အခက်အခဲတွေကြားက မူးယစ်သားကောင်တို့ရဲ့ အိမ်မက်(ဆောင်းပါး)

အခက်အခဲတွေကြားက မူးယစ်သားကောင်တို့ရဲ့ အိမ်မက်(ဆောင်းပါး)

 

ကချင်လေး၊ဩဂုတ် ၂၆

 

ကုသလို့မရနိုင်တဲ့ ရောဂါစွဲကပ်ခံရတာဟာ အမှောင်ထုထဲကနေ လမ်းကြောင်းအမှန်ပေါ် ပြန်ရောက်ရှိစေဖို့ တွန်းအားဖြစ်စေနိုင်တယ်ဆိုတာ သူဘယ်တုန်းကမှ မတွေးမိခဲ့တဲ့အရာပါ။

“ ကျွန်တော့်မှာ ကုလို့မရနိုင်တော့တဲ့ ရောဂါရှိပြီဆိုတာကို သိလိုက်ရတာက ဒီမူးယစ်နွံ့ထဲကနေ ရုန်းထွက်လာဖို့အတွက် တွန်းအားဖြစ်လာရတာပဲ ’’ လို့ မူးယစ်သားကောင်ဘဝကနေ ရုန်းထွက်လာနိုင်ခဲ့တဲ့ ကိုထွယ်ဆန်အောင် (အမည်လွဲ) က ဆိုပါတယ်။

တနိုင်း-ဟူးကောင်းဒေသဘက်က ပယင်းမှော်၊ကျောက်မှော်နဲ့ တောတွင်းသစ်ထုတ်လုပ်ရေး လုပ်ငန်းတို့မှာ အလုပ်လုပ်ကိုင်ခဲ့တဲ့ သူက နေ့စဉ်ပင်ပန်းမှုဒဏ်ကို ခံနိုင်ဖို့အတွက် ဘိန်းမဲကို ဆေးဖြစ်စတင်သုံးစွဲရာကနေ ဘိန်းမျိုးစုံကို တဖြည်းဖြည်းသုံးစွဲတက်လာပြီး အကြောထဲဆေးရည်ထိုးခဲ့တဲ့အခြေအနေအထိ ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

မူးယစ်သားကောင်ဘဝရောက်ရှိချိန် ငါးနှစ်ခန့်အကြာမှာတော့ ကိုထွယ်ဆန်အောင်တစ်ယောက် ဖျားနာခဲ့ပါတယ်။ အဖျားရောဂါကို ဆေးရုံတက်ကုသချိန်မှာ ခုခံအားကျဆင်းမှုရောဂါ ( AIDS) ဖြစ်စေတဲ့ HIV ပိုးကူးစက်ခံထားရတာကို သူ သိလိုက်ရတာပါ။

“ ကျနော် အဲဒီအချိန်က တော်တော်လေးကို ကြောက်သွားတယ်။ ငါသေရတော့မှာလား ဆိုတဲ့ အတွေးကြီးက ဝင်လာခဲ့တော့ တကယ်ကြောက်မိတယ်။ နောက်ပြီး အမေ့ကိုလည်း ကျွန်တော်မျက်နှာမပြရဲဘူး။ ညီမတွေကိုတောင် မျက်နှာပြဖို့ ကြောက်လာတယ်။ ရှက်လာတယ်။ ဒီလိုနဲ့ မူးယစ်ဆေးဖြတ်နိုင်ခဲ့သူတွေ စကားတွေကြားလိုက်ရတဲ့အချိန်မှာ ကျွန်တော်ကော သူတို့လို မဖြစ်နိုင်တော့ဘူးလားလို့ အတွေးတွေဝင်လာပြီး ကျွန်တော် ဆေးဖြတ်ဖို့အတွက် ပြင်ဆင်ခဲ့တယ် ” လို့ သူက ပြောပါတယ်။

အသက် ၂၇ နှစ်ရှိနေပြီဖြစ်တဲ့ ကိုထွယ်ဆန်အောင်ဟာ အသက် ၂၀ အရွယ်ကတည်းက မရှိတော့တဲ့ ဖခင်ရဲ့ မိသားစုတာဝန်ကို ပုခုံးလွဲပြောင်းယူခဲ့ရသူပါ။

ဆေးဖြတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့သူက ဘာသာရေးဆရာ တစ်ဦးရဲ့ အကူအညီနဲ့ တနိုင်းဒေသကနေ မြစ်ကြီးနားမြို့က မူးယစ်ဆေးဖြတ်ပေးတဲ့ လူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းကို ရောက်ရှိလာခဲ့ပါတယ်။

