လူထုဦးလှ ၊ မန္တလေးက ပြည်ထောင်စုပုံပြင်ဆရာ

လူထုဦးလှ ၊ မန္တလေးက ပြည်ထောင်စုပုံပြင်ဆရာ

 

လူထုဦးလှကို ကလေးပုံပြင် ပြုစုသူအဖြစ် လူသိများပါတယ်။ မြန်မာနိုင်ငံအနှံ့က လူမျိုးစုတွေရဲ့ ပုံပြင်တွေကို စုစည်းပြီး အုပ်တွဲ ၅ဝ ထုတ်ခဲ့တဲ့ စာရေးဆရာအဖြစ် ပြည်ပမှာ သူ့လက်ရာတွေကို ပြန်ဆိုခဲ့ကြပါတယ်။

 

ဦးလှဟာ ပုံပြင်တွေကို အကျဉ်းထောင်ထဲက စစုတယ်လို့ သိကြပါတယ်။ ၁၉၅၃ ကနေ ၁၉၅၆ ထိ ရန်ကုန်ထောင်မှာ ဖမ်းဆီးခံရစဉ် ကရင်နဲ့ တခြား လူမျိုးစု ပုံပြင်တွေကို အကျဉ်းသားတွေဆီက စုဆောင်းပြီး ထောင်က ထွက်လာတဲ့နောက်မှာလည်း ဒီအလုပ်ကို ဆက်လုပ်ပါတယ်။

 

ဒီလိုနဲ့ ၁၉၆၂ မှာ ကရင်ပုံပြင်တွေ စထွက်လာပါတယ်။ ၁၉၆၃ မှာတော့ ရခိုင်ကျေးလက်ပုံပြင်များနဲ့ ကလေးသူငယ် စာပေ ဒုတိယဆုကို ဦးလှ ရခဲ့ပါတယ်။ သူ မကွယ်လွန်ခင် နောက် အနှစ် ၂ဝ နီးပါး နိုင်ငံအနှံ့သွားပြီး ပုံပြင်စုတဲ့ခရီးတွေ ထွက်ခဲ့ပါတယ်။ သူ့ပုံပြင်တွေကို ရုရှား၊ အင်္ဂလိပ်၊ ဂျာမန်၊ ဂျပန်ဘာသာတွေနဲ့ ပြန်ဆိုတာတွေလည်း ရှိခဲ့ပါတယ်။

 

စစ်ပွဲကြားက ငြိမ်းချမ်းရေးသတင်းစာ

ဒီလိုပုံပြင်တွေ စုဆောင်းတာဟာ တိုင်းရင်းသား ချစ်ကြည်ရေးတည်ဆောက်မှုအတွက်လို့ သူနဲ့ခေတ်ပြိုင်တွေက သုံးသပ်ကြပါတယ်။

 

မြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရပြီးနောက်ပိုင်း လက်နက်ကိုင်ပုန်ကန်မှုတွေ၊ ပြည်ပ ကျူးကျော်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရာမှာ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေလည်း ပေါ်လာခဲ့ပါတယ်။ ရခိုင်၊ ကယား၊ ကရင်၊ မွန်၊ ရိုဟင်ဂျာ၊ ပအိုဝ်း၊ ကချင်၊ ချင်း စတဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေဟာ ရန်ကုန်က မြန်မာကြီးစိုးတဲ့ အစိုးရကို တော်လှန်ရေးတွေ ဆင်နွှဲပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လွတ်လပ်ခွင့်တွေ တောင်းဆိုခဲ့ကြပါတယ်။

 

ဦးလှဟာ ဒုတိယကမ္ဘာစစ်မဖြစ်ခင်ကတည်းက နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ စာရေးဆရာ တယောက် ဖြစ်ပြီး စစ်ပြီးမှာ ဖွဲ့တဲ့ ဖဆပလအဖွဲ့ကြီးမှာလည်း အထက်ဗမာပြည် ခေါင်းဆောင်တယောက်အနေနဲ့ ပါဝင်ခဲ့သူဖြစ်လို့ နိုင်ငံညီညွတ်ရေး ပြိုကွဲပြီး သွေးချောင်းစီးတာတွေကို စိတ်မချမ်းမြေ့စရာ ကြုံခဲ့ရပါတယ်။

