လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ်ကြီးမင်းသစ်ဇော် စုံခုံဖွဲ့၍ တပ်တွင်းစစ်ဆေးခံနေရသလို ဇနီးဖြစ်သူ ဒေါ်စန်းစန်းမော်လည်း ပုဒ်မ ၆/၁ ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည်မှာ လေးလကျော်ပြီဖြစ်သည်

တပ်ပိုင် MEC နှင့် တပ်မိသားစုအကြား မြေရလိုမှုပဋိပက္ခ

လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ်ကြီးမင်းသစ်ဇော် စုံခုံဖွဲ့၍ တပ်တွင်းစစ်ဆေးခံနေရသလို ဇနီးဖြစ်သူ ဒေါ်စန်းစန်းမော်လည်း ပုဒ်မ ၆/၁ ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည်မှာ လေးလကျော်ပြီဖြစ်သည်

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)နှင့် မြေကိစ္စ အငြင်းပွားမှုကြောင့် တပ်တွင်းစုံစမ်းစစ်ဆေးရေး ခုံရုံးဖြင့် ကိုယ်တိုင်စစ်ဆေးခံနေရသလို ဇနီးဖြစ်သူမှာလည်း ပြည်သူပိုင်စ္စည်းခိုးယူသုံးစွဲခြင်းဆိုင်ရာ ပုဒ်မ-၆/၁ ဖြင့် အမှုဖွင့်၊ ဖမ်းဆီးခံထားရကြောင်း လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ်ကြီး မင်းသစ်ဇော်က Myanmar Now ကို ပြောသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၂၆ အနီးရှိ တပ်ပိုင်မြေအတွင်း ကျူးကျော်၍ သဲထုတ်ယူသည်ဆိုကာ ၎င်း၏ဇနီးဖြစ်သူ ဒေါ်စန်းစန်းမော်ကို ပဲခူးမြို့၊ အမှတ်(၃)ရဲစခန်းတွင် ဧပြီလဆန်းမှစ၍ ဖမ်းဆီးထားခြင်းဖြစ်သည်။

အမှုဖွင့်ထားသူမှာ အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်၏ လုံခြုံရေးအရာရှိနှင့် အမှတ် (၂၁၅) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးပိုင်ဇေယျာလင်းဖြစ်ပြီး ဒေါ်စန်းစန်းမော်ကို ပြည်သူပိုင်စ္စည်း ခိုးယူသုံးစွဲခြင်းဆိုင်ရာ ပုဒ်မ-၆/၁ ဖြင့် ဧပြီ ၉ တွင် အမှုဖွင့်ခဲ့ကြောင်း ပဲခူးမြို့နယ်၊ တရားရုံးမှတ်တမ်းတွင် တွေ့ရသည်။

ထိုသို့ အမှုဖွင့်ခံရပြီး နောက်တစ်ရက်တွင် အသက် ၄၈နှစ်အရွယ် ဒေါ်စန်းစန်းမော်က မြေပိုင်ဆိုင်မှုအထောက်အထားများနှင့်တကွ အမှတ်(၃)ရဲစခန်းသို့ ကိုယ်တိုင်သွားရောက်ဖြေရှင်းစဉ် “အထက်အမိန့်အရ”ဟုဆိုကာ ချက်ချင်းဖမ်းဆီးခံခဲ့ရကြောင်း အချုပ်ကျနေသည့် ဒေါ်စန်းစန်းမော်က တယ်လီဖုန်းမှတစ်ဆင့် Myanmar Now ကို ပြောသည်။

“ကျွန်မရဲ့ ကားကိုလည်း သိမ်းဖို့လုပ်တယ်။ ကျွန်မရဲ့ ဖုန်းတွေကိုလည်း အကုန်ယူတယ်။ ဆွဲကြိုးတွေ၊ နားဆွဲတွေ အဲဒါတွေ အကုန်လုံးကို ယူတယ်။ … သူတို့က ၆/၁ ဆိုပြီး ကျွန်မရဲ့ ပိုင်ဆိုင်မှုတွေ အကုန်သိမ်းဖို့လုပ်တာ”ဟု ၎င်းက ပြောသည်။