အဲဒီသင်တန်းကျောင်းက ခရစ်ယာန်ဘာသာဝင်တွေ ဦးစီးဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထ သင်တန်းကျောင်းပါ။

သင်တန်းကျောင်းရဲ့ ဦးဆောင်တာဝန်ခံဆရာတွေကိုယ်တိုင်က မူးယစ်နွံ့ထဲ နှစ်ပေါင်း ၁၅ နှစ်ကျော် နှစ်မြုပ်ခဲ့ရာကနေ ပြန်လည်ရုန်းထွက်နိုင်ခဲ့တဲ့သူတွေ တနည်းအားဖြင့် မူးယစ်ဆေး ဖြတ်နိုင်ခဲ့သူတွေပါ။

အဲဒီလိုအတွေ့အကြုံရှိခဲ့သူတွေကိုယ်တိုင် သင်တန်းဆရာ၊ ကျောင်းအုပ်ဆရာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မူးယစ်ဆေးဖြတ်သင်တန်းကျောင်းကို ကိုဆန်ထွယ်အောင် တက်ရောက်ဖြစ်တာက သူ့ရဲ့ကံကောင်းမှု တစ်ခုလို့ ဆိုလို့ရမှာပါ။

“အဓိကတော့ နှုတ်ကပတ်တော် ဖြစ်ပါတယ်။ နှလုံးသားထဲမှာ ဘုရားမရှိလို့ ဒီလို ဘုရားမကြိုက်တာမျိုးတွေ လုပ်မိတယ်လို့ ခံယူတော့ နှုတ်ကပတ်တော်သင်ကြားပေးတယ်။ ဘာသာပြောင်းဖို့မလုပ်ဘူး။ အထူးသဖြင့် မူယစ်ဆေးဖျက်ဖို့က ခဏလေးပဲ။ မူးယစ်ဆေးဝါးသုံးချင်တဲ့စိတ်ကို အဓိက ဖြတ်ပေးတယ်။ အဲဒီ မူးယစ်ဆေးဝါးသောက်ချင်တဲ့ စိတ်ကို နှုတ်ကပတ်တော်နဲ့ ဖြတ်ပေးတယ်။ အခုနောက်ပိုင်းကျတော့ အလုပ်တွေထဲမှာလည်း စိတ်နှစ်ပြီး ဒီဆေးသုံးချင်တဲ့စိတ်ကို ပျောက်သွားအောင် နှုတ်ကပတ်တော်နဲ့ အလုပ်နဲ့တွဲပြီး ဖြတ်ပေးနေတယ် ” လို့ မူးယစ်ဆေးဖြတ်သင်တန်းကျောင်းဆရာ ဦးဘရန်မိုင်က ပြောပါတယ်။

ဆေးဖြတ်သင်တန်းကျောင်းကို အသက် အသက် ၁၇ နှစ်ကနေ အသက် ၆၀ ကျော်အထိ ဆေးဖြတ်ဖို့ လာရောက်ကြပြီး သင်တန်းရဲ့ သတ်မှတ်ကာလက တစ်နှစ်ဖြစ်ပါတယ်။ အစိုးရက ဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးဖြတ် ဆေးရုံနဲ့ သူတက်ရောက်နေတဲ့ မူးယစ်သင်တန်းကျောင်းရဲ့ ကွာခြားချက်က ဆေးရုံမှာ အသုံးပြုတဲ့ ဆေးဝါးအကူအညီနဲ့ သောက်ဆေးတွေ အသုံးမပြုတာပါ။

“မူးယစ်ဆေးဖြတ်တဲ့ ဆေးရုံတွေမှာက အဓိကတော့ ဘိန်းဖြူ၊ ဘိန်းမဲနဲ့ ယာဘတွေကို ဖြတ်ပေးတယ်။ တခြားမူးယစ်ဆေးဝါးတွေကိုတော့ ဖြတ်ပေးတာနည်းတယ်။ အားနည်းတယ်။ နောက်ပြီး သူတို့က ဒီမူးယစ်ဆေးဝါးတွေကို တခြားအစားထိုး ဆေးဝါးအကူအညီတွေနဲ့ ဖြတ်ပေးတာများတယ်။ ဥပမာ မက်သဒုန်းလို ဆေးဝါးအကူအညီမျိုးပေါ့။ အဲဒီမှာဘာဖြစ်လာလဲဆိုတော့ ဒီအကူအညီပေးနေတဲ့ အစားထိုး ဆေးဝါးတွေကို မသောက်ကြရတဲ့အခါမှာတော့ ပြန်ပြီးတော့ မူးယစ်ဆေးဝါးကို နဂိုအတိုင်းပြန်သုံးသွားကြတယ်။ နောက်ပြီး ဒီမူးယစ်ဖြစ်ဆေးရုံမှာက ဘိန်းဖြူ၊ ဘိန်းမဲ၊ ယာမတွေကိုမသောက်ရင်ပြီးရော ဆေးလိပ်တို့၊ အရက်တို့ကို အဲဒီလာက်ကြီး ဖြတ်မပေးဘူးပေါ့နော်။ တခြားအစားထိုး ဆေးဝါးအကူအညီနဲ့ ဖြတ်ပေးတယ်ဆိုတော့ ကျနော်တို့နဲ့ ကွာခြားချက်ရှိလိမ့်မယ် ” လို့ ဆရာဘရန်မိုင်က ဆိုပါတယ်။