 

သူနဲ့ သူ့မိသားစုကိုယ်တိုင် အစိုးရလက်နက်ကိုင်တွေက သတ်ဖြတ်ဖို့ ခြိမ်းခြောက်တာလည်း ကြုံခဲ့ရသလို ကရင်လက်နက်ကိုင်တွေ မန္တလေးမြို့ကို သိမ်းချိန်မှာ မစိုးရိမ်ကျောင်းတိုက်ထဲမှာ သူတို့မိသားစု ခိုလှုံခဲ့ရပါတယ်။

 

နောက် နိုင်ငံရေးအာဃာတတွေနဲ့ သူပိုင်တဲ့ လူထုသတင်းစာကို ဖဆပလတပ်တွေက မိုင်းခွဲတာ၊ အာမခံ တောင်းတာ၊ နောက်ဆုံး သူနဲ့ အယ်ဒီတာတွေ ဖမ်းဆီးထိန်းသိမ်းခံရတာတွေ မကြာခဏ ကြုံခဲ့ရတဲ့အတွက် ဒီမိုကရေစီဟာ ငြိမ်းချမ်းရေး ရှိမှ စစ်မှန်စွာ ပေါ်ထွန်းမယ်လို့ ဦးလှယုံကြည်ခဲ့ပါတယ်။

 

ဒါကြောင့် သခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ သူနဲ့ ဇနီး လူထုဒေါ်အမာတို့ ပါဝင် လှုပ်ရှားခဲ့ ကြပြီး ဆိုရှယ်လစ် နိုင်ငံ ထူထောင်ရေးအတွက်လည်း သူ့သတင်းစာနဲ့ ဂျာနယ်ကနေ မပြတ်လှုံ့ဆော်နေခဲ့ပါတယ်။

 

လူထုဂျာနယ်မှာ ပါဝင်ရေးသားနေကြသူတွေထဲ တင်ဧ (ရှမ်းပြည်) နဲ့ တခြားလူမျိုးစု နိုင်ငံရေးသမားတွေ ပါဝင်ခဲ့ပါတယ်။ ဦးတင်ဧဟာ ပင်လုံစာချုပ် ဖြစ်ပေါ်ရာမှာ ရှမ်းပြည်ဘက်က ခေါင်းဆောင်လှုပ်ရှားခဲ့သူ ဖြစ်တဲ့အပြင် လက်ဝဲဝါဒကို ယုံကြည်တဲ့ ပညာရှင်တယောက် ဖြစ်ပါတယ်။

 

ဒါကြောင့် ဆိုဗီယက်နဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကို လူထုမှာ ဦးတင်ဧ ရေးခဲ့သလို ရှမ်းလူငယ်ခေါင်းဆောင်တွေကြားမှာလည်း လူထုဦးလှနဲ့ ဒေါ်အမာရဲ့ သြဇာ သက်ရောက်ခဲ့တယ်လို့ ဝါရင့်ရှမ်းနိုင်ငံရေးခေါင်းဆောင်တယောက်က အမေရိကန်ပညာရှင်တယောက်ကို ပြောကြားခဲ့ပါတယ်။ ရှမ်းသာမက ကချင်က ဆမားဒူးဝါးနဲ့ ကရင်က ဒေါက်တာစောလှထွန်း စတဲ့ ပြည်နယ်ခေါင်းဆောင်တွေနဲ့လည်း သူတို့ ခင်မင်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆမားဒူးဝါးကို ဆက်သွယ်ပေးခဲ့သူက ဦးလှဖြစ်ပါတယ်။

 

