ရန်ကုန်မြို့က ခပ်စိတ်စိတ်ပြန်ဖြစ်လာတဲ့ လူဖမ်းပွဲ

ရန်ကုန်မြို့က ခပ်စိတ်စိတ်ပြန်ဖြစ်လာတဲ့ လူဖမ်းပွဲ

 

ရန်ကုန်က မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေက ယခုသြဂုတ်လ အစောပိုင်းကတည်းက ပိုက်စိပ်တိုက်စီးနင်းဖမ်းဆီးမှုများ ခပ်စိပ်စိပ် ပြုလုပ်လာနေကြောင်း မြေအောက်တော်လှန်ရေး လှုပ်ရှားသူများက မဇ္စျိမကို ပြောသည်။

 

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ၁၀ရက်တာအတွင်း စစ်ကောင်စီမှ စီးနင်းဖမ်းဆီးမှုများတွင် မြေအောက်တော်လှန်ရေးလုပ်နေသူ လူငယ် ၂၀ ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး လက်နက် ပစ္စည်းများလည်းပါသွားကြောင်း တော်လှန်ရေးတွင် ပါဝင်နေသူတစ်ဦးက ဆိုသည်။

 

“ဘယ်အဖွဲ့တွေထဲက ဖမ်းခံရတယ်ဆိုတာတော့ ပြောလို့မရဘူးဗျ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့က ဆက်စပ်မှုတွေရှိပြီး လုပ်ဆောင်နေကြတာ၊ ဝင်ဖမ်းတဲ့အချိန်မှာ ပစ်ပြီးဖမ်းတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်၊ ဝင်ဖမ်းတာထက် ဝင်စီးတာပေါ့ဗျာ၊ ဖမ်းခံလိုက်ရတဲ့ သူတွေဆီကနေ သိပြီး အခုလိုတွေ လုပ်လာတာလည်း ဖြစ်နိုင်တယ်”ဟု ၎င်းက ဆိုသည်။

 

မရမ်းကုန်းမြို့နယ် သမိုင်းရှိ ‌နေအိမ်တစ်ခုကို သြဂုတ်လ ၂၃ ရက်ညနေ ၄ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေပစ်ခတ်ခဲ့ရာ မြေ‌အောက်တော်လှန်ရေးတပ်သားတစ်ဦး လက်မောင်းနဲ့ ပေါင်ကို ကျည်ထိမှန်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့သည်။

 

စစ်ကောင်စီတပ်များက နေ့ခင်းဘက်များတွင် စမ်းချောင်း ကျွန်းတောလမ်း၊ သာကေတ Water Boom အရှေ့နှင့် မော်တင်ရှိ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းထောင့် တို့တွင် အထိုင်ချကာ စစ်ဆေးမှုများ နေ့စဉ်ပြုလုပ်နေကြောင်း သိရပြီး ညဘက်များတွင်တော့ ၎င်းတို့သံသယရှိသည့် နေရာများကို ဝင်ရောက်စီးနင်းရှာဖွေမှုများ ပြုလုပ်နေသည်။

 

နောက်ထပ်မြေအောက်တော်လှန်ရေးလှုပ်ရှားနေသူ တစ်ဦးက “ NUG ဘက်နဲ့ PDF တွေဘက်က ပိုပြင်းထန်တဲ့ တစ်စုံတစ်ရာ တုန့်ပြန့်မှုတွေ လာတော့မလားဆိုပြီး စစ်ကောင်စီဘက်က ပြင်ဆင်တာလည်း ဖြစ်နိုင်တယ်၊ ပြည်သူတွေကိုလဲ အကြောက်တရားတွေ ပိုသွင်းတာပေါ့ဗျာ” ဟု ပြောသည်။

 

ယမန်နေ့ ည ၁၁ နာရီအချိန်ကလည်း သမိုင်းမြို့သစ် ၃ လမ်းတွင် စစ်သားနှင့်ရဲများက ဧည့်စာရင်းဝင်စစ်ပြီး ဧည့်စာရင်းမတိုင်သည့်အတွက် တစ်အိမ်တစ်ယောက်နှုန်းနဲ့ ပြည်သူ ၂၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

 