ဒီမူးယစ်ဖြတ် သင်တန်းကျောင်းမှာတော့ သင်တန်းသားတွေက အခြားအစားထိုး ဆေးဝါးအကူအညီတွေကို မရယူဘဲ ယင်းထပြီဆိုရင် ရေချိုးပြီး ဆေးဖြတ်လာသူအချင်းချင်း ထိန်းကျောင်း ဆေးဖြတ်တဲ့စနစ်ကို အသုံးပြုတာပါ။ အားလပ်ချိန်တွေမှာလည်း ကိုယ်ဝါသနာပါရာ စိတ်နှစ်ထားနိုင်ဖို့ သင်တန်းကျောင်းက ပြင်ဆင်ပေးထားပါတယ်။

ခရစ်ယာန်ဘာသာရေးကို အမှီပြုပြီး ဖွင့်လှစ်ထားတာဖြစ်တဲ့အတွက် ဘာသာရေးဆိုင်ရာ သမ္မာကျမ်းစာကိုတော့ နေ့စဉ်သင်ကြားကြရပြီး၊ သင်တန်းသားတွေရဲ့ ကိုးကွယ်ယုံကြည်မှု အပိုင်းကိုတော့ ပြုပြင်ပြောင်းလဲပေးမှု မလုပ်ပေးတာကိုလည်း တွေ့ခဲ့ရပါတယ်။

သင်တန်းကျောင်းမှာ ကချင်ပြည်နယ်က မူးယစ်သားကောင်တွေအပြင် နိုင်ငံတစ်ဝန်းက မူးယစ်ဆေးစွဲသူတွေ လာရောက်ဆေးဖြတ်နေကြတာပါ။ သင်တန်းအပြီး နေရပ်ပြန်ကြသူတွေရှိသလို လုပ်အားပေးအဖြစ် သင်တန်းကျောင်းမှာ ဆက်နေကြသူတွေလည်းရှိပါတယ်။

သင်တန်းကျောင်းကနေ နေရပ်ပြန်သွားတဲ့ သူတွေထဲက ၆၀ ရာခိုင်နှုန်းက မူးယစ်သားကောင်းဘ၀ ပြန်လည်ရောက်ရှိသွားပြီး ၃၀ ရာခိုင်နှုန်းကတော့ မူးယစ်နွံထဲက အပြီးတိုင်ရုန်းထွက်နိုင်ခဲ့ကြပါတယ်။ ကျန် ၁၀ ရာခိုင်နှုန်းကတော့ မူးယစ်နွံ့ထဲမှာပဲ ကိုယ့်ကိုယ်ကို လက်လွတ်အရှုံးပေးလိုက်ကြရပါတယ်။

မူးယစ်ဆေးဖြတ် တာဝန်ခံဆရာ ဦးဘရန်မိုင်ကတော့ “ရာခိုင်နှုန်းအနေနဲ့ ကြည့်ရင်တော့ စိတ်ဓာတ် ကျစရာကောင်းတယ်။ အများအားဖြင့်က ဒီနွံ့ထဲမှာပဲ ပြန်ကျသွားတာတွေ့ရတယ်။ ကျောင်းပြီးသွားလို့ မူးယစ်ဆေးနွံ့ထဲ ပြန်လဲကျတဲ့ ရာခိုင်နှုန်းအများကြီးကို မိဘတွေလည်းတွေ့တော့ ဒီသင်တန်းကျောင်းတွေကို စိတ်မဝင်စားကြတာလည်း ဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့က တစ်ယောက်ပြောင်းလဲရင်လည်း တစ်ယောက်ပြောင်းလဲ၊ နှစ်ယောက်ပြောင်းလဲရင်လည်း နှစ်ယောက်ပြောင်းလဲဆိုပြီး ပြန်ပြီးတော့ လဲတဲ့သူတွေကိုရဲ့ ရာခိုင်နှုန်းကို မကြည့်ဘဲနဲ့ ကောင်းသွားတဲ့သူတွေကို ကြည့်ပြီး ခွန်အားယူပြီးမှ လုပ်ဆောင်နေတာဖြစ်တယ် ” လို့ ဆိုပါတယ်။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ဆိုရင် ဒီလို မူးယစ်ဆေးဖြတ် သင်တန်းကျောင်းအရေအတွက် ၅၀ အထိရှိပေမယ့် အစိုးရက တာဝန်ယူပြီး ဖွင့်ထားတဲ့ မူးယစ်ဆေးဖြတ် ဆေးရုံကတော့ တစ်ရုံပဲရှိပါတယ်။ မူးယစ်ဆေးရုံကို မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်ထားပြီး အစားထိုး ဆေးဝါးအကူအညီနဲ့ မူးယစ်ဆေးဖြတ်နေသူဦးရေ၇၀၀ ကျော် ရှိတယ်လို့ ပြည်နယ် ကုသရေးဆိုင်ရာ အချက်အလက်တွေအရ သိရပါတယ်။

