အရင်က နိုင်ငံရေးအပြောင်းအလဲက ၂၀၀၈ ဖွဲ့စည်းပုံအောက်က သွားရလို့ ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ်နဲ့သွားခဲ့ရတယ်။

နိုင်ငံသစ်တည်မယ့်တော်လှန်‌ရေး

အရင်က နိုင်ငံရေးအပြောင်းအလဲက ၂၀၀၈ ဖွဲ့စည်းပုံအောက်က သွားရလို့ ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ်နဲ့သွားခဲ့ရတယ်။ ၁၀ နှစ်ကြာ ပြီးတဲ့အချိန်မှာ လိုချင်တဲ့ ဒီမိုကရေစီ နိုင်ငံရေးပန်းတိုင်ကို မရခဲ့ကြပါဘူး။ သို့သော် ဒီကာလအတွင်းမှာ ဦးဆောင်သူအပိုင်းကရော ပြည်သူအများစုကပါ နိုင်ငံရေးအသိအမြင်ပိုလာခဲ့ကြတယ်။ တစ်ချိန်က ဖက်ဒရယ် ဆိုရင် ခွဲထွက်ရေးမူလို့ ယုံကြည်လက်ခံခဲ့ကြတဲ့ စစ်ခေါင်းဆောင်တစ်ချို့ဟာ နိုင်ငံရေးတွန်းအားတွေကြောင့် ဖက်ဒရယ်ကို ပြောဖို့ဆိုဖို့ဖြစ်လာတယ်။ သို့သော် စစ်ခေါင်းဆောင်တွေကသာ နိုင်ငံကို အဓိကကာကွယ်သူဖြစ်ရမယ် ဆိုတဲ့တစ်ဖက်သတ်အမြင်တွေကြောင့် နိုင်ငံရေးဟာ ပြောင်းလဲသင့်သလောက်မပြောင်းလဲနိုင်ခဲ့ပါဘူး။

NLD ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားလာကြသလို နိုင်ငံတော်တည်ဆောက်ရေးမှာလည်း ပြည်သူကို ပိုပြီးမျက်နှာမူလာတဲ့အတွက် စစ်တပ်ရဲ့ နိုင်ငံရေးအမြတ်ထုတ်ခဲ့တဲ့လုပ်ရပ်တွေဟာ ပိုထင်ရှားလာခဲ့တယ်။ လမ်းပန်းဆက်သွယ်ရေးစနစ်တိုးတက်ကောင်းမွန်လာတာ၊ ကိုဗစ်ကာလအတွင်း ပြည်သူကို စောင့်ရှောက်မှုပြုတာ၊ လူမူရေးထောက်ပံမှုလုပ်တာတွေဟာ အရင်အုပ်ချုပ်သူတွေလက်ထက်မှာ မမြင်ခဲ့ရတဲ့ အရာတွေဖြစ်လို့ ကွဲပြားမှုဟာ သိသာလာခဲ့ပါတယ်။ အဓိကကတော့ ပြ ည်သူအပေါ်ထားတဲ့စေတနာပဲဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးကျွမ်းကျင်သူအများစု မထင်မှတ်ထားတဲ့ ရလဒ် ထွက်ခဲ့ပြီး NLD ဟာ မဲအများစုကိုအနိုင်ရရှိခဲ့ပါတယ်။

ဒီရလဒ်ဟာ စစ်ခေါင်းဆောင်တွေက အကွက်ချစီမံထားတဲ့နိုင်ငံရေးအခင်းအကျင်းအတွက် ကောင်းတဲ့ အရာမဟုတ်ပါဘူး။ စစ်ခေါင်းဆောင်များနဲ့ အပေါင်းအပါများအတွက် ရည်ရွယ်ခဲ့တဲ့ နိုင်ငံရေးအိပ်မက်တွေဟာ ပျက်ဆီးသွားပါတော့တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတောင် သူတို့ အနိုင်ရမယ်လို့ထင်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုတော့ ၂ ကြိမ်ဆက် အရှုံးနဲ့ရင်ဆိုင်လိုက်ရတော့ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားပိုင်းဆိုင်ရာမှာ ခြိမ်းခြောက်မှုရှိလာသလို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမ္မတဖြစ်ရေးအိပ်မက်ကလည်း ပျက်ပြယ်ခဲ့ရပါတယ်။ ဒါကြောင့်လည်းပဲ အကြမ်းဖက်အာဏာသိမ်းလိုက်တာဖြစ်ပါတယ်။ အခုတော့ သူ့ကိုသူ ဝန်ကြီးချုပ်အဖြစ် အရူးဘုံ‌မြောက်ထားတယ်။

