ယခင်ကမသိခဲ့ရသေးသော ခြေလေးချောင်း ပါဝေလငါးကျောက်ဖြစ်ရုပ်ကြွင်းကို အီဂျစ်တွင်တွေ့ရှိ

ယခင်ကမသိခဲ့ရသေးသော ခြေလေးချောင်း ပါဝေလငါးကျောက်ဖြစ်ရုပ်ကြွင်းကို အီဂျစ်တွင်တွေ့ရှိ

 

ရိုက်တာ၊ဩဂုတ် ၂၇

 

ကိုင်ရို၊ ဩဂုတ် ၂၅ (ရိုက်တာ) – ယခင်ကမသိရှိခဲ့ရသေးသော ခြေလေးချောင်းပါ ဝေလငါးမျိုးစိတ်၏ နှစ် ပေါင်း ၄၃ သန်းသက်တမ်းရှိကျောက်ဖြစ်ရုပ်ကြွင်းကို ဗုဒ္ဓဟူးနေ့ကတွေ့ရှိခဲ့သည်ဟု သိပ္ပံပညာရှင်များက ပြောသည်။ ယင်းတွေ့ရှိမှုကြောင့် ဝေလငါးများကုန်းမြေပေါ်မှရေထဲသို့မည်သို့မည့်ပုံရောက်ရှိအသွင်ကူး ပြောင်းသွားပုံအကြောင်း ခြေရာခံလေ့လာနိုင်တော့မည်ဖြစ်သည်။

 

ယခုအသစ်တွေ့ရှိမှုသည် Protocetidae အုပ်စုတွင်ပါဝင်ပြီး ထိုအုပ်စုသည် အဆိုပါအသွင်ကူးပြောင်းမှု အလယ်ခန့်တွင်ပါဝင်သည်ဟု အီဂျစ်ခေါင်းဆောင်သည့်သုတေသီများအဖွဲ့က ထုတ်ပြန်သည့်ကြေငြာချက် တွင်ရေးသားထားသည်။

 

ယင်းကျောက်ဖြစ်ရုပ်ကြွင်းကို အီဂျစ်အနောက်ပိုင်းသဲကန္တာရ ဖာရွန် (Fayum) ချိုင့်ခွက်အတွင်း မှတွေ့ရှိခဲ့ ခြင်းဖြစ်ပြီး အီအိုဆင်းယုဂ် (Eocene ) ခေတ်လယ်ကျောက်သားများအတွင်း မှတူးဖော် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းဒေသသည်တချိန်ကပင်လယ်ပြင်ဖြစ်ခဲ့ဖူးပြီး ဝေလငါးများဆင့် ကဲ ပြောင်းလဲဖြစ်စဉ်ကိုပြသသည့်တွေ့ရှိမှုအများအပြားတူးဖော်တွေ့ရှိခဲ့ဖူးသည့် မြေလွှာများရှိသည့် နေရာဖြစ်သည်။ ယခုတွေ့ရှိသည့်ကျောက်ဖြစ်ရုပ် ကြွင်းကို မင်ဆိုရာတက္ကသိုလ်ကျောရိုးရှိတိရိစ္ဆာန် ကျောက်ဖြစ်ရုပ်ကြွင်းပညာဌာန (Mansoura University Vertebrate Palaeontology Centre -MUVP) သို့ပို့ဆောင်လေ့လာမည်ဖြစ်သည်။

 

ယခုတွေ့ရှိသောဝေလငါးမျိုးစိတ်အသစ်ကို Phiomicetus Anubis ဟုအမည်ပေးထားပြီး အလျား ၃ မီတာ (၁၀ ပေ) ခန့်ရှိ၍ အလေးချိန် ကီလိုဂရမ် ၆၀၀ (၁,၃၀၀ ပေါင်) ခန့်ရှိသည်။ ယင်းသည်ထိုခေတ်ကအမြင့်ဆုံး သားရဲတိရိစ္ဆာန်ဖြစ်နိုင်ဖွယ်ရှိသည်ဟု သုတေသီများကပြောသည်။ ယင်း၏အရိုးစုတစိတ်တပိုင်းကပြသနေ သည့်အချက်များအရ ယင်းသည်အာဖရိကတွင်တွေ့ရှိခဲ့ဖူးသည့် protocetid များထဲတွင်ရှေးအကျဆုံးဖြစ်သည်။