မူးယစ်ဆေးဖြတ် လူငယ်ပြုစုပျိုးထောင်ရေးသင်တန်းကျောင်း အများဆုံးဖွင့်လှစ်ထားတာကတော့ မြစ်ကြီးနားမြို့မှာပါ။ မြစ်ကြီးနားမှာ အစိုးရက ဖွင့်ထားတဲ့ လူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်း တစ်ကျောင်းအပါအဝင် အနည်းဆုံး သင်တန်းကျောင်း ၂၅ ကျောင်းအထိရှိပါတယ်။

သင်တန်းကျောင်းတွေအားလုံးက ဘာသာရေးအပေါ်မှာ မှီခိုဖွင့်လှစ်ထားတာဖြစ်ပြီး သင်တန်းကျောင်း အားလုံးရဲ့ ရည်ရွယ်ချက်က မူးယစ်နွံ့ထဲ ရောက်နေတဲ့ သားကောင်တွေကို ပြန်လည်ဆွဲခေါ်ထုတ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

လူငယ်တွေအနေနဲ့ မိသားစုအတွင်းမှာ ဖြေရှင်းရမယ့် ပြဿနာတွေ၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာမှုတွေကြောင့် မူးယစ်ဆေးဝါးရဲ့ သားကောင် ဖြစ်နေရပါတယ်။

ကချင်ပြည်နယ်မှာ မူးယစ်ဆေးဖြတ် လူငယ်ပြုစုပျိုးထောင်ရေးသင်တန်းကျောင်းတွေ ရှိပေမယ့် မိဘတွေရဲ့ကူညီထောက်ပံ့မှုတွေက လိုအပ်နေဆဲပါ။ အဓိကကျတဲ့ မိဘတွေရဲ့ စိတ်ဝင်စားမှုက အားနည်းနေသေးတယ်လို့ တာဝန်ခံဆရာတစ်ယောက်ဖြစ် ဦးအောင်လီက ပြောပါတယ်။

“ဒီလိုသင်တန်းကျောင်းတွေကို အများဖြင့်တော့ သဘောမကျကြပါဘူး။ တချို့ကတော့ သဘောကျတာရှိပေမယ့် ဒီသင်တန်းကျောင်းကို ထောက်ပံ့လာတာမျိုးတော့ အားနည်းနေသေးတယ်။ ဘာကြောင့် သဘောမကျကြတာလဲဆိုတော့ ဒီမူးယစ်ဆေးသမားတွေကို ဖြတ်ပေးရင်လည်း ပြတ်မှာမဟုတ်ဘူး။ ပြန်ပြန်ပြီး သုံးကြမှာပဲဆိုပြီး ထင်ထားကြတယ်။ အဲဒီလိုလည်း မြင်ကြတယ်ပေါ့နော်။ နောင်လာနောက်ပေါက် သားသမီးတွေကိုပဲ မူးယစ်ဆေးဝါး မသုံးစွဲအောင် ဘယ်လို သွန်သင်ကောင်းမလဲဆိုတာမျိုးပဲ သူတို့က ပိုစိတ်ဝင်စားတယ်။ ဒီမူးယစ်ဆေးစွဲသူတွေကို ကယ်တင်တာမျိုးက စိတ်မဝင်စားကြဘူး။ ဒီလိုအမြင်တွေရှိနေတာဖြစ်တဲ့အတွက် ဒီသင်တန်းကျောင်းတွေကို ထောက်ပံ့တာ အားနည်းနေရတာပဲ။ အဓိကက ဘယ်လိုမျိုးနေရာတွေမှာပဲ ထောက်ပံ့ချင်လဲဆိုတော့ မိဘမဲ့ဂေဟာတို့၊ မျက်မမြင်ကျောင်းတို့၊ တခြားဘာသာရေးကျောင်းတွေမှာပဲ ပါဝင်ချင်ကြတယ်” ဟု ဆရာအောင်လီကဆိုပါတယ်။

