မူဆယ် ၁၀၅ မိုင်မှာ ခုတင် ၁၀၀၀ဆံ့ ကိုဗစ် ကွာရန်တင်းစင်တာကို ၁၅ ရက်နဲ့အပြီးဆောက်နေ

မူဆယ် ၁၀၅ မိုင်မှာ ခုတင် ၁၀၀၀ဆံ့ ကိုဗစ် ကွာရန်တင်းစင်တာကို ၁၅ ရက်နဲ့ အပြီးဆောက်နေ

ဩဂုတ် ၂၃-၂၀၂၁
Shy V (VOM)

မြန်မာနိုင်ငံရဲ့ အရှေ့မြောက်စီးပွားရေးမှာ အဓိက အရေးပါတဲ့ မူဆယ်မြို့၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ နှစ်နိုင်ငံ ကုန်သွယ်မှု မိုမိုမြန်ဆန်စေဖို့အတွက် ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ဦးစားပေး ဆေးစစ် ကုသပေးမယ့် ခုတင် ၁၀၀၀ ဆံ့ COVID-19 ကုသရေးနဲ့ ကွာရန်တင်းစင်တာကို ၁၅ ရက်နဲ့ အပြီးဆောက်နေပြီလို့ စင်တာဆောက်လုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဩဂုတ်လ ၁၆ ရက်နေ့ကစ တရုတ်နိုင်ငံက ပစ္စည်းတွေ တရုတ်ကား ၅ စီးနဲ့ တင်လာပြီး ဆောက်လုပ်ရေးလုပ်ငန်း စတင်နေပြီလို့ စင်တာ ဆောက်လုပ်ရေးနဲ့ နီးစပ်သူ ဒေသခံတစ်ဦးဆီက သိရပါတယ်။

” မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နှစ်နိုင်ငံ ကုန်သွယ်စီးဆင်းမှု ပိုမိုမြန်ဆန်ရေးအတွက် တရုတ်ဘက်က ၁၅ ရက်နဲ့အပြီးဆောက်ဖို့ အဆိုတင်သွင်းထားတာဖြစ်ပြီး ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်းမှာရှိတဲ့ အရှေ့မြောက်တံခါး အများနဲ့ သက်ဆိုင်သောကုမ္ပဏီလီမီတက်မှ သစ်သီးရောင်းဝယ်ရေးကွင်းမှာ အဆောင် ၄ ဆောင်၊ တစ်ဆောင်ကို ခုတင် ၂၅၀ နှုန်းနဲ့ ဆောက်လုပ်ဆဲ ဖြစ်တယ်”လို့ ဒေသခံတစ်ဦးက ရှင်းပြပါတယ်။

စင်တာတည်ဆောက်ရေးမှာ တရုတ်ဘက်က ဆောက်လုပ်ရေး ပစ္စည်းတွေ၊ နည်းပညာနဲ့ ပညာရှင်တွေ အကူအညီပေးပြီး တရုတ်နည်းပညာနဲ့ လုပ်တာဖြစ်တဲ့ အတွက်ကြောင့် ၁၅ ရက်အတွင်း ပြီးနိုင်တယ်လို့ မူဆယ်ခရိုင်ပြန်/ဆက်ရုံးကနေ သိရပါတယ်။

“ပြီးတဲ့အချိန်ပေါ့။၂၆ ရက်နေ့ ပြီးလည်း ပြီးနိုင်တယ်။ မြန်တယ်။ တရုတ်ရဲ့ အကူအညီနဲ့ လုပ်ထားတာ” လို့ မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး၊ ဦးစီးဌာနမှူး ဦးအယ်စိုးထန်တူးက ပြောပါတယ်။

ဩဂုတ်လကုန် အပြီးတည်ဆောက်မှာ ဖြစ်ပြီး စတင်လည်နိုင်ပတ်ဖို့အတွက် မူဆယ်ခရိုင် ပြည်သူ့ဆေးရုံသစ်ကြီးရှိ ဓာတ်ခွဲခန်းမှာ ၁၀၅မိုင်စင်တာအတွက်
တာဝန်ထမ်းဆောင်မယ့်လူ သင်တန်းသား ၁၂ ဦးကို သင်ပေးနေပြီလို့ မူဆယ် Covid – 19 ရောဂါ ကာကွယ် ထိန်းချုပ်၊ကုသရေး ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