ရန်ကုန်၊ စမ်းချောင်းမြို့နယ်တွင် နေထိုင်ပြီး အထက်တန်းရှေ့နေတစ်ဦး၊ ဗိုလ်ချုပ်ကြီးနေဝင်း၏ သမက်ဖြစ်သူ ဦးအေးဇော်ဝင်းနှင့်လည်း စီးပွားဖက်တစ်ဦးဖြစ်ခဲ့သည်ဆိုသော ဒေါ်စန်းစန်းမော်က ၂၀၀၁ မှ စ၍ ၁၀နှစ်ကြာ လုပ်ကိုင်ခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)၊ မြေယာဌာနမှ ထွက်ပြီးနောက် များမကြာမီတွင် အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း ပြောသည်။

ဆောက်လုပ်ရေးကုမ္ပဏီနှစ်ခု၏ ပိုင်ရှင်ဖြစ်သူ ၎င်းကို သဲခိုးကျုံးသည်ဆိုကာ စွပ်စွဲအမှုဖွင့်ခြင်းမှာ သူ၏ မြေယာပိုင်ဆိုင်မှုကို အဓမ္မနည်းဖြင့် ရလိုသောကြောင့်သာဖြစ်သည်ဟု ဒေါ်စန်းစန်းမော်က ပြောသည်။

“အဓိကက ကျွန်မမြေကို လိုချင်လို့ ကျမကို အမှုတွဲမပါပါအောင် လုပ်ပြီးတော့ ဖမ်းချုပ်တယ်လို့ ယူဆပါတယ်။ နောက်တစ်ခုက ကျမတို့ရဲ့ ပိုင်ဆိုင်မှုဟာ ခိုင်မာတဲ့အတွက်ကြောင့်မို့ မြေပိုင်ဆိုင်မှုကို ထိပါးလို့ မရတဲ့အတွက် ရာဇဝတ်မှုတစ်ခုပြီးတစ်ခု လုပ်တယ်လို့ ယူဆပါတယ်”ဟု ၎င်းက ပြောသည်။

ကျောင်းတော်က ရန်စ

ရန်ကုန်-မန္တလေး အမြန်လမ်းဘေး၊ မိုင်တိုင် ၂၃/၃ မှ ၂၇/၇ အထိ မျက်နာစာယူထားသော မြေဧကနှစ်သောင်းကျော်(၂၁၈၆၄ ဒဿမ ၂၇ ဧက)ကို လေ့ကျင့်ရေးမြေအဖြစ် ၁၉၉၆ ဇွန်လတွင် သတ်မှတ်၍ တပ်မ ၁၁ သို့ အခမဲ့ပေးအပ်ခဲ့ကြောင်း Myanmar Now က ရရှိထားသည့် တရားလိုဖြစ်သူ ဗိုလ်ကြီးပိုင်ဇေယျာလင်း၏ တိုင်ကြားစာတွင် တွေ့ရသည်။

သို့သော် မြေအခမဲ့ရပြီး ခြောက်လအတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရမည်ဟု သတ်မှတ်ထားသော်လည်း နောက် ၅ နှစ်ကြာအထိ လုပ်ဆောင်ခြင်းမရှိဘဲ ပစ်ထား၍ နိုင်ငံတော်သို့ ပြန်အပ်သင့်ကြောင်း ပဲခူးတိုင်းမြေစာရင်းဦးစီးဌာနက ၂၀၁၁ ဒီဇင်ဘာတွင် ပဲခူးတိုင်းအစိုးရထံ စာတင်ခဲ့ကြောင်း တရားရုံးသက်သေခံစာရွက်စာတမ်းတစ်ခုအရ သိရသည်။

၂၀၁၂ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ညွန်ကြားချက်ဖြင့် အဆိုပါမြေဧကကျယ်ကြီးတွင် တပ်မိသားစုဝင်များကို ထောက်ပံ့ရန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို MEC က လုပ်နေကြောင်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ၂၀၂၁ နှစ်ဆန်းတွင် လိပ်မူတင်ပြထားသည့် တိုင်တန်းစာတစ်စောင်တွင် တွေ့ရသည်။