ဒါပေမဲ့ ဒီလူငယ်ပြုစုပျိုးထောင်ရေး (မူးယစ်ဆေးဖြတ်စခန်း) သင်တန်းကျောင်းတွေ အားလုံးမှာ အထောက်အပံ့ရရှိရေးအပြင် အခြား စိန်ခေါ်ချက်ကြီး တစ်ခုရှိနေပါသေးတယ်။ အဲဒါကတော့ အမျိုးသမီးဆေးစွဲသူတွေကို ဆေးဖြတ်လက်ခံပေးဖို့ပါ။

မူးယစ်ဆေးစွဲ အမျိုးသမီးတွေဟာ မူးယစ်ဆေးဖြတ်ပြီး ပြောင်းလဲလာနိုင်ပေမယ့် သဘောသဘာဝအရ အားငယ်စိတ်နဲ့ သိမ်ငယ်မှုများစွာရှိနေနိုင်တဲ့ သူတို့စိတ်ကိုနားလည်ပြီး လုပ်ဆောင်ပေးဖို့က မူးယစ်ဆေးဖြတ် သင်တန်းကျောင်းတွေအဖို့ အထူးခက်ခဲရတာကြောင့် အမျိုးသမီးမူးယစ်ဆေးဖြတ်သူ လက်ခံမှု အားနည်းနေရသေးတာဖြစ်တယ်လို့ မူးယစ်ဆေးဖြတ်သင်တန်းကျောင်းက ဆရာမ ယိန်းမျော်က အခုလိုပြောပြပါတယ်။

“မူးယစ်ဆေးဝါးကြောင့် အမျိုးသမီးတွေက အမျိုးသားတွေထက် ဆုံးရှုံးနစ်နာရတာတွေက ပိုများတယ်။ ပိုခံစားခဲ့ရတယ်။ ဒါကြောင့် ယောကျ်ားလေးတွေထက် သူတို့ကို နည်းနည်းတော့ ပိုဂရုစိုက်ရတယ်။ အချိန်ပိုပေးရတယ်။ ညင်ညင်သာသာဆက်ဆံရတယ်။ မဟုတ်ဘူးဆိုရင် ငါတို့ကိုအနိုင်ကျင့်တယ်။ ငါတို့ကို တမင်သက်သက် ခွဲခြားတယ်။ ငါတို့ကို အထင်သေးတယ် အဲဒီလိုမျိုး အရမ်းခံစားလွယ်ကြတယ်။ အရမ်းထိခိုက်လွယ်ကြတယ် ” လို့ ဆရာမ ယိန်းမျော် ပြောပြပါတယ်။

လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းကတော့ ဒီလို မူးယစ်ဆေးစွဲနေကြတဲ့ အမျိုးသမီးတွေရဲ့ ပြုပြင်ပြောင်းလဲမှုကို နားလည်လက်ခံနိုင်မှု အားနည်းနေဆဲပါ။ အဲဒီအချက်ကြောင့်ပဲ မူးယစ်ဆေးစွဲ အမျိုးသမီးတွေ မူးယစ်ဆေးဖြတ်တဲ့နေရာတွေကို ရောက်မလာနိုင်သေးတာပဲ ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့နယ်အတွင်းက မူးယစ်ဆေးဖြတ် သင်တန်းကျောင်းကြီးတွေအပါအဝင် ဝိုင်းမော်မြို့နယ်နဲ့ ဖားကန့်မြို့နယ်တွေက မူးယစ်ဆေးဖြတ်သင်တန်းကျောင်းတစ်ချို့ကို သွားရောက်လေ့လာစုံစမ်းခဲ့ပါတယ်။ စုံစမ်းရရှိမှုအရ သင်တန်းကျောင်း ၂၀ ဝန်းကျင်မှာ မူးယစ်ဆေးလာရောက်ဖြတ်သူ အမျိုးသားဦးရေ ၂၀၀ ဝန်းကျင်ရှိပြီး အမျိုးသမီးဦးရေကတော့ ၁၀ ယောက်တောင်မပြည့်ပါဘူး။

