ရေစကြိုမြို့နယ် စစ်တပ်စစ်ဆေးရေးဂိတ်တခု ပစ်ခတ်ခံရပြီး တပ်သား ၂ဦး ပြင်းထန်ဒဏ်ရာရ

ရေစကြိုမြို့နယ် စစ်တပ်စစ်ဆေးရေးဂိတ်တခု ပစ်ခတ်ခံရပြီး တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရ

 

ဧရာဝတီ၊ သြဂုတ် ၂၇၊ ၂၀၂၁

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခလရ ၂၅၆ နှင့်၂၅၇ တပ်ရှေ့ရှိ စစ်ဆေးရေးဂိတ်ကို အဖွဲ့တဖွဲ့က လာရောက် ပစ်ခတ်မှုကြောင့် တပ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိထားကြောင်း ဒေသခံများထံမှ သိရသည်။

 

ရေစကြို၊ ချောင်းဦး ကားလမ်းမပေါ်တွင်ရှိသော မျက်နှာချင်းဆိုင် အဆိုပါ တပ်နှစ်ခုရှေ့ရှိ စစ်ဆေးရေး ဂိတ်ကို ယနေ့ (သြဂုတ် ၂၇ ရက်) နံနက် ၁၀ နာရီခန့်က ကားဖြင့် လာရောက်ကာ ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တဦးက ဧရာဝတီကို အတည်ပြုပြောသည်။

 

“ဘယ်အဖွဲ့က လာပစ်သွားတယ် ဆိုတာတော့ မသိရသေးဘူး။ ကားပေါ်ကနေ လှမ်းပစ်သွားတာ။ ၂ ယောက် ဒဏ်ရာရတယ်လို့ ပြောတယ်။ အဲဒီမှာ ၇ ယောက် ၈ ယောက်လောက် ရှိနေတာကို ၂ ယောက်ထိသွားတာပေါ့” ဟု ၎င်းက ပြောသည်။

 

ဒဏ်ရာရရှိသွားသူ ၂ ဦးတွင် ၁ ဦး သေဆုံးပြီ ဖြစ်ကြောင်း စပ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ ကြားသိရသော်လည်း ၎င်းတို့အနေဖြင့် သီးခြား အတည်မပြုနိုင်သေးဟု ဆိုသည်။

 

အဆိုပါ စစ်ဆေးရေးဂိတ်သည် ရေစကြို၊ ချောင်းဦး ကားလမ်းမပေါ် ဖြတ်သန်းသွားလာသော ယာဉ်များအား စစ်ဆေးမှုများ ပြုလုပ်သည့် ယာယီဂိတ်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ရေစကြိုမြို့နယ်တွင် ယနေ့ နံနက်အစောပိုင်းကလည်း ဇီးတောစံပြကျေးရွာ၌ စစ်ကောင်စီ သတင်းပေး ဒလန်ဆိုသူ ဦးသန်းဌေးသည်လည်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရေစကြို PDF နှင့် မြင်းခြံမြို့နယ်ပြောက်ကျားတပ် (MG6) တို့ပူးပေါင်းပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း ရေစကြိုမြို့နယ် PDF က ထုတ်ပြန်ထားသည်။

 

ဦးသန်းဌေးသည် စစ်ကောင်စီက ရေစကြိုမြို့နယ် PDF စခန်းများအား ဝင်ရောက်စီနင်းရာတွင် စစ်ကောင်စီနှင့် ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်သည်ဟုလည်း ဒေသခံ ကာကွယ်ရေးအဖွဲ့က ဆိုသည်။

 

ရေစကြိုမြို့နယ်၊ ရွှေလှံရွာတွင်လည်း သြဂုတ် ၁၉ နှင့် ၂၁ ရက်နေ့က မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ စခန်းများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို ယူဆောင်ခဲ့သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*