ထိုစာအရ လူပုဂ္ဂိုလ် ၁၆၇ ဦး၊ ဘုန်းတော်ကြီးကျောင်း ၃၂ ကျောင်းနှင့် ကျေးရွာ ၆ ရွာကို တပ်မြေအတွင်း ဝင်ရောက်ကျူးကျော်သူများအဖြစ် MEC က စွပ်စွဲခဲ့သလို ဒေါ်စန်းစန်းမော်ကလည်း MEC သည် သူအပါအဝင် ပုဂ္ဂလိကလုပ်ငန်းရှင် ၄၃ ဦးထံ ရောင်းချခဲ့ကြောင်း ပြောသည်။

၂၀၁၀ ခုနှစ်တွင် တစ်ဧက ကျပ် ၆၅၀၀၀ နှုန်းဖြင့် ဒေသခံသုံးဦးထံမှ ဝယ်ယူထားခြင်းဖြစ်ကြောင်း ဒေါ်စန်းစန်းမော်က ပြောသည်။ သို့သော် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

အဆိုပါ မြေဧကများအနက် ၎င်းပိုင်ဆိုင်သည့် မြေ ၆၉ ဒဿမ ၇၆ ဧကအတွက် အမည်ပေါက်လျှောက်ထားသည်ကို ပဲခူးမြို့နယ်သစ်တောဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအရာရှိများက ထောက်ခံထား‌ကြောင်း ရုံးစာ အထောက်အထားများ သက်သေပြ၍ ဒေါ်စန်းစန်းက Myanmar Now ကို ပြောသည်။

မိုင်တိုင် ၂၆ အနီး၌ရှိသည့် ထိုမြေဧကအတွင်း ကျွန်း၊ ရာဘာ၊ သီးပင်စားပင်များစိုက်ပျိုး၍ ပျိုးပင်၊ အိမ်ဆောက်ပစ္စည်း၊ ဆိုင်ကယ်ပစ္စည်းအရောင်းဆိုင်၊ စားသောက်ဆိုင်နှင့် Resort (ဧည်ရိပ်သာ) ဖွင့်လှစ်ထားချိန်တွင် MEC ဘက်က မြေပြန်ရလိုကြောင်း ကြိုးစားလာခဲ့သည်ဟု ၎င်းကဆိုသည်။

ပဲခူးမြို့နယ်၊ တရားရုံးမှတ်တမ်းများအရ အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်နှင့် MEC က ထိုမြေနေရာကို ရလို၍ တပ်ပိုင်မြေကျူးကျော်သည်ဟုဆိုကာ ရာဇဝတ်မကင်းသည့် ကျော်နင်းမှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၄၄၇ဖြင့် ၂၀၀၃မှစ၍ တရားစွဲခဲ့ဖူးကြောင်း တွေ့ရသည်။

ခြောက်နှစ်ခန့်အကြာ ၂၀၁၉၊ မေတွင် ဒေါ်စန်းစန်းမော်နှင့်အတူ တရားစွဲခံရသူ ၂၀ ဦးစလုံးကို အမှုမှ ကွင်းလုံးကျွတ်လွှတ်ခဲ့ကြောင်း တရားရုံးမှတ်တမ်း၌ ဖော်ပြထားသည်။

ပြဿနာပြန်စ

သို့သော် ထိုမြေနေရာနှင့် ဘေးကပ်လျက်ရှိပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပိုင်ဆိုင်ကြောင်း သတင်းထွက်နေသည့် နို့စားနွားမွေးမြူရေးနှင့် ကျောက်စိမ်းငှက်ပျောစိုက်ပျိုးရေးခြံကို တာဝန်ယူစီမံပေးနေသော MEC တာဝန်ရှိသူများနှင့် ၂၀၂၀ ဒီဇင်ဘာတွင် အချေအတင်ကိစ္စတစ်ခု ဖြစ်ပွားခဲ့ရာမှ အမှုအခင်းများကို တကျော့ပြန်ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ဒေါ်စန်းစန်းမော်ထံမှ သိရသည်။