ကချင်ပြည်နယ်အပါအဝင် နိုင်ငံအနှံအပြားမှား မူးယစ်ဆေးစွဲသူတွေရှိနေပါပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေတွေအရ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ပပျောက်အောင် ဆောင်ရွက်နိုင်ဖို့ အခက်အခဲတွေရှိနေဆဲပါ။ ကချင်ပြည်နယ်မှာ မြန်မာကျပ်ငွေ ၁၅၀၀ ရှိရုံနဲ့ မူးယစ်ဆေးဝါးကို အလွယ်တကူ ဝယ်ယူရရှိနိုင်လောက်အောင် ရောင်းချသူတွေလည်း ပေါများလှပါတယ်။ အများဆုံး ဝယ်ယူသုံးစွဲ ရောင်းချနေကြတာကတော့ ဘိန်းမည်းနဲ့ယာဘပါ။ ပြည်နယ်အတွင်းက ဒေသခံလူထု အခြေပြုအဖွဲ့အစည်းတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကတော့ ကချင်ပြည်နယ်က လူငယ် ၇၀ ရာခိုင်နှုန်းခန့်က မူးယစ်ဆေးစွဲနေကြတယ်လို့ ခန့်မှန်းထားကြပါတယ်။

ဓာတုမူးယစ်ဆေးဝါးအဖြစ် ပြုပြင်ပြောင်းလဲမှု မပြုလုပ်ခင် ကုန်ကြမ်းထုတ်လုပ်မှုကို ကချင်ပြည်နယ်ထဲမှာပဲ အများဆုံး စိုက်ပျိုးထုတ်လုပ်နေကြပါတယ်။ ကချင်ပြည်နယ်မှာ ပူတာအိုခရိုင်အတွင်းက ပူတာအိုမြို့နယ်အပါအဝင် ဆွမ်ပရာဘွမ်မြို့နယ်၊ ဝိုင်းမော်မြို့နယ်ထဲက ဆဒုံးမြို့၊ ကန်ပိုက်တည်မြို့ အစရှိတဲ့ မြန်မာ – တရုတ် နယ်စပ်တောင်ပေါ်ဒေသများမှာ ဘိန်းကိုစိုက်ပျိုးနေကြပြီး၊ တနိုင်း ဟူးကောင်းချိုင့်ဝှမ်းဒေသ ဘက်မှာလည်း ဒေသခံတွေက အခုချိန်ထိ ဘိန်းကိုစိုက်ပျိုးနေကြဆဲ ဖြစ်ပါတယ်။ အဲဒီဒေသတွေက လက်နက်ကိုင်တပ်ဖွဲ့တွေရှိတဲ့ ဒေသတွေဖြစ်ပါတယ်။

မြန်မာ – တရုတ် ချစ်ကြည်ရေးနယ်စပ် တောင်ပေါ်မြို့လေးတွေဖြစ်တဲ့ ဆဒုံနဲ့ကန်ပိုက်တည်လို တောင်ပေါ်မြို့တွေဆိုရင် အာဏာသိမ်းစစ်ကောင်စီက အသွင်ပြောင်းပေးထားတဲ့ BGF တပ်ဖွဲ့လို နယ်ခြားစောင့်တပ်တွေ က ထိန်းချုပ်ထားပါတယ်။ အဲဒီတောင်ပေါ်မြို့တွေက ကချင်ပြည်နယ်မှာ ဘိန်းအများဆုံးစိုက်ပျိုးကြတဲ့ ဒေသတွေ ဖြစ်ပါတယ်။

ဘိန်းစိုက်ပျိုးရေးကို ဒေသခံတိုင်ရင်းသားများတွေတင်မကဘဲ တခြားတိုင်းတပါးသားတွေကပါ ငွေကြေးအရင်းအနှီး အလုံအလောက် စိုက်ထုတ်ပေးပြီး ဒေသခံတွေကို စိုက်ပျိုးခိုင်းကြပါတယ်။ ဒီလိုဘိန်းစိုက်ပျိုးမှုမှာ ရင်းနှီးမြုပ်နှံတဲ့ လုပ်ငန်းရှင်အများစုက တရုတ်လူမျိုးတွေပဲ ဖြစ်ပါတယ်။

“ဒီဘိန်းခင်းလုပ်တာက ဝင်ငွေတော်တော်ကောင်းတယ်ဆိုတော့ စိုက်ကြတာပေါ့။ တရုတ်လောပန်းတွေကလည်း စိုက်ဖို့အတွက် ငွေတွေလည်းပေးကြတယ်။ နောက်ပြီး ဝယ်လဲဝယ်ပေးတယ် ” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဘိန်းပေါ်တဲ့ရာသီကာလများမှာ ဘိန်းဖြု၊ ဘိန်းမည်းများစွာကို လိုသလောက် ရနိုင်သလို လာရောက်ဝယ်ယူသူလည်း ပေါများတယ်လို့ ဆိုပါတယ်။ အဆိုပါကာလတွေမှာ ဘိန်းတစ်ပိသာကို တရုတ်ငွေ အနည်းဆုံး ယွမ၁,၀၀၀ ရတယ်လို့ ဒေသခံများထံကနေ သိရပါတယ်။