ဒီလို အဆက်အသွယ်တွေကောင်းတဲ့အပြင် နယ်အနှံ့မှာ ရှိတဲ့ သတင်းထောက်တွေနဲ့ စာဖတ်ပရိသတ်တွေကလည်း ပုံပြင်တွေ ပေးပို့ကြပါတယ်။ ဒီပုံပြင် တွေကို လူထုသတင်းစာ သောင်းပြောင်းထွေလာအခန်းကနေ မိတ်ဆက်ဖော်ပြခဲ့ပြီး စုစည်းထုတ်ဝေခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၆ဝ-၇ဝ ပြည့်လွန် နှစ်တွေမှာ ပြည်ထောင်စု ပုံပြင်ပန်းခင်းကြီးတခု မန္တလေးကနေ ပွင့်ဖူးလာပါတယ်။

 

ဒီပုံပြင်တွေကို စာရေးတဲ့ပုံစံနဲ့ အစပိုင်းမှာ ရေးသားခဲ့ ပေမယ့် စကားပြောတဲ့ပုံစံနဲ့ ရေးသားဖော်ပြချိန်မှာတော့ ပိုမိုသွက်လက်လာပြီး ကလေးစာပေပုံစံ ပိုပီသလာပါတယ်။ ဒီပုံပြင်တွေဟာ တောင်ပေါ်မြေပြန့်က ကလေးငယ်တွေအတွက် ဖတ်စရာတိုးရုံသာမက လူမျိုးစုပြည်နယ် တွေနဲ့ ရင်းနှီးကျွမ်းဝင်ခွင့်ကိုလည်း လူငယ်လူကြီးတွေအတွက် ရစေပါတယ်။

 

ဖက်ဒရယ်အတွက် ပုံပြင်များ

၁၉၆၃ မှာ လူထုဦးလှ အင်ဒိုနီးရှားသွားခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံး ပြည်ပခရီးလည်းဖြစ်တဲ့ ဒီခရီးကအပြန်မှာ အင်ဒိုနီးရှား အနောက်မှ အရှေ့သို့ ဆိုပြီး ခရီးသွားမှတ်တမ်း ရေးပါတယ်။

 

ဒီစာအုပ်မှာ မလေးရှားနိုင်ငံတည်ထောင်တာနဲ့ ပါပူဝါကျွန်း အနောက်ပိုင်းကို အင်ဒိုနီးရှားက သိမ်းပိုက်ဖို့ ကြိုးစားတာလို နိုင်ငံရေးလှိုင်းလေတွေထန်နေချိန်မှာ အင်ဒိုကျွန်းစုနိုင်ငံကြီးကို သီချင်းတွေနဲ့ စည်းလုံးဖို့ ကြိုးစားတဲ့အကြောင်းလည်း ပါပါတယ်။ မြန်မာနိုင်ငံမှာတော့ ၁၉၆၂ မှာ ဖက်ဒရယ်လှုပ်ရှားမှု အကြောင်းပြပြီး တပ်က အာဏာသိမ်းထားသလို နိုင်ငံရေးသမားအများအပြား ဖမ်းဆီးခံနေရချိန်၊ ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေးဆိုပြီး ကြွေးကြော်နေချိန် ဖြစ်ပါတယ်။

 

ဒါကြောင့် လူမျိုးစုတွေနဲ့ ပြည်မအကြား စည်းလုံးရေး၊ အပြန်အလှန် သိနားလည်ရေးရှိမှ ဖြစ်မယ် ဆိုပြီး ၁၉၆ဝ ပြည့်လွန်နှစ်တွေမှာ ဦးလှပုံပြင်တွေ ဇောက်ချစုဆောင်းထုတ်ဝေရာမှာ အုပ် ၄ဝ လောက် ထွက်ခဲ့ပါတယ်။

 

တနည်းပြောရရင် ဖက်ဒရယ်တောင်းဖို့ လှုပ်ရှားကြတဲ့ ဦးတင်ဧ၊ ဦးထွန်းမြင့်ကလေး၊ ဦးခွန်ထီး စတဲ့ သူ့ရဲ့ ရှမ်းမိတ်ဆွေနိုင်ငံရေးသမားတွေ အရေးနိမ့်ချိန် မှာ ဦးလှက ကလောင်ဘက်က ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ သူ့ကို လက်ဝဲသတင်းစာဆရာ စာရေးဆရာတယောက်အနေနဲ့ ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရက အသုံးချဖို့ ကြိုးစားတာလည်း ရှိပါတယ်။