၎င်း၏ ခြံအတွင်းသို့ ခွင့်မတောင်းဘဲ မြေလာတိုင်းသည့် MEC ၏ ၂၆မိုင် စိုက်ပျိုးမွေးမြူရေးဇုန် အထွေထွေမန်နေဂျာ ဦးဝင်းကိုကိုနှင့် ဗိုလ်ကြီးရဲမာန်စိုးတို့ကို ပဲခူးရဲစခန်း၌ ကျူးကျော်မှုဖြင့် အမှုဖွင့်ရန် ကြိုးပမ်းမှု မအောင်မမြင်ဖြစ်ဖြစ်ပြီး နောက်တွင် တပ်အတွင်း စုံခုံဖွဲ့၍ စစ်ဆေးခြင်း၊ ဇနီးဖြစ်သူ ဖမ်းဆီးခံရခြင်းတို့ကို ကြုံတွေ့ရခြင်းဖြစ်ကြောင်း ဗိုလ်ကြီးမင်းသစ်ဇော်က ပြောသည်။

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၅၃ ဆင်း လေတပ်အရာရှိတစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်ရှိ အမှတ်(၂၀၁၇) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းတွင် နေထိုင်သည့် (ကြည်း ၅၉၈၉၃ ) ဗိုလ်ကြီးမင်းသစ်ဇော်က ထိုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ တပ်ချုပ်ထံ စာမျက်နှာ ၅ မျက်နှာပါ အသနားခံစာတစ်စောင် ဇွန်လအတွင်း တင်သွင်းခဲ့သေးသော်လည်း အကြောင်းမထူးဟု ပြောသည်။

“ကျွန်တော်ချစ်သော တပ်မတော်မှ တပ်မတော်မိသားစုအချင်းချင်း ယခုကဲ့သို့ ရန်သူသဖွယ် ပြုကျင့်လိမ့်မည်ဟု မည်သည့်အခါကမျှ မတွေးထင်ခဲ့မိပါ။ ထို့အတွက်လည်း များစွာ စိတ်ထိခိုက်ရ၍ အမှတ်(၁) တပ်မတော်ဆေးရုံကြီး(ကုတင်-၁၀၀၀)၏ စိတ်ကျန်းမာရေးဌာနတွင် စိတ်ကျရောဂါအား ကုသမှုခံယူနေရသည်”ဟု စာတွင် ရေးသားထားသည်။

ပုဂ္ဂလိကအကျိုးစီးပွားအမြတ်ရရေးတစ်ခုသာ ရှေးရှုလုပ်ဆောင်သည့် MEC ကုမ္ပဏီ၏ ရာဘာဌာနတွင် ၂၀၁၂ ၊ ၂၀၁၇ တို့တွင် တစ်ရက်ကျပ် ၃၀၀ နှုန်းဖြင့် လုံခြုံရေးခေါင်းဆောင်အဖြစ် စုစုပေါင်း တစ်လနီးပါး တာဝန်ထမ်းဆောင်ခဲ့ဖူးသည်ဆိုသော ဗိုလ်ကြီးမင်းသစ်ဇော်က သူတို့မိသားစုပိုင်မြေကို အဓမ္မပိုင်ဆိုင်လို၍ တပ်မိသားစုဝင်အချင်းချင်းကိုပင် ဥပဒေမဲ့အနိုင်ကျင့်နေခြင်းဖြစ်ကြောင်း မှတ်ချက်ပြုသည်။

“ဒီတိုင်းပြည်မှာ ဒီလိုလူမျိုးတွေကြောင့်မို့ ကျွန်တော်တို့ ဒုက္ခရောက်နေရတာ။ ကျွန်တော် မဖြစ်စေချင်တော့ဘူး။ ကျွန်တော်တောင် ဒါ ရက်တစ်ရာလောက်ပဲ ရှိသေးတယ်။ ကျွန်တော်ခံစားရတာ လူးလိမ့်နေတာပဲ၊ မသေရုံတမယ်ပဲ”ဟု ၎င်းက ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးစိုးမင်းဝင်းကလည်း သူ့အမှုသည်မှာ မြေကျူးကျော်သူမဟုတ်ဟု ပြောသည်။

