ကိုညီညီအောင်ထက်နိုင်ရဲ့ မိခင်ကို ဖမ်းဆီးခေါ်ဆောင်သွား

လှည်းတန်းဆန္ဒပြပွဲမှာစစ်ကောင်စီကပစ်ခတ်လို့သေဆုံးခဲ့တဲ့ ကိုညီညီအောင်ထက်နိုင်ရဲ့ မိခင်ကိုဖမ်းဆီးခေါ်ဆောင်သွား

 

ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက ရန်ကုန်မြို့၊ လှည်းတန်းမှာလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ စစ်ကောင်စီဘက်က

 

ပစ်ခတ်လို့သေဆုံးခဲ့တဲ့ ကိုညီညီအောင်ထက်နိုင်ရဲ့ မိခင်ဖြစ်သူကို ဒီကနေ့စက်တင်ဘာလ ၁ရက်နေ့မှာ စစ်ကောင်စီတပ်တွေက နေအိမ်မှာလာရောက်ဖမ်းဆီးခဲ့တယ်လို့အနီးအနားနေထိုင်သူတွေကပြောပါတယ်။

 

ရွှေပြည်သာမြို့နယ်၊ လှော်ကားလမ်းမှာရှိတဲ့ ကိုညီညီအောင်ထက်နိုင်တို့နေအိမ်ကိုစစ်ကောင်စီတပ်တွေက ဒီကနေ့မနက်ပိုင်းကဝင်ရောက်ပြီး ကိုညီညီအောင်ထက်နိုင်ရဲ့အကိုဖြစ်သူ ကိုကိုအောင်ထက်နိုင်ကို ဝင်ရောက်ဖမ်းဆီးရာမှာ မတွေ့တာကြောင့် မိခင်ဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်။

 

“ဒီနေ့မနက်ကိုးနာရီခွဲလောက်ကတည်းက စစ်ကောင်စီအင်အား ၄၀လောက်နဲ့

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ရာအိမ်မှူးတွေနဲ့အတူလာတာ၊ အိမ်ထဲမှာအကြာကြီးပဲ၊ ဘာတွေလုပ်နေလဲမသိဘူး။သူ့အမေဆီက ဖုန်းတွေယူပြီး သူ့သားအကြီးကိုကိုအောင်ထက်နိုင်ကိုလာအဖမ်းခံဖို့ဖုန်းဆက်နေတာလည်းကြားတဲ့လူတွေကကြားတယ်။၁၂နာရီခွဲလောက်မှာတော့ သူတို့အမေဒေါ်ဝင်းမာကိုဖမ်းခေါ်သွားတယ်” လို့ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

 

ကိုညီညီအောင်ထက်နိုင်ဟာဆိုရင် ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို စစ်ကောင်စီဘက်ကပစ်ခတ်ဖြိုခွင်းမှုတွေစလုပ်ခဲ့တဲ့

 

ဖေဖော်ဝါရီ ၂၈ရက်နေ့က ရန်ကုန်မြို့လှည်းတန်းကျောင်းရှေ့မှတ်တိုင်နားမှာ ဝမ်းဗိုက်ကိုသေနတ်ထိမှန်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

 

ကိုညီညီအောင်ထက်နိုင်ရဲ့ဖခင်ဖြစ်သူဟာ ရွှေပြည်သာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်ကျေးဥက္ကဋ္ဌဟောင်းဖြစ်ပြီး သားဖြစ်သူသေဆုံးမှုအပြီးမှာသားအကြီးဖြစ်သူ ကိုကိုအောင်ထက်နိုင်နဲ့အတူနေအိမ်ကနေ ရှောင်တိမ်းနေတာကြာပြီလို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်။

 

အမြွှာညီအကိုနှစ်ဦးဖြစ်တဲ့ ကိုကိုအောင်ထက်နိုင်နဲ့ညီညီအောင်ထက်နိုင်တို့ရဲ့မိခင်ဟာဆိုရင်ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ အိမ်စားရိတ်အတွက် ငါးခြောက်၊ပုဇွန်ခြောက်တွေရောင်းချခွင့်ပြုပါလို့ပြောဆိုပြီး ဈေးရောင်းနေတာကိုလူမှုကွန်ရက်စာမျက်နှာမှာတွေ့ရတယ်လို့ နီးစပ်သူတွေကပြောပါတယ်။

 

လက်ရှိမှာတော့ အမြွှာညီအကိုနှစ်ဦးရဲ့မိခင်ဖြစ်သူ ဒေါ်ဝင်းမာကိုစစ်ကောင်စီတပ်တွေကဖမ်းဆီးခေါ်ဆောင်သွားပြီးနေ့လည်ပိုင်းအထိနေအိမ်ရှေ့မှာ စစ်ကောင်စီကားတွေရပ်ပြီး စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်။

 

 

ဘီဘီစီမြန်မာပိုင်း

 

ဓာတ်ပုံ – Social Media

 

ပုံစာ- ကိုညီညီအောင်ထက်နိုင်နဲ့မိခင်ဖြစ်သူဒေါ်ဝင်းမာ (ပုံဟောင်း)

 

#bbc

Be the first to comment

Leave a Reply

Your email address will not be published.


*