရုံးထုတ်လေ့ရှိပြီး ဇူလိုင်လ ၁၄ ရက်နေ့မှ စတင်ကာ ကိုဗစ် ကူးစက်မှု အကြောင်း ပြပြီး တရားရုံးထုတ် စစ်ဆေးမှုများအားလုံးကို ရပ်နားထားကြောင်း၊ ရှေ့နေများလည်း ဝင်ခွင့်မရသဖြင့် ကိုဗစ်ကူးစက်ခံရမှု နောက်ဆုံး အခြေအနေကို မသိရှိဟု ရှေ့နေ အသိုင်းအဝိုင်းက ပြောသည်။

ဒေါက်တာ အောင်မိုးညိုသည် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် ကျခံနေရပြီး သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေ၊ အဂတိ လိုက်စားမှု ဥပဒေတို့ဖြင့် ထပ်မံ တရားစွဲခံနေရသည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*