“ ရပ်ကွက်အုပ်ချုပ်ရေးမှူးလဲ မရှိတော့ ဘယ်ကိုတိုင်ရမယ်ဆိုတာ မသိဘူးလေ၊ တိုင်ဖို့အတွက်လည်း ဘာမှအကြောင်းကြားတာမရှိဘူး၊ အဲ့တာကို ဧည့်စာရင်းမတိုင်ရင် တစ်အိမ်တစ်ယောက်လိုက်ရမယ်ဆိုပြီး ခေါ်သွားတာ” ဟု အဆိုပါရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

 

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ခေါ်သွားပြီးနောက် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီက ဖမ်းဆီးမှုများတွင် တော်လှန်ရေးလှုပ်ရှားမှုများတွင် မပါဝင်သူများကိုပါ အကြောင်းမဲ့ ဖမ်းဆီးခြင်းများလည်း ရှိနေသည်။

 

သာကေတမြို့နယ် ၊ ၇ အရှေ့ရပ်ကွက် ၊ အောင်သပြေအနောက် (၄) လမ်းမှာနေထိုင်သည့် ရူပဗေဒကျူရှင်ဆရာတစ်ဦးဖြစ်တဲ့ဦးစိုးပိုင် ခေါ်ဦးကျော်ခိုင်ဝင်းကို စစ်ကောင်စီတပ်များက သြဂုတ်လ ၂၂ ရက်နေ့မှာ ဖမ်းဆီးသွားခဲ့ပြီးနောက်တစ်နေ့ မှာ ကိုဗစ်ရောဂါနဲ့သေဆုံးသွားကြောင်း မိသားစုဝင်များကို အသိပေးခဲ့သည်။

 

သြဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်းတွင် သတင်းပေးသူတချို့ကြောင့် ဆရာဦးစိုးပိုင် နေအိမ်အတွင်းလက်နက်များ ရှိသည်ဆိုပြီး ဝင်ရောက်ရှာဖွေစစ်ဆေးကာ နေအိမ်အတွင်းလက်နက်တစ်စုံတစ်ရာ ရှာတွေ့ခြင်းမျိုးမရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရခြင်း ဖြစ်သည်။

 

“ ပြောက်ကျားဆိုတာ အရေးကြီးဆုံးက လုံခြုံရေးပဲ ၊ ပျောက်ကြားစနစ်ကို သေသေချာချာ နည်းစနစ်တကျ နားလည်ပြီး လုပ်ဆောင်ဖို့လိုတယ်၊ ကျွန်တော်တို့ ရဲဘော်တွေက စိတ်ဓာတ်နဲ့ ယုံကြည်မှုကြောင့်သာ ဒီတော်လှန်ရေးမှာ ပါဝင်လာတာဖြစ်တယ်၊ အတွေ့အကြုံက အရမ်းနုနယ်သေးတယ်။ အကုန်လုံးက “ရွက်ကြိုးရင်လည်း တက်နဲ့လှော် ၊ တက်ကျိုးရင်လည်း လက်နဲ့လှော်” ဆိုတဲ့ အယူအဆကို ကိုင်စွဲပြီးတော့ ဒီတိုက်ပွဲကို ရနိုင်တဲ့ နည်းပေါင်းစုံနဲ့ နိုင်အောင်တိုက်ရမှာ ဖြစ်တယ်” ဟု မြေအောက်တော်လှန်ရေး သမားတစ်ဦးက သတိပေးပြောဆိုသည်။

 

စမ်းချောင်းနှင့်ကမာရွတ်မြို့နယ်များတွင်လည်း စစ်ကောင်စီတပ်များက သြဂုတ်လ ၁၈ရက်နေ့ညက ဧည့်စာရင်းစစ်မွှေနှောက်ကာ လူ ၁၂ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း မဇ္ဈိမက လိုက်လံကောက်ယူထားသော စာရင်းများအရသိရသည်။

 

အကြမ်းဖက်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်မှ သြဂုတ်လ ၂၅ရက်အထိ မတရားချုပ်နှောင်ခံထားရသူ ၅၉၃၇ ဦးရှိပြီး သေဆုံးသူ ၁၀၁၆ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ကြေညာထားသည်။

 

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*