ပြည်နယ်တစ်ခုလုံးမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်တာတွေနဲ့ ပက်သက်ပြီး အစိုးရအဆက်ဆက်က စနစ်တကျကောက်ယူထားတဲ့ အချက်အလက်တွေ မရှိပါဘူး။ ရုံးစာရွက်ပေါ်မှာ ခန့်မှန်းထည့်သွင်းထားတဲ့ ခန့်မှန်း အချက်အလက်တွေကိုလည်း ပြည်သူလူထုထံ ရှင်းလင်းဖော်ထုတ်ထားတာမျိုးလည်း မရှိခဲ့ပါဘူး။

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ထိန်းချုပ်ရာဒေသဘက်မှာတော့ အာဏာသိမ်း စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့အကြား ငြိမ်းချမ်းရေးရယူခဲ့တဲ့ ၁၉၉၃ ခုနှစ်ကာလအတွင်းမှာ ဘိန်းစိုက်ခင်းဖျက်ဆီးခြင်းကို စတင်လုပ်ဆောင်ခဲ့တယ်လို့ KIO သတင်းအချက်အလက်တွေအရ သိရပါတယ်။

KIO အစိုးရက ၂၀၁၈ – ၂၀၁၉ ခုနှစ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်တာနဲ့ပက်သက်ပြီး KIO ထိန်းချုပ်ရာဒေသနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသက နယ်မြေ ၁၉ ခုမှာ စစ်တမ်းတစ်ခုကို ကောက်ယူနိုင်ခဲ့ပါတယ်။ ဒီလိုကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ကချင်ပြည်နယ် တစ်ပြည်နယ်လုံး အတိုင်းအတာအနေနဲ့ ဟက်တာ ၆,၉၁၈ ဒဿမ ၂၃ ခန့်မှာ ဘိန်း စိုက်ပျိုးထားတယ်လို့ ဆိုပါတယ်။

ဒီပမာဏက ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ United Nation Office on Drugs and Crime (UNODC ) ကထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးရဲ့ ဘိန်းစိုက်ပျိုးဧက ဟက်တာ ၃,၄၀၀ ခန့်ရှိတယ်ဆိုတဲ့ စစ်တမ်းထက်ကို နှစ်ဆကျော်များနေတာပဲ ဖြစ်ပါတယ်။ UNODC က ထုတ်ပြန်ထားတဲ့ ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု လျော့ကျလာပြီဆိုတဲ့ အချက်အလက်က မှားယွင်းတယ်လို့ KIO ဗဟိုအစိုးရက အခိုင်အမာ ငြင်းဆိုထားပါသေးတယ်။

ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေကို စစ်တမ်းတွေကောက်ယူခဲ့တဲ့ UNODC က ကချင်ပြည်နယ်အတွင်းက ဘိန်းစိုက်ပျိုးထုတ်လုပ်နေရာဖြစ်တဲ့ ပူတာအိုဒေသနဲ့ ဆွမ်ပရာဘွမ်ဒေသဘက်က စစ်တမ်းတွေကို မကောက်ယူနိုင်တာကြောင့် ကွာခြားတာဖြစ်တယ်လို့ KIO ဗဟိုအစိုးရရဲ့ အချက်အလက်အရ သိရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းမှာတော့ ဘိန်းစိုက်ပျိုးထားတဲ့ စိုက်ခင်းဧက ၃,၁၉၂ ဒဿမ ၄ ဟက်တာခန့် ရှိတယ်လို့ KIO စစ်တမ်းတွေက ဖော်ပြထားပါတယ်။ ဒီဘိန်းစိုက်ခင်းတွေအားလုံးက ပြည်သူ့စစ်တွေ၊ BGF လိုအသွင်ပြောင်းထားတဲ့ နယ်ခြားစောင့်တပ်တွေအပြင် အာဏာသိမ်းစစ်ကောင်စီတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ စိုက်ပျိုးထားတာပါ။