 

ဦးလှကို ဗိုလ်ချုပ်ကြီးနေဝင်းက တရင်းတနှီးဖိတ်ခေါ်တွေ့ဆုံတာတွေ လုပ်သလို တရုတ်ဗမာအရေးအခင်း အပြီး မှာ သံအမတ်အဖြစ် ပီကင်းကို စေလွှတ်ဖို့ ကမ်းလှမ်းခဲ့သေးတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ သူ့သတင်းစာကိုတော့ ဒီအရေးအခင်းအတွင်းမှာပဲ ရပ်နားစေခဲ့ပါတယ်။

 

သူ့သားလတ်ကိုလည်း နှစ်ရှည်ထိန်းသိမ်းခဲ့ပြီးနောက် တောခိုသွားပြန်တော့လည်း တောထဲက သားနဲ့ ဆက်သွယ်လို့ ဆိုပြီး ၁၉၇၈ မှာ ဦးလှတို့ မိသားစုဝင် သုံးယောက် အဖမ်းခံခဲ့ရပါတယ်။

 

၁၉၇ဝ နောက်ပိုင်း စာပေစိစစ်ရေး တင်းကျပ်လာလို့ သူ့ပုံပြင်စာမူတွေကို မထုတ်ခင်မှာ ပြည်နယ် ယဉ်ကျေးမှုဌာနတွေကို တင်ရသလို စာမူတွေ ပြန်မရတာတွေ ရှိခဲ့တယ်လို့လည်း လန်ဒန်တက္ကသိုလ်မြန်မာစာကထိကဟောင်း အန်နာအဲလော့ရဲ့ အထက် မြန်မာပြည်က နှစ် ၅ဝ ကျော် စာအုပ်ထုတ်ဝေရေးလုပ်ငန်း စာတမ်းမှာ ဖော်ပြပါတယ်။ ထောက်လှမ်းရေးက အိမ်နားမှာ ဓာတ်ပုံဆိုင်ဖွင့် စောင့်ကြည့် တာတွေကလည်း ရှိခဲ့ပါတယ်။

 

ဦးလှပုံပြင်တွေ ထွက်နေချိန်မှာပဲ တိုင်းရင်းသား လူမျိုးများအရေးအတွက် လမ်းစဉ်ပါတီက အာရုံစိုက်တာကို ပြတဲ့အနေနဲ့ ဖွံ့ဖြိုးရေးသိပွံကျောင်းကို ရွာသစ်ကြီးမှာ ဖွင့်ပြီး လူမျိုးစု ကေဒါ တွေ မွေးထုတ်နေသလို လူမျိုးစုဆိုင်ရာ ဓလေ့ထုံးတမ်းတွေကို ပြုစုထုတ်ဝေခဲ့ပါတယ်။ ပြည်ထောင်စုနေ့ပွဲတွေကို တိုင်းနဲ့ပြည်နယ် မြို့တော်တွေမှာ အလှည့်ကျ ကျင်းပပြီး အလံကိုင်ချီတက်လမ်းလျှောက်တာတွေကိုလည်း တခမ်းတနား လုပ်နေပါတယ်။

 

တဘက် မှာတော့ စော်ဘွားတွေနဲ့ လူမျိုးစုခေါင်းဆောင်တွေကို နှစ်ရှည်ဖမ်းဆီးတာ၊ ပြည်နယ်တွေမှာ လူမျိုးစုစာပေ သင်ကြားရေးကို ဟန့်တားတာတွေ လုပ်ခဲ့ပါ တယ်။ ၁၉၇၄ မှာ ချင်း၊ မွန်နဲ့ ရခိုင် ပြည်နယ်သစ် သုံးခုဖန်တီးပြီး တိုင်းနဲ့ပြည်နယ် ၁၄ ခု ပြည်ထောင်စုပုံစံသစ်ကို ဖွဲ့စည်းခဲ့ပေမယ့် လူမျိုးစုတွေနဲ့ စစ်အစိုးရကြား နိုင်ငံရေး ကွာဟချက်က ဆက်ပြီး ရှိနေခဲ့ပါတယ်။