“အဓိက ရည်ရွယ်ချက်ကတော့ နှစ်နိုင်ငံ ကုန်သွယ်စီးဆင်းမှု ပိုမိုမြန်ဆန်စေရေးအတွက်၊ ပြီးတော့ ကုန်တင်ကားဆရာတွေကို အဓိက စစ်မှာပေါ့လေ။ ဒါပေမယ့် ဒီဒေသအတွင်းက ကိုဗစ်နဲ့ ပတ်သက်တဲ့ လူနာတွေလည်း ဒီစင်တာမှာပြပြီး ဆေးကုသမှုတွေ ခံယူဖို့အတွက်လုပ်မှာပါ။” လို့ ၁၀၅ မိုင်ဒေသခံ ကိုသန့်ဇင်က ပြောပါတယ်။

ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်ကုသရေးအပိုင်းနဲ့ပတ်သက်ပြီး ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိုင်စိုး ဦးစီးကာ မြန်မာဘက်က ဆရာဝန်နဲ့ သူနာပြုတွေ အဓိကပါဝင်ပြီး အနည်းဆုံး ဆရာဝန် နှစ်ဦးနဲ့ သူနာပြု ၈ ဦး စုစုပေါင်း ၁၀ ဦး သတ်မှတ်လျာထားတဲ့အပြင် ဓာတ်ခွဲခန်းနဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

ကြက်ခြေနီအဖွဲ့၊ NGO အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်း လုပ်ဆောင်သွားမှာဖြစ်ပြီး လုံခြုံရေးအနေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

လိုအပ်တဲ့ ဆေးဝါးထောက်ပံ့မှု အပိုင်းတွေကတော့ တရုတ်နိုင်ငံဘက်က စီးပွားရေးလုပ်ငန်းရှင် ကုန်သည်တွေကနေ ကူညီထောက်ပံ့ပေးမှာဖြစ်ပြီး စင်တာမှာ တာဝန် ထမ်း‌ဆောင်မယ့် ဆရာဝန်တွေ၊ သူနာပြုတွေ ငှားရမ်းဖို့နဲ့ စေတနာ့ဝန်ထမ်းတွေကို ကျွေးမွေးထောက်ပံ့ဖို့အတွက် သိန်း ၂၀၀၀ လောက်လိုအပ်နေတယ်လို့လည်း သိရပါတယ်။

“ဆေးစစ်ခကိုတော့ ဆေးစစ်ခံယူသူတွေနဲ့ ယာဉ်‌မောင်းတွေ၊ ယာဉ်နောက်လိုက်တွေဆီက တတ်နိုင်သလောက်ကောက်ခံသွားမှာဖြစ်ပြီး ဘယ်လောက် ကောက်သွားမယ်ဆိုတာကိုတော့ အတိအကျ မသိရသေးဘူး။” လို့ ၁၀၅ မိုင်ဒေသခံ ကိုသန့်ဇင်က ပြောပါတယ်။

လက်ရှိ COVID-19 ရောဂါအခြေအနေကြောင့် မြန်မာဘက်က ဝင်ခွင့်ပေးဖို့အတွက် ဆေးစစ်ပြီးမှ တရုတ်ဘက်ကို ဝင်ခွင့်ရမှာဖြစ်ပြီး ကုန်စည်စီးဆင်းမှုကလည်း ကိုဗစ်စင်တာကြီးပေါ်မှာ မူတယ်နေတာကြောင့် COVID-19 ကုသရေးနဲ့ ကွာရန်တင်းစင်တာ ဖွင့်လှစ်နိုင်ရင် ကုန်သွယ်စီးဆင်းမှုကလည်း လက်ရှိထက် ပိုမို မြန်ဆန်လာမယ်လို့ ပြောပါတယ်။

မြန်မာ-တရုတ် နယ်စပ်မှာ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ဖို့ အစိုးရ ကနေ အစိုးရ (G to G) မဟုတ်ဘဲ လက်ရှိ တကယ်လက်တွေ့ အလုပ်လုပ်နေတဲ့ အသင်းအဖွဲ့တွေကနေတဆင့် တရုတ်ဘက်က ကူညီသွားဖို့ ပြီးခဲ့တဲ့ ဧပြီလလယ်ခန့် ကတည်းက နှစ်နိုင်ငံ ချိတ်ဆက် ညှိနှိုင်းကာ မြန်မာဘက် သက်ဆိုင်ရာဌာနတွေမှာ ခွင့်ပြုချက်တောင်းဆိုထားတာရှိကြောင်း နီးစပ်သူ တစ်ဦးဆီက သိရပါတယ်။

Voiceofmyanmar VOM

Be the first to comment

Leave a Reply

Your email address will not be published.


*