သတင်း နိုင်ငံတကာ By AFP 27 August 2021 ကဘူးလ်လေဆိပ်မှာ အိုင်အက်စ် အသေခံသမားတွေ ဗုံးခွဲတာကြောင့် လူ ဒါဇင်များစွာ သေဆုံး

သတင်း နိုင်ငံတကာ By AFP 27 August 2021

ကဘူးလ်လေဆိပ်မှာ အိုင်အက်စ် အသေခံသမားတွေ ဗုံးခွဲတာကြောင့် လူ ဒါဇင်များစွာ သေဆုံး

 

ဩဂုတ်လ ၂၇ ရက်၊

 

တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်နိုင်ငံကနေ ထွက်ပြေးလွတ်မြောက်ဖို့ မျှော်လင့်ချက်နဲ့ ကဘူးလ်လေဆိပ်အပြင်မှာ စုရုံးရောက်ရှိနေတဲ့ လူအုပ်ကြီးကို အစ္စလာမ္မစ်နိုင်ငံတော် အိုင်အက်စ် အသေခံဗုံးခွဲသမားတွေက ကြာသပတေးနေ့မှာ ဗုံးခွဲတိုက်ခိုက်တာကြောင့် အမေရိကန်စစ်သား ၁၂ ဦးအပါအဝင် လူဒါဇင်များစွာ သေဆုံးပါတယ်။

 

ဗုံးခွဲမှု နှစ်ကြိမ်မှာ လူ ၁၃ ဦးကနေ ၂၀ ကြား သေဆုံးတယ်လို့ နိုင်ငံရဲ့ အုပ်ချုပ်သူအသစ် တာလီဘန်တွေက ပြောပါတယ်။ သေဆုံးသူဦးရေက ၆၀ အထိ ရှိနိုင်တယ်ဆိုပြီး အစိုးရဟောင်းက ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

 

အခု လေဆိပ်တိုက်ခိုက်မှုဟာ မိမိတို့ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်အုပ်စုက အတည်ပြုတာကြောင့် နိုင်ငံကနေ အလုအယက် ထွက်ခွာနိုင်ရေး ကြိုးစားနေရသူတွေအတွက် ပိုပြီး အလောသုံးဆယ်ဖြစ်လာရသလို စိတ်နှလုံးကြေကွဲစရာလည်း ပိုဖြစ်လာရပါတယ်။

 

နောက်ပိုင်း သောကြာနေ့ နံနက်အစောပိုင်းမှာ ကဘူးလ်မှာ ကြီးမားတဲ့ ပေါက်ကွဲမှုကြီးကို ကြားရပါတယ်။ ဒီ ပေါက်ကွဲမှုကတော့ လေဆိပ်က ပစ္စည်းကိရိယာတွေကို အမေရိကန်တပ်တွေရဲ့ ထိန်းချုပ်ဖောက်ခွဲမှုဖြစ်တယ်လို့ တာလီဘန် ပြောခွင့်ရသူ ဇာဘီဟူလက်ရှ် မူဟာဟစ်က ထုတ်ပြန်ချက်မှာ ပြောဆိုပေမယ့် လွတ်လပ်စွာ အတည်မပြုနိုင်သေးပါ။

 

အမေရိကန်ဟာ သူ့ရဲ့ တပ်တွေကို ရုပ်သိမ်းဖို့နဲ့ အခြား အနောက်နိုင်ငံတွေကလည်း အကြီးစား လေကြောင်းကယ်ထုတ်မှုတွေ အဆုံးသတ်ဖို့ ဩဂုတ် ၃၁ ရက် နောက်ဆုံး သတ်မှတ်ရက် နီးလာချိန်မှာ အခု ပေါက်ကွဲမှုတွေ ဖြစ်ပွားတာပါ။ လက်ရှိအထိ လေကြောင်းကယ်ထုတ်မှုတွေကနေ လူပေါင်း တစ်သိန်းနီးပါးကို အာဖဂန်နိုင်ငံကနေ ကယ်ထုတ်ထားပြီး ဖြစ်ပါတယ်။

 

၂၀၁၁ ခုနှစ်ကစလို့ အာဖဂန်နစ္စတန်မှာ အမေရိကန်စစ်တပ်အတွက် တစ်ရက်တည်း အဆိုးဝါးဆုံး စစ်သားတွေ ကျဆုံးမှု ဖြစ်ခဲ့ရတဲ့ အခု ဗုံးခွဲတိုက်ခိုက်ခံရမှုအပြီးမှာ အာဖဂန် အကျပ်အတည်းကြောင့် သမ္မတနေရာအပေါ် အဓိက ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန် သမ္မတ ဂျိူးဘိုင်ဒင်က ဂရင်းနစ်စံတော်ချိန် ၂၁ နာရီ ၀၀ မိနစ်မှာ နိုင်ငံကို မိန့်ခွန်းပြောဆိုခဲ့ပါတယ်။

 

အမေရိကန်စစ်သား ၁၂ ဦး ကျဆုံးခဲ့ရတဲ့ ကဘူးလ်က အသေခံဗုံးခွဲမှု ကျူးလွန်သူတွေကို မြေလှန်ရှင်းလင်းသွားမယ်လို့ ဂျိူးဘိုင်ဒင်က ကတိကဝတ်ပြု ပြောဆိုပါတယ်။ “ကျွန်တော်တို့ ခွင့်မလွှတ်ဘူး၊ ကျွန်တော်တို့ မမေ့ပစ်ဘူး၊ ခင်ဗျားတို့တွေကို မြေလှန်ရှာပြီး တန်ကြေးပြန်ပေးဆပ်စေရမယ်”လို့ အိမ်ဖြူတော်ကနေ မိန့်ခွန်းပြောပြီး ကျဆုံး အမေရိကန်စစ်သားတွေကိုလည်း ‘သူရဲကောင်း’အဖြစ် ဂုဏ်ပြုခဲ့ပါတယ်။

 

ကဘူးလ်လေဆိပ်ဟာ ဩဂုတ် ၁၅ ရက်မှာ တာလီဘန်တွေ အာဏာပြန်ရပြီးနောက်ပိုင်း ပြည်ပက ထိန်းချုပ်ထားတဲ့ တစ်ခုတည်းသော နေရာဖြစ်ပြီး လွတ်မြောက်နိုင်ရေး မျှော်လင့်ချက်နဲ့ လူအုပ်လိုက် စုပြုံရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*