 

သံသယပျောက်ပါစေ

ပြည်ထောင်စုပုံပြင်တွေကို ရေးသားခဲ့လို့ လူမျိုးစုတွေကြားမှာ ပိုမိုရင်းနှီးကျွမ်းဝင်လာပြီး အထင်အမြင်သေးတာတွေ ပျောက်လာတယ်လို့ ဦးလှပုံပြင်တွေ စုဆောင်းရာမှာ ကူညီပေးခဲ့တဲ့ မန်းနဲစန်က ရေးပါတယ်။

 

လွတ်လပ်ရေးမရခင်က တောင်ပေါ် မြေပြန့်ပြည်သူတွေကြားမှာ ဗြိတိသျှအုပ်ချုပ်ရေးက တားဆီး ထားခဲ့တဲ့အတွက် အထင်သေးကြောက်ရွံ့တာတွေ၊ မယုံကြည်တာတွေ များခဲ့ပါတယ်။ မြန်မာစာနယ်ဇင်းတွေမှာ ကချင်၊ ချင်း၊ ဝ စတဲ့ တောင်ပေါ်သားတွေကို ယဉ်ကျေးမှုနိမ့်ကျသူတွေအဖြစ် အမျိုးစုံပုံဖော်ခဲ့ကြသလို မြန်မာမျိုးနွယ်ဝင်တွေဖြစ်တဲ့ ယောနယ်သားတွေကိုလည်း စုန်းကဝေတတ်သူတွေအဖြစ် စွပ်စွဲရေးသားခဲ့ပါတယ်။

 

တခါ ပါးရဲထိုးတာဟာ မြန်မာဘုရင်တွေ နှိပ်စက်လို့ဆိုတဲ့ ယုံတမ်းစကားတွေအပြင် ချင်းဖဝေးနဲ့ နန်းရွှေကျင်လို ထိုးဇာတ်တွေ ကြောင့်လည်း လူမျိုးစုတွေကြား မကြည်လင်တာတွေ ရှိခဲ့ပါတယ်။ ဒီသံသယမှိုင်းတွေ ပျောက်အောင် လွတ်လပ်ရေးရစက အစိုးရတွေ ကြိုးစားခဲ့ပေမယ့် လည်း ပြည်တွင်းစစ်ပြဿနာကြောင့် အမုန်းနဲ့ရန်မီးတွေ ပိုများလာခဲ့ပါတယ်။

 

မြေပြန့်က မြန်မာအများစုဟာ တောင်ပေါ်က လူမျိုးစုအမည်တွေကို သေချာမသိသလို တောင်ပေါ်သားတိုင်းမှာလည်း စာပေဖွံ့ဖြိုးမှု နှေးကွေးသူတွေ ရှိပါ တယ်။ ခရစ်ယာန်သာသနာပြုတွေက စာပေတီထွင်ပေးသွားတဲ့ လူမျိုးစုတချို့မှာလည်း ဘာသာရေးစာပေသာ ရှိတဲ့အတွက် လူမျိုးစုလက္ခဏာ မဖော်ဆောင်နိုင်ဘူးဆိုပြီး မောင်စင်ကြယ်စတဲ့ လူမျိုးစု စာရေးဆရာတွေက ၁၉၆၂ က စာပေညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

 

ဒါကြောင့် ဦးလှက ဒီလိုပုံပြင်တွေ စုဆောင်းတာကို လူမျိုးစုတွေဘက်က သဘောကျအားပေးသလို သူတို့ကိုယ်တိုင် စုဆောင်းထုတ်ဝေတာတွေ ရှိလာပါတယ်။ ရိုးရာတေးတွေနဲ့အတူ လူမျိုးစုတွေရဲ့ ဘဝတွေကို ထင်ဟပ်ပြတဲ့ စာပေလက်ရာတွေလည်း ၁၉၇ဝ-၈ဝ နောက်ပိုင်းမှာ ပြည်နယ်သားတွေဘက်က ပိုရေးလာတာကို တွေ့ရပါတယ်။

