အာဏာသိမ်းပြီး ၆လအတွင်း ကရင်နီပြည်နယ်မှာ အဖမ်းခံရသူတစ်ရာကျော်နဲ့ သေဆုံးသူ ၈၀ ကျော်ရှိလာကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ထုတ်ပြန်

အာဏာသိမ်းပြီး ၆လအတွင်း ကရင်နီပြည်နယ်မှာ အဖမ်းခံရသူတစ်ရာကျော်နဲ့ သေဆုံးသူ ၈၀ ကျော်ရှိလာကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ထုတ်ပြန်

အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဖယ်ခုံအပါအဝင် ကရင်နီပြည်နယ်အတွင်းမြို့နယ်နဲ့ကျေးရွာတွေမှာ ဖမ်းဆီးခံရသူပေါင်း ၁၅ဝ ကျော်ရှိလာပြီး သေဆုံးသူ ၈၂ ဦးရှိလာတယ်လို့ကရင်နီလူ့အခွင့်အရေးအဖွဲ့ကသြဂုတ်လ ၁၇ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ ဒီအရေအတွက်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ သြဂုတ်လ၁ ရက်နေ့အတွင်း ကောက်ယူထားတဲ့စာရင်းတွေအရ ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ကရင်နီလူ့အခွင့်အရေးအဖွဲ့ကာတာဝန်ရှိသူတွေက ပြောပါတယ်။

” ဖေဖော်ဝါရီကနေ အခုချိန်ထိ ဖမ်းဆီးပြီးအသတ်ခံရတာ အလောင်းပြန်ပို့တာတစ်ယောက်ရှိတယ်။ နောက်ထပ်တစ်ယောက်ကျတော့ ဖမ်းဆီးပြီးမှ အိမ်ကိုပြန်ပို့တဲ့အခါ အိမ်မှာသေဆုံးသွားတာတွေရှိတယ်။ ဒီးမောဆိုအနောက်ဘက်နေ လွိုင်ကော်ဘက်ကို စစ်တပ်တွေပြန်ဆုတ်သွာတဲ့အချိန်မှာ လူသေအလောင်းတွေစုပြုံသတ်ထားတာတွေတွေ့ခဲ့တာရှိတယ်။ လမ်းဘေးမှာပြန့်ကျဲနေတာတွေ၊ တိုက်ပွဲတွေကြား ပစ်ခတ်ရင်းသေဆုံးတာတွေက ၅ဝ ဝန်းကျင်လောက်ရှိသလို စစ်ဘေးရှောင်ရင်း သေဆုံးရတာတွေလည်းရှိတယ် ” လို့ ကရင်နီအရပ်ဖက်အဖွဲ့အစည်းတွေက ကောက်ယူထားတဲ့စာရင်းကို ကိုကားပြီး ကရင်နီလူ့အခွင့် အရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုဗညားက ဘီဘီစီကိုပြောပါတယ်။

ကရင်နီပြည်နယ်ထဲမှာ မေလလောက်ကစပြီး စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် ဒီးမောဆို၊ လွိုင်ကော် အနီးတဝိုက် ကျေးရွာတွေကနေ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်ခဲ့ရတာဟာ စစ်ဘေးရှောင်အရေအတွက် တစ်သိန်းဝန်းကျင်ထိဖြစ်ခဲ့တယ်လို့ဒေသခံလူမှု အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။ စစ်ဘေးရှောင်တွေများပြားလာပြီး စားနပ်ရိက္ခာအခက်ခဲတွေဖြစ်လာတဲ့ အခြေနေတွေကြောင့်ဒေသခံရပ်မိရပ်ဖတွေရဲ့ နှစ်ဖက်ညှိနှိုင်းမှုနဲ့ ဇွန်လထဲမှာပဲ ယာယီအပစ်အခတ်ရပ်စဲတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဘက်က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလိုထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းမှာပဲ လွိုင်ကော်မြို့ပေါ်နဲ့ဒီးမောဆို မြို့နယ်အနီးတဝိုက်မှာ လက်နက်ကြီးကျတာတွေ၊ စစ်ကောင်စီဘက်က ထိုးစစ်ဆင်တာတွေပြုလုပ်ခဲ့တယ်လို့KNDF နဲ့ ဒေသခံတွေဘက်က ပြောလာပါတယ်။ လက်ရှိမှာလည်း သြဂုတ်လ ပထမပတ်ကစလို့စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်လာတာကြောင့် ဖရူဆိုမြို့နယ်နဲ့ဖယ်ခုံမြို့နယ်အနီးက ကျေးရွာတွေ ထပ်မံစစ်ဘေးတိမ်းရှောင်ခဲ့ကြရတယ်လို့စစ်ဘေးရှောင် အရေးကူညီဆောင်ရွက်ပေးနေသူတွေကဆိုပါတယ်။

လက်ရှိမှာဆိုရင် ကရင်နီပြည်နယ်အတွင်း စစ်ဘေးရှောင်အရေအတွက်တစ်သိန်းနှစ်သောင်းဝန်းကျင်ထိရှိလာပြီလို့ ကရင်နီလူမှုအဖွဲ့အစည်းတွေကထုတ်ပြန်ပါတယ်။ ဒါ့အပြင် ကရင်နီပြည်နယ်အတွင်းတိုက်ပွဲတွေကြောင့် စစ်ရှောင်နယ်မြေကျဉ်းမြောင်းလာပြီး စားနပ်ရိက္ခာလိုအပ်ချက်တွေပိုများလာတဲ့အပြင် စစ်ရှောင်စခန်းတွေအထိ ကိုဗစ်ရောဂါကူးစက်မှုတွေလည်းရှိလာတဲ့အတွက် နိုင်ငံတကာအကူအညီပေးမှုတွေ အမြန်ဆုံးလိုအပ်နေတယ်လို့လည်း စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ ကရင်နီပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်KNDF ဘက်က တိုက်ပွဲသတင်းနဲ့အထိအခိုက်ကျဆုံးမှုတွေကိုဆက်တိုက်ထုတ်ပြန်ခဲ့ပေမယ့်စစ်ကောင်စီဘက်ကတော့ တိုက်ပွဲသတင်းနဲ့ပတ်သက်လို့ လက်ရှိမှာ ထပ်မံ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ – Free Burma Ranger – Karenni
ပုံစာ – ဖယ်ခုံမြို့နယ်လွယ်ဟွယ်ကျေးရွာအတွင်းက စစ်ဘေးရှောင်ရန်ပြင်ဆင်နေသည့်ရွာသားများ (ပုံဟောင်း)

Be the first to comment

Leave a Reply

Your email address will not be published.


*