သောင်းရင်းနှင့် သံလွင် ဆုံရာ မြစ်ဆုံအနီးတွင် တိုက်ပွဲဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်သံများကြားရ

သောင်းရင်း နှင့် သံလွင် ဆုံရာ မြစ်ဆုံအနီးတွင် တိုက်ပွဲဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်သံများကြားရ

 

ရန်ကုန်၊ သြဂုတ် ၂၄

 

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ သောင်ရင်းမြစ်နှင့် သံလွင်မြစ်ဆုံရာ အနီးတဝိုက်တွင် သြဂုတ်လ ၂၃ ရက် ညနေပိုင်းက လက်နက်ကြီး ပစ်ခတ်သံများကြားရပြီး စစ်ကြောင်းထိုးလာသည့် BGF တပ်များနှင့် KNLA တပ်မဟာ ၅ တို့ တိုက်ပွဲဖြစ်ပွားကြောင်း ယုံကြည်ရသည့် ကရင်သတင်းမြစ်တစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

 

” သောင်ရင်းကနေတဆင့်လာတဲ့ BGF တွေ သူတို့က သံလွင်မြစ်ကို ထပ်ကူးတာ၊ အဲဒီဘက်မှာက KNU တပ်မဟာ ၅ ထိုင်ထားတဲ့ နေရာတွေ ရှိတယ်၊ အဲဒီနားမှာ ဖြစ်ကြတာ၊ တိုက်ပွဲအခြေအနေ အသေးစိတ်တော့ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။

 

ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့တချို့သည် သောင်းရင်းမြစ်ဝအောက်ဘက်ရှိ သံလွင်မြစ်ကမ်းက မယ်လယ်ထဆိုသည့်နေရာမှာ ကူးသွားပြီး တပ်မဟာ ၅ နယ်မြေဘက်ကိုသွားခဲ့ကြောင်း၊ သူတို့ဆင်းသွားပြီး အခုလိုလက်နက်ကြီးသံတွေကြားရလို့ ကေအန်ယူတပ်မဟာ ၅ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာဖြစ်နိုင်တယ်ဟု ဒေသခံသတင်းရင်းမြစ် Salween Press တွင်လည်း ဖော်ပြထားသည်။

 

မြစ်ဆုံဒေသအား ကရင်ဘာသာစကားအရ သူးမွဲဟု ခေါ်ဆိုပြီး အဆိုပါ ဒေသတွင် အကြမ်းဖက်စစ်တပ်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအပေါ် လုပ်ကြံရိုက်ကူးထားသည့် ဝါဒဖြန့်ရုပ်ရှင် “သူးမွဲထသစ္စာ” ဇာတ်ကားကို စစ်ကောင်စီပိုင် မီဒီယာများတွင် မကြာခဏ ထုတ်လွှင့်လေ့ရှိသည်။

 

အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံ BGF တပ်ဖွဲ့များသည် ကရင်အမျိုးသားအစည်းအရုံး နယ်မြေများသို့ ယခုရက်ပိုင်းတွင် အင်အားဖြည့် ထိုးစစ်ဆင်နေသောကြောင့် KNU ၏ တပ်မဟာ ၁ သထုံခရိုင်၊ တပ်မဟာ ၂ တောင်ငူခရိုင်၊ တပ်မဟာ ၃ ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၅ ဖာပွန်ခရိုင် (မူတြော်)၊ တပ်မဟာ ၆ ကြာအင်းဆိပ်ကြီးခရိုင် (ဒူးပလာယာ) တို့တွင် ထိတွေ့တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားလာသည်။

 

ကရင်အမျိုးသားအစည်းအရုံးသည် တပ်မဟာ ၇ ခုဖြင့် ဖွဲ့စည်းထားပြီး တပ်မဟာ ၄ ထားဝယ်ခရိုင်၊ တပ်မဟာ ၇ ဘားအံခရိုင် တို့မှ အပ ကျန် ၅ ခုတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*