 

ဒါပေမဲ့လည်း စစ်တပ်ကြီးစိုးတဲ့ အစိုးရအဆက်ဆက် အနှစ် ၆ဝ နီးပါး အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ လူမျိုးစုတွေရဲ့ အသံတွေ လွတ်လွတ် လပ်လပ် ဖော်ထုတ်လို့ မရခဲ့ဘဲ ဖက်ဒရယ်ဆိုတဲ့ စကားကိုတောင်မှ ၂ဝ၁ဝ နောက်ပိုင်းမှ အစိုးရပိုင်းက သုံးစွဲလာတာ ဖြစ်ပါတယ်။

 

ဒီလို အပြန်အလှန် အဟပ်ကွာတာတွေ ရှိလို့ ဦးလှ ပုံပြင်တွေ ထုတ်ချိန်မှာ မိတ်ဆက်အမှာစာတွေကို ကျကျနနရေးပါတယ်။ သူ့ရဲ့ ပုံပြင်မိတ်ဆက်တွေက လူမျိုးစုတွေအကြောင်း မနုဿဗေဒ မိတ်ဆက် ဆောင်းပါးတွေလို ဖြစ်တယ်ဆိုပြီး စာကြည့်တိုက်မှူး ဦးဝင်းတင့်က ရေးပါတယ်။

 

ဒီပုံပြင်တွေဟာ ဓလေ့ သမိုင်း လေ့လာသူတွေအတွက် များစွာ အသုံးကျ ကြောင်း သမိုင်းကော်မရှင်အရာရှိ ဒေါက်တာရီရီက ဦးလှဆီ စာရေးခဲ့ပါတယ်။ ဦးလှဟာ အဖွဲ့အစည်း ဖွဲ့ပြီး လုပ်ရမယ့်အလုပ်ကို သူနိုင်သလောက် အပတ် တကုတ်အားထုတ်သွားခဲ့တယ်လို့လည်း ရန်ကုန်တက္ကသိုလ်က ဥပဒေ တွဲဖက်ပါမောက္ခဟောင်း ဦးကျော်ဇောနိုင်က ရေးဖူးပါတယ်။

 

တဘက် မှာတော့ ဒီလိုကြိုးစားမှုကို မနှစ်သက်သူတွေ လည်း ရှိပါတယ်။ အဲဒီအချိန်က လမ်းစဉ်ပါတီအစိုးရနဲ့ နီးစပ်တဲ့ စာရေးဆရာ တစုက ဦးလှဟာ ကလေးတွေ မုန့်ဖိုး နှိုက်ယူနေသူဆိုပြီး ဟောပြောပွဲစင်ပေါ်က ကဲ့ရဲ့တာကို ကြုံခဲ့ရပါတယ်။

 

ပုံပြင်ကွက်လပ်များ

ဘယ်လိုအခက်အခဲတွေ ရှိရှိ၊ ဦးလှကတော့ သူလုပ်ရမယ့်အလုပ်တွေကို တစိုက်မတ်မတ်လုပ်ပါတယ်။ ဒီအတွက် သူကွယ်လွန်ချိန်မှာ မထုတ်ရသေးဘဲ ကျန်ခဲ့တဲ့ ပုံပြင်က အုပ် ၂ဝ စာလောက် ကျန်ခဲ့သလို အချောကိုင်လက်စပုံပြင်အများအပြား ကျန်ခဲ့တယ် ဆိုပြီး ကျော်ရင်မြင့်က ကွယ်လွန်ပြီးမှ ကျွန်တော် တွေ့တဲ့ ဦးလေးလှ စာတမ်းမှာ ရေးပါတယ်။ ဒီထဲမှာ မျောင်စီး၊ ဝ၊ ရဝမ်၊ အားခါ ၊ ကူကီးချင်းစတဲ့ တခါမှ စုစည်းထုတ်ဝေမှု မရှိသေးတဲ့ လူမျိုးစုတွေရဲ့ ပုံပြင်တွေလည်း ပါပါတယ်။

