အာဆီယံအထူးကိုယ်စားလှယ်က တရားဝင်ဆက်သွယ်လာခြင်း မရှိသေးဟု NUG ပြော 

အာဆီယံအထူးကိုယ်စားလှယ်က တရားဝင်ဆက်သွယ်လာခြင်း မရှိသေးဟု NUG ပြော

 

မဇ္ဈိမ

 

မြန်မာ့အရေး ဦးဆောင်ဖြေရှင်းရန် ခန့်အပ်ခံထားရသည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စား လှယ် ဘရူနိုင်းနိုင်ငံ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အစိုးရကို တရားဝင် ဆက်သွယ်လာခြင်း မရှိသေးကြောင်း NUG ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောသည်။

 

ယနေ့ (ဩဂုတ်လ ၂၄ ရက်) ညပိုင်းက ကျင်းပပြုလုပ်သည့် NUG အစိုးရ သတင်းစာရှင်းလင်းပွဲတွင် NUG နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးက သတင်းထောက်များကို ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။

 

“အခုထက်ထိတော့ ကျွန်တော်တို့ကို တရားဝင်ပေါ့လေ။ တရားဝင်ဆက်သွယ်လာတာ မရှိသေးပါဘူး။ တရားဝင်ဆက်သွယ်လာတာ မရှိသေးတဲ့အတွက်ကြောင့်လည်း သူနဲ့တရားဝင်ဆွေးနွေးဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး” ဟု ဦးမိုးဇော်ဦးက ပြောသည်။

 

အာဆီယံ အထူးကိုယ်စားလှယ် ဘရူနိုင်းနိုင်ငံ၏ ဒုနိုင်ငံခြားရေးဝန်ကြီး Erywan Yusof သည် မကြာမီ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လာရောက်ရန်ရှိပြီး NUG နှင့် တွေ့ဆုံဆွေးနွေးရန် ရှိ၊ မရှိ အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ၎င်းက ပြောသည်။

 

အာဆီထိပ်သီး အစည်းအဝေး ခေါင်းဆောင်များ၏ သဘောတူညီမှု ဆုံးဖြတ်ချက် ငါးချက်အနက် တစ်ခုအပါ အဝင်ဖြစ်သည့် သက်ဆိုင်သူများအားလုံးနှင့် ထိတွေ့ပြီးမှ ပြဿနာကို ဖြေရှင်းဆောင်ရွက်ရမည် ဆိုသည့် အချက်ကို စောင့်ကြည့်နေကြောင်း ဦးမိုးဇော်ဦးက ဆိုသည်။

 

မြန်မာ့အရေးကို အာဆီယံက ထိထိရောက်ရောက်နှင့် မြန်မြန်ဆန်ဆန်လုပ်နိုင်မည်ဟု မမျှော်လင့်သော်လည်း အာဆီယံအထူးကိုယ်စားလှယ်က တွေ့ဆုံရန် တရားဝင်ဆက်သွယ်လာပါက NUG အနေဖြင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်းလည်း ဦးမိုးဇော်ဦးက ပြောကြားခဲ့သည်။

 

 

Mizzima

 

Be the first to comment

Leave a Reply

Your email address will not be published.


*