ရေစကြိုတွင် စစ်ကောင်စီတပ်များက အပြစ်မဲ့ လူငယ် မောင်ချစ်ရဲရင့် ပစ်သတ်ပြီး ၄ ဦးကို ဖမ်းဆီးသွား

ရေစကြိုတွင် စစ်ကောင်စီတပ်များက အပြစ်မဲ့ လူငယ် မောင်ချစ်ရဲရင့် ပစ်သတ်ပြီး ၄ ဦးကို ဖမ်းဆီးသွား

ရန်ကုန်၊ ဩဂုတ် ၂၃

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာကျေးရွာတွင် စစ်ကောင်စီတပ်များက ယမန်နေ့ ညနေပိုင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ သတင်းမှားပေးမှုဖြင့် လူငယ် ၅ ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူများအနက်မှ အသက် ၂၀ အရွယ် မောင်ချစ်ရဲရင့်(ခ) ကျော်ဟိန်းကို ပစ်သတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ကောင်စီတပ်များက ဟင်္သာကျေးရွာထဲသို့ ယမန်နေ့ ညနေပိုင်းတွင် လူမှုကူညီရေး ကား တစ်စီး ၊ အိမ်စီး ကား ၁ စီးဖြင့် အယောင်ဆောင် ဝင်ရောက်ပြီး လူ ၅ ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း၊ ယင်းသို့ ဖမ်းဆီးရာတွင် မောင်ချစ်ရဲရင့်(ခ) ကျော်ဟိန်းမှာမူ ပစ်သတ်ခံလိုက်ရကြောင်း သိရှိရသည်။

“မနေ့ကညနေလောက်မှာ ရွာထဲကိုစစ်သားတွေက လူမှုကူညီရေးကား၁စီး ၊ အိမ်စီးကာ၁စီးနဲ့ အပြစ်မရှိတဲ့ရွာသား ၅ယောက်အတင်းအဓမ္မဖမ်းဆီးသွားပြီး အဲဒီအထဲကမှ မောင်ချစ်ရဲ့ရင်(ခ)မောင်ကျော်ဟိန်းကို ပစ်သတ်လိုက်ပါတယ်။
စစ်ကောင်စီခန့် ဒလန်အုပ်ကြီး အောင်နိုင်မိုးနဲ့အပေါင်းအပါတွေက ရွာမှာလက်နက် တွေရှိတယ်ဆိုပြီး စစ်တပ်ကို မဟုတ်တဲ့သတင်းပေးတာပါ။ ကျနော်တို့ရွာမှာ ဘာလက်နက်မှလည်းမရှိသလို ဘာအဖွဲ့အစည်းမှလည်းမရှိဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက စစ်ကောင်စီခန့် ဟင်္သာကျေး ရွာ အုပ်ချုပ်ရေးမှူး အောင်နိုင်မိုးမိသားစုကို မြို့ပေါ်သို့ အစောင့်အရှောက်ဖြင့် ခေါ်ဆောင် သွားပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပစ်သတ်ခံရသူ မောင်ချစ်ရဲရင့်(ခ) ကျော်ဟိန်း။

Be the first to comment

Leave a Reply

Your email address will not be published.


*