မန္တလေးမှာ မြို့နယ်ဖြတ်ကျော်ခွင့်ကတ်ပြားရဖို့ ငွေပေးပြုလုပ်ရတာတွေရှိတယ်လို့ ဒေသခံတွေပြော

မန္တလေးမှာ မြို့နယ်ဖြတ်ကျော်ခွင့်ကတ်ပြားရဖို့ ငွေပေးပြုလုပ်ရတာတွေရှိတယ်လို့ ဒေသခံတွေပြော

မန္တလေးတိုင်းဒေသကြီးမှာ ကိုဗစ်ရောဂါထိန်းချုပ်ရေးအတွက် မြို့နယ်ဖြတ်ကျော်သွားလာခွင့်တွေ ကန့်သတ်ထားချိန်မှာ နယ်ကျော်ဖြတ်သန်းသွားလာခွင့်အသိအမှတ်ပြု ကတ်ပြားရဖို့ လူတစ်ဦးကို ကျပ်တသောင်းခွဲအထိ ပေးဆောင်ရတာတွေရှိလာတယ်လို့ဒေသခံတွေက ပြောပါတယ်။

“ကျွန်တော်က ရပ်ကွက်စာရေးမဆီမှာ လုပ်တာ။ အဲ့ဒီမှာ စစ်သား ၃ယောက်လောက်ရှိတယ်။ ကျွန်တော့်နာမည်ရယ် မှတ်ပုံတင်ရယ်နဲ့အတူလက်မှတ်ထိုးပြီးယူခဲ့ရတယ်။ အခုအရမ်းစစ်နေတဲ့ ၁၉ လမ်းနားကအမြင်သစ်ဆိုတဲ့ လက်ဖက်ရည်ဆိုင်မှာလုပ်ခဲ့တာပါ။ အခုကျတော့ ၅ ထောင် ပေးရတဲ့သူရှိတယ်။ ၁ သောင်းပေးရတဲ့သူရှိတယ်။ ကျွန်တော်ကစောလုပ်မိလို့လားမသိဘူး။ တစ်သောင်းခွဲပေးရတယ် ” လို့ နယ်ကျော်ကတ်သွားရောက်လုပ်ခဲ့သူတစ်ဦးကဘီဘီစီကိုပြောပါတယ် ။

မန္တလေးမြို့တွင်းမှာ မနက် ၉ နာရီက ညနေ ၃ နာရီခွဲအတွင်း အပြင်သွားလာခွင့်တွေ ကန့်သတ်ထားပြီး နယ်ကျော်ကတ်တွေပါရင်တော့ သွားလာခွင့်ရတဲ့အတွက် မြို့နယ်ရုံးတွေမှာ သွားရောက်လျှောက်ထားသူတွေများနေတယ်လို့ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ နယ်ကျော်ကတ်နဲ့မြို့တွင်းသွားလာတဲ့အခါမှာလည်း တချို့နေရာတွေမှာတော့ ဒဏ်ငွေပေးဆောင်ရတာတွေလည်းရှိနေတယ်လို့ဒေသခံတွေ ပြောပါတယ်။

” နယ်ကျော်ကတ်ပါရင်မြို့ထဲမှာလည်းသွားလာလို့ရတယ်ဆိုပြီးလုပ်ထားပေမဲ့ နယ်ကျော်က (မနက်) ၉ နာရီကျော်ရင် ဘောင်မဝင်ဘူးဆိုပြီး ဒဏ်ငွေ ၅ဝဝဝ ဆောင်ခဲ့ရသေးတယ်” လို့ချမ်းအေးသာစံမြို့နယ်အတွင်းနေထိုင်သူတစ်ဦးကဘီဘီစီကိုပြောပါတယ်။ ဒီလိုနယ်ကျော်ကတ်လျှောက်ထားရာမှာ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ လျှောက်ထားရတာဖြစ်ပြီး လျှောက်ထားဖို့ဖောင်ဝယ်ယူရမှာလည်း ငွေကျပ် ၁ ထောင် ပေးပြီးဝယ်ယူနေရတယ်လို့ကတ်လျှောက်ထားသူတွေကပြောပါတယ်။ ဒါ့အပြင် မန္တလေးမြို့က အချက်အခြာကျတဲ့နေရာတွေမှာ စစ်ကောင်စီတပ်တွေနဲ့မီးသတ်တပ်ဖွဲ့တွေအပြင် ရပ်ကွက်အတွင်းက အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းတွေပါ စောင့်ကြည့်စစ်ဆေးတာတွေ ဆက်တိုက်ပြု လုပ်နေတယ်လို့ မန္တလေးဒေသခံတွေက ပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ- CJ
ပုံစာ- သြဂုတ်လ ၁၇ ရက်နေ့က မန္တလေးမြို့တွင်း နယ်ကျော်သွားလာမှုတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ စစ်ဆေးနေတဲ့မြင်ကွင်း (ပုံဟောင်း)

Be the first to comment

Leave a Reply

Your email address will not be published.


*