အလုပ်သမားများအပေါ် ဖိနှိပ်သည့် ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံ ၁၀ခုတွင် မြန်မာနိုင်ငံပါ၀င်

အလုပ်သမားများအပေါ် ဖိနှိပ်သည့် ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံ ၁၀ခုတွင် မြန်မာနိုင်ငံပါ၀င်

မဇ္ဈိမ

မြန်မာနိုင်ငံသည် အလုပ်သမားများ ဖိနှိပ်ခံရသည့် ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံ ၁၀ခုစာရင်းတွင် ပါ၀င်လာကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (ITUC) ၏ ၂၀၂၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးညွှန်းကိန်း၌ ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁ရက် နောက်ပိုင်း အာဏာသိမ်းစစ်‌ကောင်စီ တပ်ဖွဲ့များသည် ဒီမိုကရေစီပြန်လည်ရရှိရေး တောင်းဆိုနေကြသည့် ဆန္ဒပြပြည်သူလူထုများအပေါ် နှိပ်ကွပ်ဖြိုခွင်းမှုများ ပြုလုပ်‌ခဲ့သည်။ ထိုသို့သော အခြေအနေများကြောင့် မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်အတွင်း ပြည်သူလူထုအပေါ် ဖိနှိပ်မှုပြုလုပ်သည့် နိုင်ငံစာရင်း ဝင်ရောက်ခဲ့ခြင်းဖြစ်‌ကြောင်း ITCU ၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

မြန်မာပြည်သူများ ကြုံတွေ့‌ နေရသည့် အခြေအနေများနှင့် ပတ်သက်၍ “ပိုမိုတိုးမြှင့်လာတဲ့ ရက်စက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်” ITUC က မှတ်ချက်ပြုရေးသားထားသည်။

“မြန်မာစစ်တပ်ဟာ လွတ်လပ်စွာပြောဆိုမှုကို ထိန်းချုပ် ဖိနှိပ်ဖို့အတွက် ဆိုက်ဘာဥပဒေတစ်ခုကို ပြဋ္ဌာန်းဖို့စီစဉ်ခဲ့ပြီး သူရဲ့ ဖိနှိပ်ဖြိုခွင်းမှုကို လုံးဝအလျှော့မပေးဘဲ ဆက်လက်လုပ်ဆောင်ခဲ့တာပါ” ဟုလည်း ITUC က အစီရင်ခံစာမှတစ်ဆင့် ဝေဖန်ရေးသားထားသည်။

ITUC ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၊ ဘီလာရု၊ ဘရာဇီး၊ ကိုလံဘီယာ၊ အီဂျစ်၊ ဖီလစ်ပိုင်၊ တူရကီ၊ ဇင်ဘာဘွေ၊ Honduras အစရှိသည့် နိုင်ငံများနှင့်နည်းတူ အလုပ်သမားများအတွက် ကမ္ဘာ့အဆိုးရွားဆုံး နိုင်ငံအဖြစ် ဖော်ပြခံရခြင်းဖြစ်သည်။ မြန်မာနှင့် ဘီလာရုနိုင်ငံ နှစ်နိုင်ငံသည် ယခုနှစ်တွင် ထပ်မံ၍ အဆိုပါညွန်းကိန်းတွင် ပါဝင်လာခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPက စုစည်းထားသည် စာရင်းအရ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် ကျဆုံးခဲ့ရသူ ဦး‌ရေမှာ ဩဂုတ် ၁၂ ရက် အထိ ၉၆၈ ဦးရှိပြီဖြစ်သည်။

ဩဂုတ် ၁၃ ရက်ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူမှာ စုစုပေါင်း ၅,၅၀၀ ကျော် ရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရခြင်းဖြစ်‌ကြောင်း သိရသည်။ ယင်းအပြင် ပြစ်ဒဏ်ကျခံရသူထဲတွင် အသက် ၁၈ နှစ်အောက် လူငယ် နှစ်ဦး ပါဝင်ပြီး ၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရသည့်အပြင် ဖမ်းဝရမ်းထုတ်ခြင်း ခံထားရသောကြောင့် တိမ်းရှောင်နေသူဦး‌ရေ ၁,၉၈၄ဦး ရှိကြောင်း AAPP ၏စာရင်းများတွင် ဖော်ပြထားသည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*