မုံးကိုး-ဖောင်းဆိုင်ဘက်က စစ်ရှောင်တွေ ပစ္စည်းသယ်ခွင့်မရတာကြောင့် စားနပ်ရိက္ခာ ခက်ခဲနေ

မုံးကိုး-ဖောင်းဆိုင်ဘက်က စစ်ရှောင်တွေ ပစ္စည်းသယ်ခွင့်မရတာကြောင့် စားနပ်ရိက္ခာ ခက်ခဲနေ

 

ဩဂုတ် ၂၈-၂၀၂၁

Shy V (VOM)

 

မြန်မာ-တရုတ်နယ်စပ် မူဆယ်ခရိုင်၊ မုံးကိုး ဖောင်းဆိုင်ဘက်က စစ်ရှောင်တွေအတွက် ပစ္စည်းတွေ သယ်ခွင့်မပြုတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ မိုးကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

” လမ်းမှာ စောင့်ဆိုင်းစစ်ဆေးတာတွေရှိတယ်၊ လူတစ်ယောက်ကို အများဆုံး ဆန်တစ်ပြည်သာသယ်ခွင့်ပြုတယ်၊ ပစ္စည်းတင်လာရင် ပေးမသွားဘူး၊ ဆိုင်ကယ် နဲ့ အိတ်ခွံပဲ ယူလာရင်တောင် ပြန်လှည့်ခိုင်းတယ်။ ဖုန်းတွေလည်း ယူသွားလို့မရဘူး၊ မုံးကိုးဘက်က ဆန်နဲ့ ကူညီထောက်ပံ့ပေးမယ့် ပစ္စည်းတွေ လှူထားတာရှိပေမယ့် လုံးဝ ပို့လို့မရလို့ မြို့ထဲမှာပဲ သောင်တင်နေတယ်”လို့ ဒေသခံတစ်ဦးက ရှင်းပြပါတယ်။

 

ငွေသားလှူရင်တော့ စစ်ရှောင်ကော်မတီအနေနဲ့ တရုတ်နိုင်ငံဘက်မှာရှိတဲ့ ကချင်တိုင်းရင်းသားတွေဆီ အကူအညီတောင်းပြီး အစားအသောက်ပစ္စည်းတွေ မှာယူဝယ်လို့ရတာကြောင့် ပိုအဆင်ပြေတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

 

အကူအညီပေးတဲ့ အသင်းအဖွဲ့တွေဆီကို အကူအညီ တောင်းခံထားပေမယ့် လက်ရှိထိ ဘာမှမရသေးလို့ အဖွဲ့အစည်းအနေနဲ့ လှူဒါန်းတာ မရှိသေးဘူးလို့ သိရပါတယ်။

 

ဖောင်းဆိုင်ရွာခံ တစ်ဦးက” စစ်ရှောင်တွေကို ရွာပြန်ရင် တခြားတိုင်းရင်းသားလက်နက်ကိုင်တွေကို မင်းတို့ရွာမှာ ခိုလှုံခွင့်ပြုထားတယ်လို့ စွပ်စွဲထားပြီး ရွာမပြန်ခိုင်းတဲ့အပြင် ရွာပြန်ရင် ပစ်မယ်လို့ သတင်းထုတ်ထားတာကြောင့် တိုက်ပွဲဖြစ်တာ မရှိ‌တော့ပေမယ့် စစ်တပ်ကလည်း ရွာထဲမှာရှိနေတာ၊ ကြောက်လို့ ဘယ်သူမှ မပြန်ရဲကြဘူး”လို့ ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ ကတည်းက ဖောင်းဆိုင်၊ မန့်ယန်၊ ဘန်မွေ့ ရွာတွေက ဒေသခံ၂၀၀ ခန့် တိုက်ပွဲပြင်းထန်လာလို့ တရုတ်နယ်စပ် တောတောင်တွေဘက်မှာတဲထိုးနေထိုင် တိမ်းရှောင်နေရပြီး မိုးကြီးလာရင် မိုးမလုံဘဲ ဒုက္ခရောက်နေတဲ့အပြင် အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်တွေပြောပြချက်အရ သိရပါတယ်။

 

လက်ရှိ စစ်တပ် နဲ့ MNDAA တို့အကြား စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေပြီး ဒေသခံတွေရဲ့ ရိက္ခာ ပြတ်လပ်မှုနဲ့ အစားအသောက် ရိက္ခာ၊ အသုံးပစ္စည်းတွေ လမ်းကြောမှာ ပိတ်‌ဆို့နေတာကို ကူညီဖြေရှင်းပေးနေပြီလို့လည်း MNDAA ပြန်ကြားရေးဌာနကနေ သိရပါတယ်။

 

ဩဂုတ်လ လဆန်းပိုင်းက စစ်တပ်နဲ့ MNDAA တို့အကြား ကြူကုတ် (ပန်ဆိုင်း)နားမှာ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဒေသခံ ၁၄၀၄ ဦး မြန်မာ – တရုတ် နယ်စပ် ဝမ်တိန်ချောင်းစပ် လယ်ကွင်းမှာ ယာယီ တိမ်းရှောင်နေခဲ့ကြရတာ ဖြစ်ပါတယ်။

 

Photo-ဒေသခံ

VOM

Be the first to comment

Leave a Reply

Your email address will not be published.


*