 

နောက် ဦးလှဟာ ၁၉၆၃ မှ မြန်မာအစိုးရက တိုင်းရင်းသား အသိအမှတ်ပြုခံရတဲ့ လူရှိုင်းခေါ် လူရှေလူမျိုးတွေရဲ့ ပုံပြင်တွေကို ထုတ်ဝေခဲ့ပေမယ့် အဲဒီထက်စောပြီး အသိအမှတ်ပြုခဲ့တဲ့ ရိုဟင်ဂျာတွေရဲ့ ပုံပြင်တွေကို စုစည်းတာတော့ မတွေ့ရပါဘူး။

 

ထောင်ထဲမှာ သုံးနှစ်ကျော် နေခဲ့ရချိန်မှာ ခွဲခဲ့ရတဲ့ သားသမီးတွေအတွက် ပုံပြင်တွေ ရေးပို့ရာကနေ စုဆောင်းမှုတွေ စခဲ့တယ် ဆိုတဲ့ ဦးလှပုံပြင်တွေဟာ အရင်က အနည်းအကျဉ်းစီသာ စုစည်းထုတ်ဝေခဲ့ကြတဲ့ မြန်မာလူမျိုးစုတွေရဲ့ ပုံပြင်လောကကို ပြည်တွင်းပြည်ပမှာ တဆောင်တယောင် နေရာပေးနိုင် အောင် မြှင့်တင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

သူ့ပုံပြင်တချို့ကို ဒေါက်တာထင်အောင်ရဲ့ ပုံပြင်တွေနဲ့အတူ မြန်မာစစ်အစိုးရက ၁၉၉ဝ ကျော်က ဒသမတန်း အင်္ဂလိပ်စာကျောင်းသုံးအဖြစ် ပြဋ္ဌာန်းတာတွေ ရှိခဲ့ပေမယ့် သူတို့အမည်တွေကို မဖော်ပြခဲ့ပါဘူး။ နောက်ပြီး ဒီပုံပြင်တွေကို ကာတွန်းနဲ့ ရုပ်သံဇာတ်လမ်း ရိုက်ကူးတာ၊ ရုပ်ပြအဖြစ် တင်ဆက်တာ စတဲ့ မီဒီယာစုံကနေ လူမျိုးစုချစ်ကြည်ရေးတွေ တည်ဆောက်နိုင်ပေမယ့်လည်း အစိုးရအဆက်ဆက်ရဲ့ ထောက်ခံ ကူညီမှု မရခဲ့တာကို တွေ့ရပါတယ်။

 

၂ဝ၂၁ နောက်ပိုင်း မြန်မာပြည်တွင်းစစ်ဟာ တတိယခေတ်ကို ဝင်လာပြီ ဆိုကြပါတယ်။ စစ်အုပ်စုနဲ့ အရပ်သားနိုင်ငံရေး၊ လူမျိုးစုလက်နက်ကိုင်တွေကြား တင်းမာမှုနဲ့ စစ်ခင်းမှုတွေ ပိုကြီးလာချိန်မှာပဲ တချိန်က ငြိမ်းချမ်းရေးနဲ့ သိနားလည်ရေးအတွက် ရည်ရွယ် ဖော်ထုတ်ခဲ့တဲ့ အားကောင်းကြီး အင်ဂွန်ဂျဝါ၊ ခွန်ဆန်လောနဲ့ နန်းဦးပြင်၊ ဒါဆွေတေး၊ ဖားပြုပ်ကေ ပညာရှိ စတဲ့ လူမျိုးစုပုံပြင်တွေကတော့ တောင်ပေါ်မြေပြန့်က ကလေး လူကြီးပရိသတ်တွေ ကြားမှာ ဆက်ပြီး ထွေးပိုက်မှုတွေ ရနေမယ့်ပုံ ရှိပါတယ်။

 

 

BBC Z

Be the first to comment

Leave a Reply

Your email address will not be published.


*