မြန်မာလုပ်သားတွေအတွက် နန်းတော်ဂိတ်ပေါက် ပြန်ဖွင့်‌ပေးမယ်

မြန်မာလုပ်သားတွေအတွက် နန်းတော်ဂိတ်ပေါက် ပြန်ဖွင့်‌ပေးမယ်

ဩဂုတ် ၂၀-၂၀၂၁
Shy V (VOM)

တရုတ် – မြန်မာနယ်စပ် ရွှေလီဘက်ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် တရားဝင် အဝင်/အထွက်ဂိတ် နန်းတော်ပေါက်ကို ဩဂုတ်လ ၂၁ ရက်နေ့မှာ ပြန်လည်ဖွင့်‌လှစ်ပေးသွားမှာဖြစ်တယ်လို့ နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“မနက်ဖြန် ၂၁ ရက်ကို ဒီရွှေလီကပြန်မယ့် ပြည်တော် ပြန်တွေကို အကုန်ပို့မှာ။ တရားဝင် နန်းတော်ပေါက်ကနေပြီး။ ဂိတ်ဖွင့်ချိန်က ခါတိုင်းလိုပဲ ဖွင့်မယ်။ နဂိုစာရင်းတွေ ရှိပြီးသား ပြန်မယ့်လူ။” လို့ ရွှေလီရှိ ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုချမ်းမြေ့က ပြောပါတယ်။

မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးကလည်း တရုတ်နိုင်ငံ ရွှေလီအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှုရလဒ်အဖြစ် ဩဂုတ်လ ၂၁ ရက်‌နေ့ မြန်မာစံတော်ချိန် မနက် ၈ နာရီကစပြီး နန်းတော်ပေါက်ကတစ်ဆင့် မြန်မာနိုင်ငံသားတွေကို မူဆယ်ဘက်ကို ပြန်လည်လွှဲပြောင်းပေးမှာဖြစ်ကြောင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ယက်မှလည်း အသိပေး ကြေညာထားပါတယ်။

“ဒီမနက် ဆေးစစ်ခိုင်းတယ်။ နမ့်မာဝ်ဖူ့ပန်းခြံမှာ ခေါ်သွားတယ်။ လူဦးရေ ၁၅၈ ယောက်‌ရှိတယ်။ ဩဂုတ်လ ၁၉ ရက်နေ့ မနက်ပိုင်းကစ ရဲစခန်းရှေ့မှာ လုံးဝ မပြန်ရင် မရတဲ့ထိ ခက်ခဲနေပြီဖြစ်တဲ့ ညအိပ်စောင့်ဆိုင်းနေသူ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဒီကနေ့ ဩဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ဆေးစစ်ဖို့ခေါ်သွားတယ်”လို့ စောင့်ဆိုင်းနေသူထဲက လူငယ် တစ်ယောက်က ပြောပါတယ်။

တရုတ်နိုင်ငံဘက် ဆက်လက်နေထိုင်လိုတဲ့ မြန်မာနိုင်ငံသား‌တွေကိုလည်း ဆက်လက်နေထိုင်ခွင့်ပြုပေးဖို့နဲ့ နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း တရားဝင် နှစ်နိုင်ငံဂိတ်ပေါက်တွေက စနစ်တကျ ပြန်လည်လွှဲပြောင်းပေးရေး ညှိနှိုင်းထားတယ်လို့ သိရပါတယ်။

မြန်မာဘက်ပြန်မယ့် မြန်မာနိုင်ငံသား‌တွေအားလုံး ဒီကနေ့ညနေ ၄ နာရီ နောက်ဆုံးထား စာရင်းပေးရမယ်ဆိုတာကြောင့် နောက်တိုးစာရင်းပေးသွင်းကြသူ ခန့်မှန်းခြေ ၃၀၀ လောက်ရှိတယ်လို့ လာရောက်တန်းစီနေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မြန်မာဘက်ကနေ မြန်မာနိုင်ငံသားမှန်ရင် တရားဝင် အထောက်အထားမရှိလည်း ပြည်တော်ပြန်တွေအားလုံးကို လက်ခံသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

တရုတ်နယ်စပ် ရွှေလီဘက်မှာ တရုတ်အစိုးရအနေနဲ့ တစ်ပတ်ကိုတစ်ကြိမ် ဆန်၊ ဆီ၊ ခေါက်ဆွဲ ထောက်ပံ့ပေးပေမယ့် တချို့က အိမ်လခ ပေးစရာမရှိတော့တဲ့ အပြင် ပြန်စရာလမ်းစရိတ်တော့တဲ့အတွက် မနေ့ ဩဂုတ်လ ၁၉ ရက် မနက်ကတည်းက ရဲစခန်းရှေ့ လမ်းဘေးမှာ အထုပ်အပိုးတွေနဲ့ ညအိပ် စောင့်ဆိုင်းခဲ့ကြရပြီး ညသန်းခေါင်အချိန်မှာ ရဲတွေက စာရင်းလက်ခံပေးခဲ့တယ်လို့ သွားရောက်စောင့်ဆိုင်းသူတွေက ပြောပါတယ်။

“အလုပ်ကိုင်သေချာမရှိရင်၊ သူဌေးကလုံလောက်‌တဲ့ ထောက်ပံ့မှု အာမခံမရှ်ိရင်၊ ဒီတစ်ခေါက်ပါအောင်ပြန်သင့်တယ်။ ရောဂါအခြေအနေက အခုငြိမ်နေပေမယ့် ဘယ်အချိန်မဆို ပြန်ဖြစ်လာနိုင်တယ်။ ဒီလိုကာလကြီးက ထင်ထားတာထက် ပိုကြာလာနိုင်တယ်ဗျ၊ ပိုခက်ခဲ လာနိုင်တယ်”လို့ မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့ကနေ ဩဂုတ်လ ၁၆ ရက် နေ့အထိ နန်းတော်တရားဝင်ပေါက်မှတဆင့် နှစ်နိုင်ငံလွှဲပြောင်းလက်ခံထါ်တဲ့ မြန်မာပြည်တော်ပြန် ၄၈၇၄ ဦးရှိပြီး မန်ဟီးရိုး၊ ကျင်စန်းကျော့၊ ကြူကုတ် (ပန်ဆိုင်း) စတဲ့ နယ်ခြားစည်းမျဉ်းရှိ ခိုးပေါက်တွေကနေ ပြန်လာ နေရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

Photo – ရွှေလီရောက် မြန်မာနိုင်ငံသားတစ်ဦး
Voiceofmyanmar VOM

Be the first to comment

Leave a Reply

Your email address will not be published.


*