လေးရှား ရေကြီးမှု လူ ၃ ဦး သေပြီး ၄ ဦး ပျောက်ဆုံးနေ

လေးရှား ရေကြီးမှု လူ ၃ ဦး သေပြီး ၄ ဦး ပျောက်ဆုံးနေ

ဩဂုတ် ၂၀

မလေးရှားနိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာပြီးနောက် တောင်ကုန်းတစ်ခုအနီး ကျေးရွာများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ခဲ့၍ လူသုံးဦး သေဆုံးပြီး လေးဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ယင်းနိုင်ငံတွင် သြဂုတ် ၁၈ ရက်က ရွှံ့၊ ကျောက်တုံးကျောက်ခဲများနှင့် သစ်လုံးများ ပါလာသည့် ရေများက Jerai တောင်အနီးရှိ ကျေးရွာများကို လွှမ်းမိုးခဲ့ရာ နေအိမ်များနှင့် လမ်းများ ‌ရေလွှမ်းခံရသလို ကားများလည်း ရေစီးနှင့်အတူ မျောပါမှုများ ရှိခဲ့သည်။

အဆိုးဆုံး ထိခိုက်ခံရသည့် အရပ်ဒေသနှစ်ခုရှိ အိမ်ရာ အဆောက်အအုံများ အကြီးအကျယ် ထိခိုက်ပျက်စီးမှုဖြစ်ခဲ့ပြီး လူတစ်ချို့မှာ ၎င်းတို့နေအိမ်များအတွင်း ပိတ်မိနေခဲ့ကြကြောင်း အရေးပေါ် ကယ်ဆယ်‌ရေးသမားများက ပြောသည်။

“ကျွန်တော် ဒီရွာမှာ ကြီးပြင်းလာခဲ့တာပါ၊ ဒီလိုမျိုး ရေကြီးတာမျိုးကို ဒါ ပထမဆုံး မြင်ရတာပါပဲ” ဟု ‌ဒေသခံတစ်ဦးဖြစ်သည့် ဆယ်လ်ဝါ မိုဟာမက် အီဆာက Bernama သတင်းအေဂျင်စီကို ပြောသည်။

“တံတားတွေ၊ လမ်းတွေလည်း ပြိုကုန်တာတွေ ရှိတယ်၊ ကားတွေလည်း မျောကုန်ကြတယ်၊သေတဲ့လူတွေလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။

ရေဘေးသင့် ဒေသရှိ နေအိမ်များကနေ လူ ၄၀ ခန့်ကို ကယ်ဆယ်ပေးထားရပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက် ရှိသည်။

သဘာဝပတ်ဝန်းကျင်ပိုင်းဆိုင်ရာ အထိမခံသည့် ဧရိယာတွင် သစ်တော ခုတ်ထွင်ရှင်းလင်းမှုများ၊ သတ္တုတူးဖော်မှုများက ယခုလို သဘာဝဘေးများ တွေ့ကြုံရစေရန်အတွက် အဓိက အကြောင်းရင်းများ ဖြစ်နိုင်ကြောင်း ပြည်တွင်း NGOs အဖွဲ့အစည်းများက ပြောသည်။

“ဒီလို အထိမခံတဲ့ ဂေဟစနစ်ထဲမှာ ဒီလိုမျိုး ဖျက်ဆီးရာရောက်တဲ့ လုပ်ရပ်တွေ အားလုံး ချက်ချင်း ရပ်ဆိုင်းသင့်နေပါပြီ” ဟု ၎င်းတို့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်သည်။

သို့သော် သစ်ခုတ်ခြင်းကြောင့် ရေကြီးမှုများကို ဖြစ်စေခြင်း မဟုတ်ကြောင်း အကြီးတန်းအရာရှိကြီးတစ်ဦးက ပြောခဲ့ပြီး မိုးကြီးမှုများကြောင့်သာ ဖြစ်ကြောင်း ပြောသွားခဲ့သည်။

အပူပိုင်း‌ဒေသ မလေးရှားတွင် ရုတ်တရက် ရေကြီးရေလျှံမှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားထားခဲ့သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*