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးဆိုင်ရာမူဝါဒ နှစ် ၂၀ စီမံကိန်း(၁၉၉၉ – ၂၀၁၉) က ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ကုန်ဆုံးပါတယ်။ အစိုးရအဆက်ဆက်က ဒီမူးယစ်ဆေးဝါးဆိုင်ရာမူဝါဒ နှစ် ၂၀ စီမံကိန်းကို အမျိုးသားတာဝန်တစ်ရပ်အနေနဲ့ ပုံဖော်ခဲ့ကြပါတယ်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပြီးမှာ လူထုထောက်ခံမှုနဲ့ ဖြစ်တည်လာမယ့် အစိုးရသစ်က ဒီလိုမူးယစ်ဆေးဝါးနဲ့ ပက်သက်တဲ့ နောက်ထပ်စီမံကိန်းတွေကို ဘယ်လိုပုံစံမျိုးနဲ့ ပုံဖော်ဆောင်ရွက်သွားမလဲဆိုတာကို မြန်မာနိုင်ငံလူထုတစ်ရပ်လုံးက မျှော်လင့်ခဲ့ကြပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရေး သမိုင်းတကျော့ပြန်ကာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်ယူသွားခဲ့ပြီး သိပ်မကြာခင်မှာပဲ တိုင်းရင်းသားဒေသတွေဘက်မှာ တိုက်ပွဲတွေက ပိုမိုပြင်းထန်လာပါတယ်။ အာဏာသိမ်းမှုအလွန်မှာ ဖြစ်တည်လာတဲ့ စစ်ဒဏ်တွေ၊ စီးပွားရေးခက်ခဲမှုတွေနဲ့ ကပ်ရောဂါဘေးတွေကလည်း မူးယစ်ဆေးဖြတ်သင်တန်းကျောင်းတွေအပေါ် ရိုက်ခက်မှုရှိလာပြီဖြစ်ပါတယ်။

ကိုယ်ထူကိုယ်ထဖွင့်လှစ်ခဲ့တဲ့ ဒီသင်တန်းကျောင်းတွေကို ဆေးဖြတ်လာသူတွေရဲ့ မိသားစုဝင်တွေက ဝင်ကြေးအဖြစ် တစ်နှစ်ကို ကျပ်တစ်သိန်းနှုန်း အရစ်ကျပေးဆောင်နေကြပေမယ့် အာဏာသိမ်းမှု အလွန်မှာ ဖြစ်ပျက်လာတဲ့ နိုင်ငံရေးအခြေအနေနဲ့ Covid-19 ကပ်ရောဂါတွေကြောင့် သင်တန်းကျောင်းကိုထည့်ဝင်တဲ့ ဝင်ကြေးတွေက နည်းပါးလာခဲ့ပါတယ်။ ဒီလိုထည့်ဝင်ကြေးတွေ နည်းပါလာတာနဲ့အမျှ ရေရှည်ဖွင့်လှစ်နေတဲ့ ဒီသင်တန်းကျောင်းတွေမှာ စားဝတ်နေရေး ကြပ်တည်းလာမှု အခက်အခဲတွေကြုံတွေ့လာရပါတယ်။

ခိုင်မာတဲ့ ပင်မဝင်ငွေမရှိတဲ့ ဒီမူးယစ်ဆေးဖြတ်သင်တန်းကျောင်းတွေက လက်ရှိအချိန်မှာ အလှုရှင်တချို့ရဲ့ ပေးလှူမှုတွေအပေါ် အဓိက မှီခိုအားထားနေရပါပြီ။ ဝေးလံပြီးသွားလာရ ခက်ခဲလွန်းတဲ့ ဒေသတစ်ချို့က မူးယစ်ဆေးဖြတ် သင်တန်းကျောင်းတွေကတော့ ဆေးဖြတ်သူအသစ်တောင် လက်မခံနိုင်တော့ဘဲ ပိတ်လိုက်ရတဲ့အခြေအနေတွေ ဖြစ်လာခဲ့ပါပြီ။ ဖားကန့်လုံးခင်း ရတနာမြေထဲက ဆေးဖြတ်သင်တန်းကျောင်းတွေကတော့ လက်ရှိမှာ ပိတ်လိုက်ရပါပြီ။

နိုင်ငံရေးနဲ့ ရောဂါကပ်ဘေး အခြေအနေတွေကြားထဲမှာ မူးယစ်နွံထဲကနေ ရုန်းထွက်ဖို့ ကြိုးစားချင်ကြတဲ့ သူတွေရဲ့ စိတ်ကူးအိမ်မက်တွေကကော တစ်ကယ်ပဲအကောင်အထည်ဖော်နိုင်မလား ဆက်လက်ပြီး ေ၀ဝါးနေဦးမလား ဆိုတာကိုတော တွေးမိရင် ရင်မောစရာပါ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*