စစ်အာဏာရှင်တွေနဲ့အပေါင်းအပါတစ်ချို့ ထင်ခဲ့တာက NLD ခေါင်းဆောင်တွေကိုထိန်းသိမ်းလိုက်မယ်၊ ဖြစ်လာမဲ့ လူထု ဖီဆန်မှုတွေကို အကြမ်းဖက်နှိပ်နှင်းလိုက်မယ်ဆိုရင် ပြီးပြီလို့ ယူဆခဲ့ဟန်ရှိတယ်။ သူတို့ဟာ ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းတာလုပ်မယ့် ၅မိနစ်စာ အတွက်ပဲ စဥ်းစားခဲ့တာြဖစ်တယ်။ ပွင့်လင်းတိုးတက်တဲ့ နိုင်ငံရေးအမြင်ရှိ လူငယ်တွေရဲ့ နိုင်ငံရေး အန်တုမှုကို လျော့တွက်ခဲ့တာဖြစ်တယ်။ သို့သော် လူငယ်လူရွယ်အများစုက ကိုယ်ကျိုးစွန့်အနစ်နာခံပြီး လူထုအုံကြွမှုတွေမှာ ဦးဆောင်လာကြတာ တစ်ပြည်လုံးက အုံကြွလာတဲ့အထိတာပါပဲ။ လမ်းပေါ်ထွက်တာ၊ အိမ်တိုင်းမှာ သံပုံးတီးတာ၊ လက်သုံးချောင်းထောင်တာ၊ ကျောင်းဆရာဆရာမ၊ ဆရာဝန်တွေနဲ့ ပြည်သူ့ဝန်ထမ်းတွေကလည်းအာဏာဖီဆန်ပြီး CDM လုပ်ကြသလို ဘဏ်ဝန်ထမ်းများအပါအဝင် အရပ်ဖက်ဝန်ထမ်းတွေကလည်း CDM မှာပါဝင်လာကြလို့ သူတို့ လွမ်းမိုးဖို့ ကြိုးစားထားတဲ့ အုပ်ချုပ်ရေး ယန္တရားကြီးက ရပ်သွားလိုက်တာ အခုထိပါပဲ။

အစကပြည်သူတွေတောင်းဆိုခဲ့ကြတာက ရွေးကောက်ပွဲရလဒ် အသိအမှတ်ပြုရေး၊ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေပြန်လွတ်ရေးပါပဲ။ သို့သော် ငြိမ်ချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းတာတွေ လုပ်ကြတော့ လူထုကို နိုးဆွလိုက်တာပဲဖြစ်တယ်။ လူကြီးလူငယ်အားလုံးအတွက် စစ်အာဏာရှင်စနစ်ရဲ့ မင်းမဲ့စရိုက်ဆန်မှု၊ ကိုယ်ကျိုးစီးပွားရှေ့တန်းတင်မှုတွေကို ထပ်ပြီး မျက်ဝါးထင်ထင်မြင်လာကြလို့ စက်ဆုပ်ရွံ့ရှာလာပါတော့တယ်။ ဒီလိုနဲ့ အာဏာရှင်စနစ်ကို အမြစ်ဖျက်ဖို့ဖြစ်လာပါတော့တယ်။ ဒါဟာ အတွေးအခေါ်အပြောင်း၊ စနစ်ပြောင်းတော်လှန်ရေး (Revolution) ရဲ့အစဖြစ်ပါတယ်။

ဒီတော်လှန်ရေးမှာ ဒီမိုကရက်တစ်နိုင်ငံရေးအုပ်စုတွေအပြင် တိုင်းရင်းသားအင်အားစုတွေကလည်း အရှိန်အဟုန်နဲ့ ပူးပေါင်းကြတာ အားရစရာပါပဲ။ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ထူထောင်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်နေကြပါပြီ။ အတွေးအခေါ်တွေ၊ အယူအဆတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနေကြပါပြီ။ တူညီတဲ့ပန်းတိုင်ကို ဦးတည်နေကြပါပြီ။ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်ကို ပယ်ဖျက်ပြီး နိုင်ငံသစ်ကိုတည်ထောင်ဖို့အတွက် ပြင်ဆင်နေကြပါပြီ။

ပြည်သူပြည်သား၊ နိုင်ငံရေးသမားတွေနဲ့ တိုင်းရင်းသားတွေအား အားလုံးရဲ့စိတ်မှာ ဒီတော်လှန်ရေးဟာ အောင်မြင်ဖို့အတွက်ပဲဖြစ်တယ်။ အောင်မြင်ရမယ်၊ အောင်မြင်မယ်လို့ အပြည့်အဝယုံကြည်ပြီး ခက်ခဲမှုများစွာကနေ ကြိုးစားနေကြတာဟာ သမိုင်းမှာမရှိခဲ့ဖူးတဲ့ စုစည်းမှု၊ ညီညွတ်မှုနဲ့ ခိုင်မာမှုတွေနဲ့ နိုင်ငံသစ်ကို တည်ထောင်ဖို့ စိတ်ပိုင်းဖြတ်ပြီးဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ အောင်မြင်ဖို့သေချာနေပါပြီ။

စိုင်းခိုင်မျိုးထွန်း

Be the first to comment

Leave a Reply

Your email address will not be published.


*