“အခုချိန်အထိလည်း တပ်အတွက်မသုံးဘူး။ အခုလုပ်နေတာလည်း တပ်မ ၁၁ မဟုတ်ဘူး။ MEC က လုပ်နေတာ။ တပ်အတွက် သုံးတာ မဟုတ်ဘူးဗျာ။ သူတို့စီးပွားရေးအတွက် သုံးတာဖြစ်နေတာ။ သူတို့ တပ်က အရာရှိဟောင်းတွေအတွက် အသုံးပြုတာ”ဟု ရှေ့နေက ပြောသည်။

တရားလိုဖြစ်သူ ဗိုလ်ကြီးပိုင်ဇေယျာလင်းသည် ရုံးချိန်းတိုင်း အမှုစစ်ဆေးတရားရုံးခန်းထဲသို့ သေနတ်ယူလာသဖြင့် မှန်ကန်သောတရားစီရင်ရေးမဖြစ်မည်ကို စိုးရိမ်သည်ဟုလည်း ၎င်းက ပြောသည်။

တရားလိုဖြစ်သူ တပ်မ ၁၁ ဌာနချုပ်တပ်ခွဲမှူး ဗိုလ်ကြီးပိုင်ဇေယျာလင်းက မြေပိုင်ဆိုင်မှုပြဿနာသည် MEC နှင့်သာ ဆိုင်ပြီး ဒေါ်စန်းစန်းမော်ကို ၎င်းက တရားစွဲခြင်းသည် တပ်ပိုင်မြေကို ခတ်ထားသည့် သံဆူးကြိုးအကာအရံကို ဖျက်ဆီး၍ ဖြစ်ကြောင်း ဩဂုတ် ၁၂ ရက်က Myanmar Now ကို ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်နဲ့ ချထားတဲ့ ခြံစည်းရိုးခင်ဗျ။ တပ်မ ၁၁ ပိုင်တဲ့ ဧရိယာထဲမှာ သူတို့က ကျူးထားတာ” ဟု အသက် ၃၃ နှစ်အရွယ်ရှိသူ တရားလိုက ပြောသည်။

ဗိုလ်ကြီးပိုင်ဇေယျာလင်း(ကြည်း-၅၆၉၅၅)သည် ၂၀၂၀ နိုဝင်ဘာလမှစ၍ MEC ရာဘာဌာနခွဲ၏ လုံခြုံခေါင်းဆောင်အဖြစ် တာဝန်ယူထားသူလည်းဖြစ်သည်။

မြေရလိုမှုနှင့်ပတ်သက်၍မူ MEC မှ အထွေထွေမန်နေဂျာ ဦးစောယုနိုင်က ညှိနှိုင်းဖယ်ရှားခိုင်းခဲ့သော်လည်း မအောင်မြင်ခဲ့ဟုသာ သိထားကြောင်း ၎င်းက ဆက်ပြောသည်။ ဦးစောယုနိုင်နှင့်မူ ဆက်သွယ်မေးမြန်း၍ မရသေးပါ။

အာဏာသိမ်းပြီးနောက် တကျော့ပြန်လာသည့် ၎င်းတို့ မိသားစု၏ ဒုက္ခများအပေါ် ဗိုလ်ကြီးမင်းသစ်ဇော်က ယခုလို မှတ်ချက်ပြုသည်။

“ကျွန်တော့် စစ်သက် ၁၃ နှစ်ကျော် ၁၄ နှစ်ထဲရောက်နေပြီ။ ဒီ ၁၃ နှစ်လောက်မှာ ကျွန်တော်ပေးဆပ်ခဲ့ရတာ။ ပြန်ရခဲ့တာက ဒါတွေလား။

Myanmar Now

Be the first to comment

Leave a Reply

Your email address will not be published.


*