 

“Phiomicetus Anubis ဆိုတာ ဝေလငါးမျိုးစိတ်အသစ်တွေထဲမှာအဓိကကျတယ်။ အီဂျစ်နဲ့အာဖရိက ကျောက်ဖြစ်ရုပ်ကြွင်းပညာမှာအရေးပါတဲ့တွေ့ရှိမှုလဲဖြစ်တယ်” ဟု MUVP မှ အဗ္ဗဒူလာဂိုဟာ (Abdullah Gohar) ကပြောသည်။ သူသည်ယခုတွေ့ရှိမှုကို Proceedings of the Royal Society B သုတေသနဂျာနယ် တွင်ရေးသားတင်ပြခဲ့သည့်စာတန်းကိုဦးဆောင်ရေးသားခဲ့သူဖြစ်သည်။

 

ယခုဝေလငါး၏မျိုးစုအမည်မှာ ဖာရွန်ချိုင့်ခွက်ကြီးကိုဂုဏ်ပြုမှည့်ခေါ်ထားခြင်းဖြစ်ပြီး မျိုးစိတ်အမည် Anubis မှာ အီဂျစ်ရှေးဟောင်းခွေးခေါင်းနှင့်နတ်ဘုရားကိုရည်ညွှန်းခေါ်ဆိုထားခြင်းဖြစ်သည်။ ယင်းနတ် ဘုရားသည် တမလွန်ဘဝနှင့် မမ်မီလူခြောက်လုပ်ခြင်းတို့နှင့်ဆက်စပ်နေသည်။

 

မကြာသေးမီက ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ရှိမှုများရှိခဲ့သော်လည်း အာဖရိကတိုက်တွင်ရှိခဲ့သည့် ရှေးဦးဝေလ ငါးများ၏ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်မှာပဟေဋိဖြစ်နေဆဲရှိသည် ဟု သုတေသီများကပြောသည်။ ဒေသတွင်း သုတေသနလုပ်ငန်းများကြောင့် ဝေလငါးများ ကုန်းနေရေနေသတ္တဝါအဖြစ်မှ ရေနေဝေလငါးများအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပုံအသေးစိတ်ကို အသစ်တွေ့ရှိလာဖွယ်ရှိနေသည်။

 

ကျောက်သားသက်တမ်း နှစ်ပေါင်း ၁၂ သန်းခန့်ရှိ ဖာရွန်ချိုင့်ခွက်ကြီးအတွင်းမှတွေ့ရှိမှုကြီးများသည် “မိ ချောင်းနှင့်တူသည့် တစိတ်တပိုင်းရေနေဝေလငါးများ မှသည် အလွန်ကြီးမားသောလုံးလုံးရေနေဝေလငါး များအထိပါရှိနိုင်သည်” ဟု သုတေသနစာတန်းကိုပူးတွဲရေးသားသူဖြစ်သည့် အီဂျစ်သဘာဝပတ်ဝန်းကျင် ရေးရာအေဂျင်စီ မှ မိုဟာမက်ဆာမေး (Mohamed Sameh) ကပြောသည်။

 

ယခုအသစ်တွေ့ရှိသည့် ဝေလငါးကြောင့် ရှေးဟောင်းဂေဟစနစ်အပေါ် မေးခွန်းထုတ်မှုများပေါ်ပေါက်လာ ခဲ့ပြီး အီဂျစ်တွင်ရှိခဲ့သည့်ရှေးဟောင်းဝေလငါးများ၏မူလဇစ်မြစ်နှင့် အတူယှဉ်တွဲနေထိုင်ခဲ့ပုံများအကြောင်း သုတေသနလုပ်ငန်းများအထိရောက်သွားနိုင်သည်ဟု MUVP ကိုပူးတွဲတည်ထောင်သူနှင့် စာတန်းကိုပူးတွဲ ရေးသားခဲ့သူ ဟဲရှမ်ဆဲလမ် (Hesham Sellam) ကပြောသည်။

 

ဤသတင်းကို Sameh Elkhatib ကဖြည့်စွက်ရေးသားပေးပြီး Aidan Lewis နှင့် Richard Pullin တို့ကတည်း ဖြတ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*